အပိုင်း (၄၀)
ရွယ်ယန်မှာ တစ်နေကုန် အနည်းငယ် ထူးဆန်းနေသလို ခံစားနေရ၏။ သူ(မ)က အပေါ်ထပ် စာကြည့်ခန်းသို့ လျှောက်ပတ်ကြည့်ပြီး အောက်
ထပ်သို့ ပြန်ဆင်းကာ စက်ဝိုင်းသဏ္ဌာန် အကြိမ်အနည်းငယ် ပတ်နေရင်း နောက်ဆုံးတွင် ရှာဖွေကြည့်ရန်အတွက် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားလိုက်ပြန်၏။
လျို့ဟွားမှာ ဂနာမငြိမ်ဖြစ်နေသည့် အသေးလေးကို တွေ့ပြီး သူ(မ)ကို ဖမ်းဆွဲကာ
"အားယန် လိုက်ရှုပ်မနေနဲ့"
ရွယ်ယန်က မပျော်ရွှင်စွာ နှုတ်ခမ်းစူပြီး
"မေမေ အားယန်ကို ကော်လာကနေ မကိုင်ဘဲနေလို့မရဘူးလား"
လျို့ဟွားက မျက်ခုံးမြှင့်လိုက်ပြီး
"ဘာလို့လဲ"
ရွယ်ယန်က အနည်းငယ် ရုန်းကန်ပြီး
"မေမေက ထီကျစ်ကိုလည်း ဒီလိုပဲ ကိုင်တာလေ! ပါပီတစ်ကောင်ကို ချီနေသလိုပဲ"
လျို့ဟွားက ရယ်ရင်း
"ပါပီလေးတွေက အရမ်းချစ်ဖို့ကောင်းတာလေ အဲ့ဒါ ဘာဖြစ်လို့လဲ"
ရွယ်ယန်က မာနကြီးစွာဖြင့် တစ်ဖက်သို့ လှည့်လိုက်သည်။
"ဟွန့်!"
လျို့ဟွား သူ(မ)ကို စမနေတော့ဘဲ
"ဘာလို့ လျှောက်ပတ်ပြေးနေတာလဲ'
ရွယ်ယန်တစ်ယောက် သူ(မ)ဘာလုပ်နေလဲဆိုတာ ပြန်အမှတ်ရသွား၏။
"မေမေ သမီး ထီကျစ်ကို ရှာမတွေ့ဘူး"
လျို့ဟွားမှာ အံ့အားသင့်သွားပြီး သူ(မ)လည်း သည်အချိန်အတွင်း ထီကျစ်ကို မမြင်ဖြစ်ဘူးဆိုသည်ကို နားလည်သွားသည်။
"အားယန် စိတ်မပူနဲ့နော် မေမေ သူ့ကို ကူပြီးရှာပေးမယ်"
ရွယ်ယန်က နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။
"အိုခေ"
နှစ်ယောက်သားက တစ်အိမ်လုံးနီးပါးကို မွှေနှောက်ရှာကြပြီးနောက် ရွယ်ယန်တစ်ယောက် တံခါးနားရှိ ခွေးအိမ်ထဲသို့ တွားသွားဝင်ချိန်တွင်မှ ထီကျစ်ကို တွေ့လိုက်ရသည်။
ခွေးအိမ်ထဲတွင် အလွန် မှောင်မည်းနေ၍ ရွယ်ယန်က စိတ်ပူစွာ တီးတိုးမေးလိုက်သည်။
"ထီကျစ် နင်အိပ်နေတာလား"
ထီကျစ်က သူ့ကိုယ်ကို အသာလှုပ်ပြလာပြီး အတော်လေး ခွန်အားပြည့်နေသည့်နှယ်။ ကလေးမလေးမှာ ထိုအခါတွင်မှ သက်မချနိုင်တော့သည်။
"အပြင်ထွက်ကြရအောင် ဒီထဲမှာ မှောင်မည်းနေတာပဲ"
