Chapter 34

1.1K 98 0
                                    

အပိုင်း (၃၄)

ဓာတ်ပုံက ဓာတ်ပုံဖြစ်သော်လည်း ယခုအခါ ဤကဲ့သို့ နှိုင်းယှဉ်ကြည့်သည့်အခါတွင် ထိုစကားကို ယုံကြည်ဖို့ မဖြစ်နိုင်တော့ချေ။

လျို့ဟွားက မျက်မှောင်ကြုတ်ပြီး ဆုံးဖြတ်ချက် ချနေဟန် ပေါ်၏။ ထီကျစ်က ရွယ်ယန်၏လက်မောင်းထဲတွင် ကွေးနေပြီး သနားချင့်စဖွယ်ကောင်းစွာ နူးနူးညံ့ညံ့ ပါပီပေါက်စလေးလို နှစ်ကြိမ် အူသံပြုလာခဲ့သည်။

ရွယ်ယန်က ထီကျစ်ကို သူ(မ)မျက်နှာချင်းဆိုင်တွင် ကိုင်ပြီး အလွန် လေးနက်စွာဖြင့် ပြောလိုက်သည်။

"ထီကျစ် နင်က ဝံပုလွေပေါက်လေ ခွေးလေးမဟုတ်တော့ဘူး!"

ထီကျစ် : "...ဝုတ်"
အခု ခွေးဖြစ်လိုက်လို့မရဘူးလား?

မမျှော်လင့်ထားစွာဖြင့် ကလေးမလေးက အလွန် ဇွဲကောင်းနေခဲ့သည်။ သူ(မ)က ဖြူဖြူသေးသေး လက်နုနုလေးကို မြှောက်ပြီး လက်ချောင်းများကို ကွေးကာ 'ရက်စက်ကြမ်းကြုတ်' မည်ထင်သည့် ဝံပုလွေအော်သံကို တုပပြလာ၏။

"အာဝူး အာဝူး!"

ထို့နောက် ဝံပုလွေပေါက်စအား အလွန်လေးနက်စွာဖြင့် ပြောလိုက်သည်။

"ထီကျစ် နင် သဘောပေါက်ရဲ့လား နင် ငါလုပ်ပြသလို အူရမှာ!"

ထီကျစ် : "..."
ထီကျစ်တစ်ယောက် ရွယ်ယွိနှင့် ရွယ်ကျစ်အား အကူအညီတောင်းသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။

ရွယ်ယွိမှာ အခြေအနေက အနည်းငယ် အရေးတကြီးဖြစ်နေသည်ကို သိပေမယ့် သူ ရယ်ချင်နေမိတာကို ဘယ်လိုလုပ်ရပါ့မလဲ?

လျို့ဟွားက လက်တစ်ဖက်ဖြင့် ဘေဘီပေါက်စလေးကို မ,လိုက်ပြီး

"ဘာကို အူရမှာလဲ အခုချိန်က ဝံပုလွေတစ်ကောင်လို ပြုမူနေရမယ့် အချိန်လား"

ရွယ်ယွိက ကွန်ပြူတာကို ပိတ်လိုက်ပြီး

"အမေ..."

လျို့ဟွားက သူ့ကို စူးစိုက်ကြည့်လိုက်သည်။

"ဘာကို အမေလဲ ထီကျစ်က ဝံပုလွေတစ်ကောင်ဆိုတာ မင်း သိနေပြီးသားမှတ်လား"

ရွယ်ယွိက ငြင်းဆန်ရန် ကြိုးစားကြည့်လိုက်၏။

"ဒါက..."

ရွယ်ယန်ကို ကော်လာကနေ ကိုင်ထားပြီး သူ(မ)က လက်နှင့်ခြေများကို အဆက်မပြတ် ခါယမ်းကာ

"မေမေ မေမေ!"

