အပိုင်း (၃၈)
လင်ရိဖုန်က သူ(မ)ဘေးပတ်လည်အား ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး
"ကိစ္စတွေက ဖြေရှင်းလို့တော့ ပြီးသွားပါပြီ အားလုံးပဲ အရင်ထိုင်လိုက်ကြပါအုံး ကြည့်ရတာ ကျွန်မတို့က ဆုံဖို့ကံပါလာကြတယ်နဲ့တူတယ်"
သူ(မ) ထိုသို့ပြောချိန်တွင် လျို့ဟွားကလည်း ထပ်မေးမြန်းခြင်း မပြုတော့ချေ။ ရှန်မိသားစု၏ အတွင်းရေးကိစ္စဟုသာ မှတ်ယူလိုက်သည်။
အန်းစီထုန်က ချောင်းဖွဖွဟန့်လိုက်ပြီး သူ(မ)၏ ခုနက ဒေါသတကြီးအပြုအမူအား အနည်းငယ် အရှက်ရသွားသည့်နှယ်။
သူ(မ)က ယခုလေးတင် သတိထားမိလိုက်သည့် ကလေးမလေးကို ကောက်ချီလိုက်ပြီး အနီးအနားရှိ ဆိုဖာပေါ် ဟန်မပျက် ဝင်ထိုင်လိုက်သည်။
"ကျွန်မက ချီလင်းဟန်ရဲ့အမေပါ ဒီကို မကြာသေးမီရက်ပိုင်းကမှ ပြောင်းလာတာ"
လျို့ဟွားက သူ(မ)ကို မျက်နှာပေါ်တွင် အနက်ရောင်လိုင်းများဖြင့် ကြည့်လိုက်ပြီး
"ဒီတော့ ကျွန်မသမီးကို ဘာလို့ မလွှတ်ဘဲ ချီထားတာလဲ"
အန်းစီထုန်က မကြားချင်ယောင်ဆောင်ထားပြီး ဂရုစိုက်မနေချေ။ သူ(မ)က အနှီ နူးနူးညံ့ညံ့ ချစ်စဖွယ်ပေါင်ပေ့လေးကို ချီထားချင်ရုံလေးဖြစ်သည်။
ရွယ်ယန်မှာ တစ်ချိန်လုံး အံ့အားသင့် မှင်သက်နေရပြီး နောက်ဆုံး အသိပြန်ဝင်လာသည့်အချိန် သူ(မ)အား လူစိမ်းအမျိုးသမီးတစ်ယောက်က ချီထားသည်ကို တွေ့လိုက်ရသည်။
သူ(မ)က ရူးအစွာ ပြုံးဖြဲဖြဲလုပ်ပြီး
"မမ မမက အရမ်းကို လှတာပဲ"
လျို့ဟွား : "..."
ရှက်ဖို့ကောင်းလိုက်တာမှ!
အန်စီထုန်း၏နှလုံးသားမှာ ချက်ချင်းဆိုသလို အရည်ပျော်သွား၏။
"အသည်းလေး ဒေါ်ဒေါ့်ကို အန်တီလို့ ခေါ်ရမှာကွဲ့"
ရွယ်ယန်က မျက်တောင်လေး ခတ်လိုက်သော်လည်း ထပ်မခေါ်တော့ချေ။
ချီလင်းဟန်မှာ အနည်းငယ် ကူကယ်ရာမဲ့နေပြီး
"အမေ အားယန်ကို မခြောက်ပါနဲ့"
အန်းစီထုန်တစ်ယောက် ရုတ်တရက် သားဖြစ်သူအား အလွန်အမင်း အမြင်ကတ်မိတော့သည်။
"ဒီကလေးက အားယန်လို့ခေါ်တာလား အရမ်းချစ်ဖို့ကောင်းတာပဲ နင်သာ သူ့တစ်ဝက်နီးနီး ချစ်ဖို့ကောင်းလို့ကတော့"
ချီလင်းဟန် : "..."
ဟုတ်ပါပြီ ဟုတ်ပါပြီ အမေက အမေပါပဲ။
ယဲဝမ်က ဘေးမှနေ၍ အနှီနွေးထွေးဖွယ်မြင်ကွင်းအား နူးညံ့သောအပြုံးဖြင့် ငေးကြည့်နေ၏။
ခဏအကြာ အချီခံထားရပြီးနောက်တွင် ရွယ်ယန်တစ်ယောက် ရုတ်တရက် ထီကျစ်ကို သတိရသွားပြီး အနောက်သို့ ရုန်းကန်ရင်း လှည့်ကြည့်ကာ
"ထီကျစ်!"