ထီကျစ်က အကြိမ်အနည်းငယ် ဟောင်သံ ပြုလိုက်ပြီး ရွယ်ယန်နောက်မှနေ၍ ခွေးအိမ်ထဲမှ လိုက်ထွက်လိုက်သည်။
"အားယန် ဘာလို့ ခွေးအိမ်ထဲက တွားသွားထွက်လာတာလဲ"
လျို့ဟွားတစ်ယောက် အိမ်ပြင်သို့ ထွက်လာသည်နှင့် ကလေးမလေး တွားသွားထွက်လာသည်ကို မြင်လိုက်ရပြီး သူ(မ)က လှပသော မျက်ခုံးများကို ကြုတ်ကာ မေးလိုက်သည်။
"ထီကျစ်က အထဲမှာလား"
ရွယ်ယန်၏ဆံပင်က ဖရိုဖရဲဖြစ်သွားကာ သူ(မ)က သာမန်ကာလျှံကာ အကြိမ်အနည်းငယ် ဖွလိုက်ပြီး လျစ်လျူရှုထားလိုက်သည်။
ကလေးမလေးက ပါးများကို ဖောင်းပြီး သူ(မ)အမေကို ပြောလိုက်သည်။
"မေမေ ထီကျစ်က ဒီထဲမှာ ဝင်အိပ်နေတာ"
လျို့ဟွားမှာ လက်ရှိအချိန်ရှိ သူ(မ)ရဲ့စိတ်ခံစားချက်ကို မည်သို့ဖော်ပြရမည်မှန်း မသိတော့ချေ။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူ(မ)က
"ဘယ်လိုလုပ်ပြီး ပေကျံကုန်တာလဲ အားယန်"
ရွယ်ယန်မှာ ထိတ်လန့်သွားပြီး အလိုလို အောက်သို့ငုံ့ကြည့်မိသွားကာ သူ(မ)တစ်ကိုယ်လုံး အမွေးများကပ်နေသည်ကို တွေ့လိုက်ရသည်။
ကလေးမလေးမှာ ကြောက်လန့်တကြား အော်ငိုလုနီးနီးပင်။
လျို့ဟွားက အရင်ဆုံ တုံ့ပြန်လာသူဖြစ်ပြီး သူ(မ)က သိချင်မိတော့သည်။
"မဟုတ်မှ ထီကျစ် အမွေးလဲတာများလား"
ရွယ်ယန်က သူ(မ)အမေကို ဝမ်းနည်းစွာ ကြည့်လိုက်ပြီး
"မေမေ သမီးအင်္ကျီမှာ အမွှေးတွေချည်းပဲ"
လျို့ဟွားက သူ(မ)ကို ပုတ်ပေးလိုက်ပြီး
"ကိစ္စမရှိဘူး အဲ့ဒါ ထီကျစ်အမွေးတွေ နောက်မှ မေမေ သူ့အမွေးကို ဖြီးပေးလိုက်မယ်"
ရွယ်ယန်က ဆောင့်ကြောင့်ထိုင်ကာ ထီကျစ်ကျောပေါ်မှ နူးနူးညံ့ညံ့အမွေးကို ပွတ်ပေးလိုက်ပြီး သူ(မ) လက်ပြန်မြှောက်လိုက်သည့်အချိန် သူ(မ)လက်ဖဝါးမှာ အမွေးဖြူဖြူများအပြည့် ကပ်ပါလာ၏။ ကလေးမလေးက ထီကျစ်ကို စိုးရိမ်ကြီးစွာ ကြည့်လိုက်ပြီး
"မေမေ ထီကျစ်က နေမကောင်းဘူးလား"
ထီကျစ်မျက်လုံးများထဲတွင် နူးညံ့ကြင်နာမှုတို့ ပြည့်နေ၏။ ...အားယန်က အရင်တုန်းကလည်း သူ့ကို ဒီလိုပဲ စိတ်ပူခဲ့ဖူးတာ...