လျို့ဟွား ကိုင်ထားသည့် ထီကျစ်မှာ အဝတ်စုတ်လေး တစ်ခုလို ပျော့ခွေနေ၏။ သူက အလွန်ဉာဏ်ထက်စွာဖြင့် ရုန်းကန်မရဲချေ။

လျို့ဟွားမှာ ကလေး‌မလေး၏ အော်ဟစ်ခေါ်နေသံကြောင့် ခေါင်းကိုက်လာရသည်။

"အားယန်! ပြဿနာရှာမနေနဲ့!"

ရွယ်ယန်က နာခံစွာဖြင့် ရုန်းကန်နေသည်ကို ရပ်တန့်သွားပြီးနောက် ချစ်ဖို့ကောင်းအောင် သရုပ်ဆောင်ပြတော့သည်။

"မား~~"

လျို့ဟွား၏အသံက ပြတ်သားနေ၏။

"မနက်ဖြန်... မဟုတ်ဘူး အခုပဲ ထီကျစ်ကို အဝေးပို့လိုက်တော့မယ်"

ရွယ်ယန်မှာ ရုတ်ခြည်း ကြက်သေသေသွား၏။

သူတို့တွေ ခုနလေးကတင်မှ ပျော်ပျော်ရွှင်ရွှင် ကစားနေကြတာမလား? ဘယ်လိုလုပ်ပြီး ထီကျစ်ကို အဝေးပို့မယ် ဖြစ်သွားရတာလဲ?

ကလေးမလေးမှာ အလွန်မှင်သက်မိသွားဟန်တူပြီး သူ(မ)က ငိုလည်း မငိုတော့သလို ပြဿနာလည်း မရှာတော့ဘဲ မျက်ဝန်းများက တိတ်တဆိတ် နီမြန်းသွား၏။

လျို့မန်မှာ အစက လျို့ဟွား ထီကျစ်ကို အဝေးပို့မည့်အကြံအား လုံးလုံး သဘောတူသော်လည်း ထိုအခြင်းအရာကို မြင်လိုက်ရချိန် ဒါက အလုပ်မဖြစ်လောက်ဘူးဟု ခံစားလာရသည်။

သူ(မ)က တစ်ခဏ ချီတုံချတုံဖြစ်နေပြီးနောက်မှ

"မဒမ် ကျွန်မတို့ ထီကျစ်ကို အဝေးမပို့ဘဲ ထားလိုက်ရအောင်လား"

လျို့ဟွားက ခေါင်းခါလိုက်သည်။

"ဝံပုလွေဆိုတဲ့အမျိုးက ယဉ်ပါးအောင် လုပ်လို့ရတာမဟုတ်ဘူး ငါတို့တွေ တစ်စက္ကန့်လောက် အမြင်ကွယ်နေတဲ့အချိန် အားယန်နဲ့ တခြားကလေးတွေကို သူ ကိုက်လိုက်ရင်ရော"

ထီကျစ်သည်လည်း ထူးထူးခြားခြား တိတ်ဆိတ်လို့နေ၏။ လျို့ဟွား၏ပူပန်မှုအား သူ နားလည်သော်လည်း သူ သူတို့ကို ရှင်းမပြနိုင်ပေ။

လျို့ဟွားက ရွယ်ယန်ကို ချလိုက်သော်လည်း ရုတ်တရက် သူ(မ)လက်ဖဝါးက စိုနေသည့်နေရာတစ်ခုကို ခံစားလိုက်ရသည်။

သူ(မ) ရွယ်ယန်ကို အံ့အားတသင့်ကြည့်လိုက်ပြီး ကလေးမလေးက တိတ်တဆိတ်နှင့် မျက်ရည်များကို သုတ်ပစ်နေ၏။

လျို့ဟွား အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး

"အားယန် ငိုပြတာက အသုံးမဝင်ဘူးနော်"

နောက်ဆုံးတွင် မည်သူကမျှ ဖျောင်းဖျမတားမြစ်နိုင်ခဲ့ပဲ ထီကျစ်ကို အဝေးပို့လိုက်ရသည်။

အစက ရွယ်ယန်မှာ တစ်ခဏ ငိုနေခဲ့သော်လည်း လျို့မန် ထီကျစ်အား ချီခေါ်ပြီး ထွက်သွားသည်ကို မြင်သည်နှင့် ရုတ်တရက် မေ့လဲသွားတော့သည်။

အဖိုးတန်ဆုံးသော သမီးငယ်က မေ့လဲသွားသည်အထိ ငိုနေခဲ့သည်ကို မြင်လျှင် လျို့ဟွားမှာလည်း ဆောက်တည်ရာမရတော့ချေ။ သူ(မ)က ကလေးမလေးအား ကူကယ်ရာမဲ့စွာဖြင့် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။

"အားယန် အားယန်!"