တစ်စုံတစ်ယောက်အား ကိုက်ရန် ကြံရွယ်နေသည့် ထီကျစ်က အနှောင့်ယှက်ခံရပြီးနောက်တွင် နှေးကွေးလေးကန်စွာဖြင့် တွားသွားလိုက်သည်။
"အာဝု အာဝု"
အန်းစီထုန်၏မျက်လုံးများက တောက်ပသွားပြီး
"ချစ်စရာပါပီလေးပါလား!"
ရွယ်ယန်က ဂုဏ်ဝင့်စွာဖြင့်
"ထီကျစ်က အားယန်ရဲ့ အကောင်းတကာ့ အကောင်းဆုံးသူငယ်ချင်းလေ!"
အန်းစီထုန်မှာ ဤကဲ့သို့ မင်းသမီးလေးမရှိခြင်းကြောင့် မရေမတွက်နိုင်လောက်အောင် နောင်တရသွားမိတော့သည်။ သူ(မ)မှာ မနေနိုင်အောင် ကလေးမလေး၏ မျက်နှာကစ်ကစ်လေးကို ဆွဲညှစ်လိုက်ပြီး
"တကယ်လား ဒါ့ကြောင့်ကိုး ထီကျစ်နဲ့ အားယန်တို့က အရမ်းချစ်ဖို့ကောင်းနေကြတာ!"
လျို့ဟွားက တစ်ခဏ ကြည့်နေပြီးနောက်မှ ပျင်းရိစွာဖြင့်
"အဲဒါ ခွေးမဟုတ်ဘူး ဝံပုလွေပေါက် သတိထား"
ထီကျစ်က ကလေးများနှင့် အကြိမ်များစွာ ထိတွေ့နေ၍ မိဘများအား သတိပေးထားသင့်သည်ဟု လျို့ဟွား ခံစားလိုက်ရသည်။ အကယ်၍ သူတို့ သူ့ကို လက်မခံပေးလျှင် သူ(မ)တွင် ရွေးချယ်စရာမရှိတော့ဘဲ သူ့ကို ခြံထဲတွင်သာ ထားထားရတော့မည်။
အန်းစီထုန်၏ပွတ်သပ်ပေးနေမှုက ဝံပုလွေပေါက်ဆိုသည့် အသံကို ကြားလျှင် တစ်ခဏ တန့်သွား၏။ သူ(မ)က သူ့အမြီးကိုကိုင်ပြီး ထီကျစ်ကို အနီးကပ် စစ်ဆေးကြည့်ပြီးနောက်တွင် မျက်လုံးများက ဝင်းလက်သွားပြီး
"အရမ်းမိုက်တာပဲ!"
လျို့ဟွာ : "..."
ရှောင်ရွယ်ယန်သည်တော့ ပိုလို့ပင် ဂုဏ်ဆာလာခဲ့ပြီး
"ဒါပေါ့! ပြီးတော့ သမီးတို့ထီကျစ်က အရမ်းအရမ်းကို လိမ္မာတာ!"
လင်ရိဖုန်က ပို၍ပင် ပုံမှန်ဖြစ်စွာ တုံ့ပြန်လာ၏။ သူ(မ)က တုံ့ဆိုင်းစွာဖြင့်
"ဝံပုလွေပေါက်က လူတွေကိုတော့ မကိုက်လောက်ပါဘူးနော်?"
ယဲဝမ်သည်လည်း ထီကျစ်အား စိုးရိမ်ကြီးစွာ ကြည့်လိုက်သည်။
ထိုအခြင်းအရာကို ကြည့်ပြီး ထီကျစ်က အန်းစီထုန်၏လက်ဖဝါးအောက် ရုန်းကန်ခြင်းမပြုဘဲ ညင်သာစွာ တိုးဝှေ့လိုက်သည်က သူက တကယ်မကိုက်တတ်ကြောင်းကို ပြနေသည့်အလားပင်။
လျို့ဟွားကလည်း ဝင်ပြောလိုက်၏။
"ထီကျစ်က အရမ်းလိမ္မာပါတယ် အရမ်းယဉ်တယ်"
လင်ရိဖုန်မှာ စိတ်ချသွားပြီး လက်ကို ဝှေ့ပြကာ
"ဒီလောက်ဆို ရပြီ အန္တရာယ်ကင်းဖို့က အဓိကပဲ"
ယဲဝမ်ကလည်း သက်ပြင်းချရင်းဖြင့်
"အဟုတ်ပဲ နောင်ဆို ထီကျစ်က ကလေးတွေကို ကာကွယ်ပေးလောက်မှာ"
လျို့ဟွား : "...."
ဒါပဲလား?
ရွယ်ယွိနှင့် အခြားသူများသည်လည်း လွန်စွာ အံ့အားသင့်သွား၏။ သူတို့မိသားစုဝင်များကို ဖျောင်းဖျဖို့ ခက်ခဲလောက်မည်ဟု သူတို့ တွေးထားခဲ့ကြသော်လည်း ရလဒ်က... ဒီလိုတဲ့လား?