လျို့ဟွားက မေးကို ပွတ်လိုက်ပြီး
"ဆောင်းရာသီရောက်လာလို့ပဲ ဖြစ်မှာ ထီကျစ်လည်း ဆောင်းတွင်းမှာ အနွေးဓာတ်ရအောင် အမွေးအသစ်တွေ ထွက်ဖို့လိုတယ်လေ"
သူတို့ ဘေးနားရှိ ထီကျစ်ကလည်း လေးနက်စွာ ခေါင်းညိတ်ပြ၏။
ရွယ်ယန်မှာ ထီကျစ်၏အမွေးများ သူ(မ)အဝတ်ပေါ် ကပ်နေသည်ကိုပင် ဂရုစိုက်မအားတော့ချေ။ သူ(မ)က အရွယ်ရောက်လုနီးပါး ဝံပုလွေကို ခက်ခက်ခဲခဲ ချီ,မလိုက်ပြီး လမ်းလျှောက်ရင်းဖြင့် ညည်းတွားရေရွတ်လိုက်သည်။
"ထီကျစ် နောင်ဆို အပြင်မှာ လျှောက်မပြေးနဲ့တော့ အပြင်ဘက်မှာက အရမ်းအေးနေလိမ့်မယ် အိမ်ထဲမှာ အရမ်းအရမ်း နွေးနေမှာ"
လျို့ဟွားမှာ သူ(မ)သမီးငယ်၏ကြင်နာတတ်မှုအား အလွန်ကျေနပ်သွားသော်လည်း သတိပေးလိုက်သေး၏။
"အားယန် ဒီရက်ပိုင်း ထီကျစ်ကို အခန်းထဲ မခေါ်နဲ့အုံး သူ ဒီလောက် အမွေးတွေကျွတ်နေတာ အခန်းထဲ ရှုပ်ပွကုန်လိမ့်မယ် အဲ့ခါကျရင် ကိုယ့်ဘာသာကိုယ် သန့်ရှင်းရေးပြန်လုပ်ရမယ်မှတ်"
ကလေးမလေးက အနည်းငယ် အပြစ်မကင်းစွာဖြင့်
"သမီး သိပါတယ်!"
ထီကျစ်မှာ လူတိုင်းကို စိတ်အနှောင့်ယှက်ဖြစ်စေမည်စိုး၍လည်း ခွေးအိမ်ထဲ သွားပုန်းနေခြင်းဖြစ်သည်။ ယခုတွင် သူတို့ အိမ်ထဲသို့ ဝင်လျှင်ဝင်ချင်း သူ့အမွေးများက အမှတ်တမဲ့ဖြင့် အိမ်ထဲရှိ ပရိဘောဂတိုင်းပေါ် ကပ်ကုန်၏။
လျို့ဟွားတစ်ယောက် ကောင်းကင်ကို မော့ကြည့်ရင်း ပြောစရာစကားမဲ့စွာ သက်ပြင်းချလိုက်တော့သည်။ ညစာစားပြီးသည်နှင့် သူ(မ)က ထီကျစ်၏အမွေးကို ဖြီးပေးရန် သူ့ကို ဆွဲခေါ်လိုက်သည်။
ရွယ်ယွိက သိလိုစွာဖြင့် ရောက်လာပြီး
"ထီကျစ်က ဒီလောက်သေးတာ ဘယ်လိုလုပ်ပြီး အမွေးတွေက ဒီလောက်အများကြီး ကျွတ်နေရတာလဲ"
ရွယ်ကျစ်က လက်ဆန့်ထုတ်ပြီး ထီကျစ်ကို ကိုင်ကြည့်လိုက်သည့်အချိန် လက်တစ်ဆုပ်စာ အမွေးဖြူများ ပြန်ပါလာ၏။
"ပြီးတော့ ဒီလောက်ထိအမွေးတွေကျွတ်နေတာတောင် အမွေးတုံးသွားမဲ့ပုံလည်းမပေါ်ဘူး"
လျို့ဟွားက ရွံရှာစွာ လက်ကို ဝှေ့လိုက်ပြီး
"မင်းတို့ကလေးတွေ လာရှုပ်မနေနဲ့ လျို့မန် ထီကျစ်ရဲ့အမွေးကို ဖြီးရအောင်"
လျို့မန်က ဘီးအကြီးကြီးတစ်လက်ဖြင့် အပြေးရောက်လာ၏။
"မဒမ် ဒီမှာပါ"
ချောင်းကျဲက တိတ်တဆိတ်ဖြင့် အလွန်ကြီးမားသော ဗန်းကြီးကိုပါ ယူလာပေး၏။
"အန်တီ ထီကျစ်ရဲ့ ကျွတ်တဲ့အမွှေးတွေကို ဒီထဲ ထည့်ပါ"