ချောင်းကျဲက မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်နေစေဖို့ ဖိအားပေးကာ ကလေးမလေးအား သွားစစ်ဆေးလိုက်ပြီး လျို့ဟွားကို နှစ်သိမ့်ပေးလိုက်သည်။

"အန်တီ အားယန်က အဆင်ပြေပါတယ် ကလေးက စိတ်ခံစားချက် တအားပြင်းထန်သွားလို့ပါ"

လျို့ဟွားက ရင်ခွင်ထဲမှ ကလေးမလေးအား ဗလာကျင်းစွာ ငေးကြည့်လိုက်သည်။ ရွယ်ကျစ်ကာ တစ်ခဏ ထိတ်ပျာသွားပြီး ချီတုံချတုံဖြင့် ဝင်ပြောလိုက်သည်။

"အမေ ထီကျစ်ကို မပို့ဘဲ ထားလိုက်ရအောင်လား အားယန် နေနိုင်မှာမဟုတ်ဘူး"

ရွယ်ယွိကလည်း ဝင်ဖျောင်းဖျကြည့်၏။

"ဟုတ်တယ် အမေ ထီကျစ်က အရမ်း လိမ္မာတာပဲဟာ..."

"ကလေးတွေက လွယ်လွယ်နဲ့မေ့သွားမှာပဲ ရက်အနည်းငယ်လောက်ဆို သူ စဉ်းစားတော့မှာမဟုတ်ဘူး"

လျို့ဟွားက သူတို့ကို ကြားဝင်ဖြတ်ပြောလိုက်ပြီး ရွယ်ယန်ကို အခန်းထဲသို့ ချီခေါ်သွားလိုက်သည်။

ရွယ်ယွိတစ်ယောက် မျက်ခုံးများကို ဖိလိုက်ပြီး ရုတ်တရက် ဘာလုပ်လို့လုပ်ရမှန်း မသိတော့ချေ။

သူ အပြင်သို့သွားပြီး ချီလင်းဟန်ကို ထီကျစ်အား ပြန်ခေါ်ထားပေးရန် အကူအညီတောင်းရန် ဟန်ပြင်လိုက်စဉ် သူ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။

အိမ်ထဲရှိ တစ်ဦးတည်းသော ဖုန်းရှိသည့် 'ကလေး' တစ်ဦး‌အနေဖြင့် ရွယ်ယွိမှာ ယခုအချိန်တွင် အနည်းငယ် ဘဝင်ခိုက်မိတော့သည်။

ယခုအချိန်က ခြွင်းချက်ဆို‌ပေမယ့်လည်း...။

သူက ဖုန်းကို ဖြေရင်းဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး လျို့မန်၏ အထူးတလည် တိုးဖျနေသည့် အသံကို ကြားလိုက်ရသည်။

"ရှောင်ယွိ မဒမ် ဘေးမှာရှိနေလား"

ရွယ်ယွိ တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သူကလည်း အသံကို တိုးလိုက်ပြီး

"အမေက အပေါ်ထပ်မှာ အားယန်နဲ့အတူ အိပ်နေတယ်"

လျို့မန်မှာ စိတ်သက်သာရာရသွားဟန်ပေါ်ပြီး

"ကောင်းတယ်... ငါ ခုလေးတင် ထွက်ပြီး ဘေးအိမ်က ရှောင်ချီနဲ့ဆုံလို့ သူပြောတာ အရင်ဆုံး ထီကျစ်ကို သူ့အိမ်မှာ ထားထားလိုက်ပါတဲ့ ငါတို့တွေ မဒမ်ကို ဖျောင်းဖျပြီးသွားတဲ့အခါကျရင် သူ ထီကျစ်ကို ပြန်ခေါ်လာပေးမယ်တဲ့"