အချိန်အတန်ကြာ လျစ်လျူရှုခံထားရသည့် 'ကလေးများ' အချို့က မနေနိုင်တော့ဘဲ ရွယ်ယန်ကို ပြန်လုချင်လာ၏။ ကလေးဆိုတာ ကလေးတွေနဲ့ပဲ ဆော့သင့်တာ!
ဟုတ်တယ် ရွယ်ယန်နဲ့ ကစားခွင့်ရဖို့အရေး ရွယ်ယွိနဲ့ တခြားသူတွေက သူတို့ကိုယ်သူတို့ ကလေးပေါက်စတွေအဖြစ် လက်ခံလိုက်ကြတာ။
ချီလင်းဟန်က သူ့အမေလက်ထဲမှ ကလေးအား ကယ်တင်ရန် ကြိုးစားကြည့်လိုက်သည်။
"အမေ အားယန်ကို ဒီလိုချီထားမှဖြင့် ကလေးက မသက်မသာဖြစ်မှာပေါ့ ကျွန်တော်တို့ အားယန်ကို အပြင်ခေါ်ဆော့လိုက်မယ်"
ရွယ်ယန်က ခေါင်းကုတ်လိုက်ပြီး
"လင်းဟန်ကောကော အားယန် မသက်မသာမဖြစ်ပါဘူး"
ချီလင်းဟန် : "..."
ကလေးဆိုးလေး!
သူ(မ)သား ဘာတွေးနေသလဲဆိုတာ အန်းစီထုန် မသိဘဲ ဘယ်နေပါ့မလဲ? သူ(မ)က ကလေးမလေး၏နူးနူးညံ့ညံ့မျက်နှာလေးကို နမ်းရှိုက်လိုက်ပြီး မပေးချင်ပေးချင်ဖြင့် ချပေးလိုက်သည်။
"သမီး ကိုကိုမမတွေနဲ့ သွားဆော့တော့နော် အသည်းလေး"
ရွယ်ယန်က မြဲမြံစွာ မတ်တတ်ရပ်လိုက်ပြီးနောက် အန်းစီထုန်၏မျက်နှာကို ခြေဖျားထောက်ကာ နမ်းလိုက်ပြီး ရှက်သွေးဖြာရင်းဖြင့် ရှက်ကိုးရှက်ကန်း ပြေးထွက်သွား၏။
အန်းစီထုန်၏မျက်လုံးထဲ အသည်းပုံများဖြင့် တောက်ပသွားပြီး
"အသည်းလေးက အရမ်းချစ်ဖို့ကောင်းတာပဲကွယ်!"
ချီလင်းဟန် : "..."
မနာလိုလိုက်တာမှ! ကလေးက သူ့ကိုတောင် ဒီလို မနမ်းဖူးသေးဘူး!
သူက မျက်လုံးလှိမ့်လိုက်ပြီး ထီကျစ်ကို ခေါ်ကာ အခြားသူများဖြင့် ကစားရန် ထွက်လာခဲ့လိုက်သည်။
ရှန်နျန်တို့၏အိမ်အနောက်က မပြုပြင်ရသေးပဲ နေရာတိုင်းတွင် မြက်ပင်များ ရှိနေ၏။ ထို့ကြောင့် ဆွေးနွေးကြပြီးနောက်တွင် သူတို့က လျို့ဟွား၏အိမ်သို့ ကစားရန် ပြန်ပြေးသွားလိုက်ကြသည်။
ရွယ်ယန်က ခြေထောက်လေးများကို ခါပြီး ဒန်းပေါ် ခက်ခက်ခဲခဲ ကုပ်တက်လိုက်ပြီးနောက် သူ(မ) ဘေးနားမှ နေရာအလွတ်အကျယ်ကြီးအား စိတ်လှုပ်ရှားစွာ ပုတ်ပြပြီး
"ကျဲကျယ်! နျန်နျန်! ဒန်းတူတူစီးရအောင်!"
ယဲအန့်နင်က နှေးကွေးစွာ လမ်းလျှောက်သွားလိုက်ပြီး
"မလောပါနဲ့ အားယန်ရယ်"
ရွယ်ယန်၏ခြေတိုတိုလေးများနှင့်ယှဉ်လျှင် ယဲအန့်နင်၏ခြေထောက်များက အလွန် ရှည်လျား၏။
ကလေးမလေးမှာ အစ်မဖြစ်သူ ဒန်းပေါ် ခြေဖျားထောက်တက်ရုံပဲကို မြင်လျှင် သူ(မ)ခက်ခက်ခဲခဲတက်ထားရသည့် ဒန်းခုံပေါ် တိုက်ရိုက်ထိုင်ချလိုက်သည်။
ရွယ်ယန်က နှင်းဆီဖူးဖူးနှုတ်ခမ်းလေးအား စူလိုက်ပြီး
"ကျဲကျယ် ကျဲကျယ်ရဲ့ခြေထောက်တွေက အရှည်ကြီးပဲ!"