ရွယ်ယန်က ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ရင်း ဗန်းကြီးကို ကြည့်ပြီးနောက် ထီကျစ်ကို တစ်လှည့်ပြန်ကြည့်ပြီး ချောင်းကျဲကို ကြည့်လိုက်သည်။
"ကော ဒီဗန်းကြီးက ထီကျစ်တွေအများကြီး ထည့်လို့ရလောက်တယ်"
လျို့ဟွားတွင် စိတ်ကူးအချို့ရှိနေပြီး သူ(မ)က
"အားယန် အနောက်နည်းနည်းဆုတ် မဟုတ်ရင် အင်္ကျီနောက်တစ်ခေါက် သွားပြန်လဲနေရမယ်"
ကလေးမလေးက နာခံစွာဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်သည်။
အမွေးကို ဖြီးသင်းပေးရသည်က ရိုးရှင်းလှ၏။ ကလေးများက ဆောင့်ကြောင့်ထိုင်ရင်း လျို့ဟွားနှင့် လျို့မန်တို့ ထီကျစ်အမွေးကို ဖြည်းညင်းစွာ ဖြီးပေးနေသည်အား ကြည့်နေကြသည်။
ထီကျစ်၏အသန့်ပြန့်ကြိုက်မှုကြောင့် ကျွတ်သည့်အမွှေးများက နူးညံ့ပြီး ဖြူဖွေးနေ၏။
အချိန်များ ကုန်သွားရင်း...
ရွယ်ယန်တစ်ယောက် ဗန်းထဲတွင် နေရာအများဆုံးယူထားသည့် အမွှေးဖြူဖြူများကို အထိတ်တလန့် ကြည့်ပြီး
"မေမေ ထီကျစ် ကတုံး မဖြစ်သွားလောက်ပါဘူးနော်?"
လျို့ဟွားသည်ပင် အနည်းငယ် မသေချာချင်တော့ပေ။
"မဖြစ်လောက်ဘူး... ထင်တာပဲ"
ထီကျစ်မှာ သူ့ရဲ့သခင်လေးနှင့် သူ့သခင်ရဲ့အမေတို့က ယုံကြည်စိတ်ချလို့မရဘူးဟု အနည်းငယ် ခံစားလိုက်ရသည်။ သူက သူတို့ကို စိတ်ပူဖို့မလိုသည့်အကြောင်း လျို့ဟွား၏လက်ကို ကူကယ်ရာမဲ့စွာ ပွတ်ပြလိုက်သည်။
ယခုတွင် လျို့ဟွား ထီကျစ်ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်နိုင်နေပြီဖြစ်သည်။ သူ(မ)က အနည်းငယ် စိတ်သက်သာရာရသွားပြီး အနည်းငယ် ထပ်ဖြီးပေးပြီးနောက် နောက်ဆုံးတွင် ဘီးကို ချလိုက်ပြီး
"အခု အများကြီး ပိုကောင်းသွားပြီ မဟုတ်ရင် ထီကျစ်အမွေးတွေ တစ်အိမ်လုံး နေရာအနှံ့ဖြစ်နေတော့မှာ"
ရွယ်ယန်က ထီကျစ်ကို ကိုင်လိုက်ပြီး သူ(မ)လက်ဖဝါးကို တစ်ဖန်ကြည့်လိုက်သည်။ ဖြူဖြူဖွေးဖွေး လက်လေးပေါ်တွင် အမွေးဖြူဖြူ အနည်းငယ်သာ ကပ်ပါလာတော့၏။ ကလေးမလေးက သက်ပြင်းရှည်ကြီးချလိုက်ပြီး
"နောက်ဆုံးတော့ ထီကျစ်အမွေးတွေ အများကြီး မကျွတ်တော့ဘူးပဲ"
ရွယ်ကျစ်က ဗန်းထဲမှ အမွေးအပုံကြီးကို ကိုင်ရင်း နူးညံ့နေကြောင်း ခံစားလိုက်ရပြီး ထီကျစ်ကို ကြည့်ပြီး ခေါင်းခါကာ