ရွယ်ယွိမှာ နောက်ဆုံးတော့ သူ့ရင်ထဲမှ အလေးတုံးကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။

"ဒီလို‌ဆိုလည်း ကောင်းသားပဲ ကျွန်တော်တို့တွေ အခု ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားဖို့လိုမယ်"

ဖုန်းချပြီးသည်နှင့် ရွယ်ယွိမှာ မနေနိုင်အောင် သက်ပြင်းချမိတော့သည်။

ရွယ်ကျစ်က တစ်ခဏ တိတ်ဆိတ်သွားပြီးနောက်မှ

"ငါတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး အကုန်လုံးက အားယန်အပေါ်မှာပဲ မူတည်တယ်"

ချောင်းကျဲကလည်း မျက်လွှာချထားရင်းဖြင့်

"အားယန်က ထီကျစ်ကိုတော့ သေချာပေါက် မေ့သွားမှာ မဟုတ်ဘူး"

သူတို့အားလုံး ဒါကိုတော့ တခြားသူများထက် ကောင်းကောင်းနားလည်ထား၏။

အိပ်၍မပျော်နိုင်သော ညတာရှည်ကြီးပြီးနောက်တွင် လျို့မိသားစုအိမ်၏လေထုမှာ မှိုင်းညို့လို့နေ၏။

ရှန်နျန်နှင့် ယဲအန့်နင်တို့က ယနေ့တွင် အနည်းငယ် နောက်ကျမှ ရောက်လာခဲ့သည်။ အဝေးမှနေ၍ ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့ တံခါးနား၌ တစ်စုံတစ်ခုနှင့် ပတ်သက်ပြီး စကားပြောနေကြသည်အား လှမ်းတွေ့လိုက်ရသည်။

ယဲအန့်နင်က အနည်းငယ် ပဟေဠိဖြစ်သွား၏။

"နင်တို့ ဘာလုပ်နေကြတာလဲ အားယန်ရော ကလေးက ဒီရက်ပိုင်း အစောကြီး နိုးနေကျမဟုတ်ဘူးလား"

သုံးယောက်သားက တစ်ခဏ တိတ်ဆိတ်နေပြီး နောက်ဆုံးတွင်မှ ရွယ်ယွိက

"ငါတို့အမေ ထီကျစ်ကို မနေ့ညကပဲ အဝေးပို့လိုက်ပြီ"

ယဲအန့်နင် အံ့အားသင့်သွား၏။

"ဘာဖြစ်လို့လဲ?"

ရှန်နျန်သည်လည်း သိပ်မထူးမခြားနားပင်။

"အားယန်က သဘောတူတယ်တဲ့လား"

ချောင်းကျဲ၏အသံက တိုးဖျော့နေ၏။

"ကလေးကတော့ သဘောမတူဘူး မနေ့ညက သတိလစ်တဲ့ထိ ငိုနေတာ"

ယဲအန့်နင်သည်လည်း ရွယ်ယန်ငိုနေသံကို ခံနိုင်စွမ်း မရှိချေ။ သူ(မ)မှာ အလွန် သောကရောက်သွားရသည်။

"ငါ အားယန်ကို သွားတွေ့လိုက်အုံးမယ်"

ရွယ်ယန်က သူ(မ)ကို ခေါင်းကိုက်စွာဖြင့် လှမ်းတားလိုက်၏။

"ဘာအတွက်သွားမှာလဲ အားယန်က ခုထိ မနိုးသေးဘူး"

ရှန်နျန်မှာ စိုးရိမ်ကြီးလာပြီး

"ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲလို့"

"ဘာမှ လုပ်လို့မရဘူး အားယန်အပေါ်ပဲ မူတည်တာ"

ချီလင်းဟန်၏ အနည်းငယ် အေးစက်နေသောအသံက သူတို့အနောက်မှ ထွက်လာ၏။

ရွယ်ကျစ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး
"မင်းလက်ထဲက ဘာလဲ"