ရှန်နျန်က လှမ်းကြည့်လိုက်ပြီးနောက် တိတ်တဆိတ် အကြည့်ပြန်လွှဲလိုက်၏။
တကယ် ရှည်တာပဲ...
ယဲအန့်နင်က ကလေးမလေး၏ အနည်းငယ် ကောက်နေသည့် ဆံပင်ကို ဖွလိုက်ပြီး အပြုံးဖြင့်
"အားယန်လည်း နောင်ဆို ကျဲကျယ်ထက်တောင် ရှည်လာအုံးမှာ"
ရွယ်ယန်က ညည်းလိုက်ပြီး
"အားယန် မလိုချင်ပါဘူး ကျဲကျယ်ကိုပဲ ခြေထောက်အရှည်ကြီးဖြစ်စေချင်တာ"
ယဲအန့်နင်မှာ ရယ်ရမလား၊ ငိုရမလားပင် မသိသော်လည်း အနည်းငယ် ခံစားသွားရ၏။
ရှန်နျန်ကလည်း နှာမှုတ်လိုက်ပြီး
"အားယန် ငါကျတော့ရော"
ရွယ်ယန် မျက်တောင်ခတ်လိုက်ပြီး
"နျန်နျန်လည်း ကျဲကျယ်နဲ့ တူတူပဲ!"
ရှန်နျန်မှာ သိပ်ပြီး မကျေနပ်ချင်ချေ။
"ဟွန့်"
ယဲအန့်နင်က ကောင်းကင်ကို မော့ကြည့်ပြီး
"ကလေးဆန်လိုက်တာ"
ရှန်နျန်က အခြားတစ်ဖက်သို့ လှည့်ပြီး
"နင့်အပူ မပါဘူး"
ရွယ်ယန်က ဘယ်နှင့်ညာကို ခေါင်းရှုပ်စွာ ကြည့်ရင်း ခေါင်းကုတ်မိတော့သည်။
ရွယ်ယွိတို့ လေးယောက်သားက နောက်ကျမှ ရောက်လာခဲ့သည်။ သူတို့ ထိုနေရာသို့ ရောက်သည်နှင့် ရွယ်ယန်၏ အလျင်လိုသံကို ကြားလိုက်ရသည်။
"မြန်မြန် ကိုကိုတို့!"
ချီလင်းဟန်က ထီကျစ်ကို ပွေ့ချီပြီး ရောက်လာကာ
"အားယန်က ဒန်းစီးချင်လို့လား"
ရွယ်ယန်က အမြန်ခေါင်းညိတ်ပြလိုက်ပြီး
"အွန်း! လင်းဟန်ကောကော အားယန်၊ ကျဲကျယ်နဲ့ နျန်နျန်တို့ကို ဒန်းကူလွှဲပေးပါ!"
ချီလင်းဟန်က ထီကျစ်ကို ကလေးမလေးလက်မောင်းထဲ ထိုးထည့်ပေးလိုက်ပြီးနောက် သူ(မ)အနောက်တွင် ရပ်လိုက်သည်။
"ဘေးကို သေချာကိုင်ထား အားယန် ဂရုစိုက်"
ဒန်းက အလွန်ကြီးခြင်းဖြစ်၍ မိန်းကလေးသုံးယောက် စီးလျှင်တောင် ပြည့်ကျပ်မနေချေ။ ချီလင်းဟန်မှာ အကြမ်းကြီးလည်း မတွန်းရဲကာ ကြည့်ကောင်းအောင် ညင်ညင်သာသာ လွှဲပေးလိုက်သည်။
ကလေးမလေးက ဒန်းနောက်ကျောကို မှီပြီး သူ(မ)၏ခြေလက်များကို ဆန့်ထုတ်ကာ
"ဝှီး! အားယန် ပျံနေပြီ!"
ပျော်ရွှင်မှုက လူတိုင်းထံ ကူးစက်သွားပြီး ကလေးအယောင်ဆောင်များနှင့် တကယ့်အစစ်အမှန် ကလေးအကြား လေထုက အလွန် ပလဲပနံသင့်နေတော့သည်။
နားထဲ ဝင်ရောက်တိုက်ခတ်လာသည့် လေသံကို ခံစားရင်း ကလေးမလေး၏တက်ကြွသံကို နားထောင်ကာ ထီကျစ်တစ်ယောက် အနားယူရန် အားရကျေနပ်မှုဖြင့် မျက်လုံးများကို မှိတ်လိုက်တော့သည်။