"ထီကျစ်ပုံစံက ဘာလို့ အများကြီး သေးသွားတယ်လို့ ခံစားနေရာတာလဲ"
လျို့မန်သည်လည်း ထီကျစ်၏ခေါင်းကို ပွတ်လိုက်ပြီး
"ထီကျစ်အတွက် အမွေးချရတာ ပင်ပန်းတယ်လေ ငါတို့တွေ ဒီရက်ပိုင်း အစာများများ ပိုကျွေးဖို့ လိုမယ်"
ထီကျစ် : "အာဝူးးး"
ရွယ်ယန်က မြေပေါ် ဒူးထောက်ထိုင်ချပြီး လက်ချောင်းများကို ကွေးကာ ထီကျစ်ကို တုပ၍ နူးညံ့စွာ ဟောင်လိုက်သည်။
"အာဝူးးး"
လျို့ဟွားမှာ ကြည့်မနေနိုင်တော့ဘဲ ကလေးမလေးကို ဖမ်းဆွဲလိုက်ပြီး ရွယ်ယန်တစ်ယောက် မကျေမနပ် တအီအီအော်လာသည့်တိုင်အောင် စနောက်ပြီးမှ မလွှတ်ပေးချင်စွာဖြင့် လွှတ်ပေးလိုက်တော့သည်။
ရွယ်ယန်က ထီကျစ်ကို တစ်ဝက်ချီ၊ တစ်ဝက်တရွတ်တိုက်ဖြင့် ကောက်ချီလိုက်သော်လည်း လျို့ဟွားက သူ(မ)ကို တားထားလိုက်သည်။
"အားယန် သမီး ထီကျစ်ကို ဒီလိုမျိုး ဆက်ချီနေလို့မရတော့ဘူးလေ သူ့ကို ဒီလိုသာ ချီနေရင် ထီကျစ် မသက်မသာဖြစ်နေမှာပေါ့"
ကလေးမလေးက နှုတ်ခမ်းစူလိုက်ပြီးနောက် ထီကျစ်ကို လွှတ်ပေးလိုက်သည်။ သူ(မ)က အနည်းငယ် စိုးရိမ်စွာဖြင့်
"နောင်ကျရင် ထီကျစ်က အားယန်ထက်တောင် ကြီးလာမှာလား"
ရွယ်ယွိတစ်ယောက် အရင်ဘဝက ထီကျစ်၏သွင်ပြင်ကို ပြန်စဉ်းစားရင်း ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
ကလေးမလေးမှာ မပျော်မရွှင် ဖြစ်သွားရပြီး
"ဒါဆို အားယန်က ထပ်ပြီး အသေးဆုံးဖြစ်နေအုံးမှာပေါ့"
ရွယ်ကျစ်က သူ(မ)ဘေးနား ထိုင်ချလိုက်ပြီး
"အားယန်က အစကတည်းက အသေးဆုံးပဲဟာ"
ရွယ်ယန်တစ်ယောက် နည်းလမ်းတကျ ပြန်ပြောလာ၏။
"သေချာပေါက် ထီကျစ်က အသေးဆုံးဟာ! သူက အားယန်မောင်လေးလေ!"
မမျှော်လင့်ထားစွာဖြင့် ကလေးမလေးက ထိုသို့ တွေးနေခဲ့ခြင်းဖြစ်ပြီး လူတိုင်းမှာ မနေနိုင်အောင် သဘောတွေ့စွာ ရယ်မိတော့သည်။
ကလေးရဲ့ရိုးရိုးရှင်းရှင်း အတွေးလေးတွေက အရမ်း ချစ်ဖို့ကောင်းလိုက်တာမှ!
လျို့မန်က ပြုံးပြီးနောက် သာမန်ကာလျှံကာ ပြောပြလိုက်သည်။
"မဒမ် ကြည့်ရတာ ကျွန်မတို့ အိမ်နီးချင်းအသစ်ထပ်ရတော့မှာ ထင်တယ်"
လျို့ဟွားက အထူးတလည် ဂရုစိုက်မနေချေ။
"ပုံမှန်ပါပဲ နောင်ဆို ဒီထက်ပိုများလာအုံးမှာ"
လျို့မန်က မြေပြင်ပေါ် လဲလျောင်းနေသည့် ထီကျစ်ကို ထိုးလိုက်ပြီး
"မဟုတ်ဘူး အိမ်နီးချင်းအသစ်က မစ်စတာရွယ်နဲ့ အရမ်း ရင်းနှီးတယ်ထင်တယ်"