ချီလင်းဟန်က ပစ္စည်းကို သူတို့မြင်အောင် မြှောက်ပြလိုက်သည်။

"အရုပ် ထီကျစ်နဲ့တူအောင် လုပ်ထားပေးတာ အားယန်ကို ခဏနေ သွားပေးမလို့"

ယဲအန့်နင်က မျက်မှောင်ကြုတ်လိုက်ပြီး

"သူမြင်ရင် သေချာပေါက် ငိုတော့မှာပေါ့လို့"

ချီလင်းဟန်က နှုတ်ခမ်းထောင့်များကို ညွှတ်ကွေးလိုက်ပြီး

"ဒါပေမယ် အဒေါ်လျို့က အားယန်ငိုတာကို ကြည့်နေနိုင်မှာမဟုတ်ဘူးလေ"

ထိုအကြောင်းကြားသည်နှင့် သူတို့အကုန် သဘောပေါက်လိုက်သည်။ အကြံကောင်းမဟုတ်သော်လည်း ဒါက တစ်ခုတည်းသော နည်းလမ်းသာ ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း လျို့မန်က ကလေးတစ်အုပ်ကို တွေ့သည်နှင့် တံခါးဖွင့်ပေးလာပြီး ပြုံးကာ

"မင်းတို့အားလုံးရောက်နေကြတာပဲ လာကြလေ"

ယဲအန့်နင်မှာ မမေးဘဲ မနေနိုင်တော့သဖြင့်

"ကျဲကျယ်လျို့မန် အားယန် နိုးပြီလားဟင်"

လျို့မန်က ကူကယ်ရာမဲ့စွာ လက်များကို ဖြန့်လိုက်ပြီး
"သူ ခုလေးတင်မှ နိုးလာတာ နိုးလာတာနဲ့ စကားလည်း တစ်ခွန်းမှ မပြောသေးဘူး စောင်ထဲမှာပဲ တစ်ယောက်တည်း ကွေးနေတယ်"

ယဲအန့်နင်က နှုတ်ခမ်းကို စေ့ပြီး

"သမီးတို့ သွားကြည့်လို့ရမလား"

"သွားလေ မင်းတို့ အားယန်နဲ့ ဆော့ပေးပြီး သူ့ကို အားပေးလိုက်ရင်တော့ အကောင်းဆုံးပဲပေါ့"

လျို့ဟွား၏ အနည်းငယ် ပင်ပန်းနေဟန်ရှိသောအသံက လှေကားအပေါ်မှ ထွက်လာ၏။

စကားအများကြီး ဆိုမနေတော့ဘဲ ရွယ်ယွိနှင့် ကျန်သည့်သူများက ရွယ်ယန်အခန်းသို့
တည့်တည့်မတ်မတ် သွားလိုက်ကြသည်။ ချီလင်းဟန်ကလည်း အခြေအနေကို အခွင့်ကောင်းယူပြီး အဝတ်ရုပ်ကို အထဲ ယူလာခဲ့သည်။

ရွယ်ယန်၏အခန်းက သိပ်မကြီးပဲ နှစ်မီတာကျယ်သော ကုတင်ကျယ်ကြီးတစ်ခုက နေရာတစ်ဝက်နီးပါးကို ယူထားပြီး ဗီရိုအကြီးကြီးတစ်ခုကလည်း မသေးလှသော နေရာကို နေရာယူထားသေး၏။

သို့သော် ယခုအချိန်တွင် အလင်းရောင်အကောင်းဆုံးသော အခန်းက မှောင်မည်းလို့နေ၏။

ရွယ်ယွိက အခန်းထဲရှိ မီးကို စမ်းတဝါးဝါးဖြင့် ဖွင့်လိုက်ပြီးနောက် တစ်ချက်ကြည့်ရုံတည်းဖြင့် ကုတင်အလယ်တွင် စောင်အောက်ထဲ ကွေးနေသည့် ဖက်ထုပ်ပေါက်စလေးကို တွေ့လိုက်ရသည်။

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးOnde histórias criam vida. Descubra agora