အပိုင်း (၄၂)
ရွယ်ယွိမှာ ကူကယ်ရာမဲ့စွာဖြင့် မျက်ခုံးကို လက်ချောင်းများဖြင့် ဖိလိုက်ပြီး ကလေးမလေးကို ကောက်ချီလိုက်သည်။
"အားယန် ပြီးခဲ့တဲ့အခေါက်က ဘာစာအုပ်ဖတ်ခဲ့တာလဲ"
ရွယ်ယန်ကလည်း သတိလက်လွတ်ဖြင့် ရွယ်ယွိဦးဆောင်ရာနောက် ပါသွား၏။
"အဲ့ဒီဟာ!"
ကလေးမလေးက အရင်ကထက် ပို၍ထူသည့် အုတ်ခဲစာအုပ်တစ်အုပ်ကို ညွှန်ပြလာ၏။
ရွယ်ယွိမှာ ထိတ်လန့်သွားပြီး
"အရင်စာအုပ်ကို ပြီးသွားပြီမလို့လား အားယန်"
ရွယ်ယန်က ရွယ်ယွိအား တွေဝေစွာ ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ တုံ့ပြန်လာခဲ့သည်။
"ပြီးသွားပြီလေ မေမေကတော့ နောက်လကျရင် ပြန်ဖတ်ဖို့ ပြောထားတယ်"
ရွယ်ယွိ၏လှုပ်ရှားမှုမှာ တောင့်တင်းသွားပြီး
"ကိုကို သိပြီ..."
ဘာလုပ်ရမလဲ? ကြည့်ရတာ သူ့ညီမလေးက နောင်မှာ မာစတာကြီး ဖြစ်လာမယ်ဆိုတာကို သူ ရှာဖွေတွေ့ရှိသွားတဲ့ပုံပဲ။
ရွယ်ယွိနှင့် ရွယ်ကျစ်တို့က လွယ်အိတ်ကိုယ်စီလွယ်ပြီး စာကြည့်ခန်းထဲသို့ ဝင်လာကြသည်။ ပထမဆုံးအကြည့်မှာတင် တစ်ယောက်က စာဖတ်နေပြီး တစ်ယောက်က ကွန်ပျူတာကို ကြည့်နေသည့် ဤနွေးထွေးဖွယ်မြင်ကွင်းကို သူတို့ မြင်လိုက်ကြရသည်။
အရမ်းကောင်းလွန်းလို့ သူတို့မှာ မနာလိုဖြစ်လာရတဲ့အထိ။
ရွယ်ကျစ်က ပြတ်သားစွာဖြင့် သူ့ညီမလေးကို ပြန်လုရန် ကြိုးစားလိုက်သည်။
"အားယန် ကိုကိုတို့လို စာဖတ်တဲ့သူတွေက တူတူဖတ်သင့်တာ ကွန်ပျူတာကြည့်တဲ့သူတွေနဲ့ မထိုင်သင့်ဘူးလေ"
ချောင်းကျဲမှာ အနည်းငယ် ပြောစရာစကားမဲ့သွား၏။
"မင်း ကလေးလား"
ရွယ်ကျစ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ့ကို လုံးလုံးလျစ်လျူရှုထားလိုက်၏။
ချောင်းကျဲသည်လည်း ဂရုစိုက်မနေချေ။ သူက ခေါင်းရှုပ်နေသည့်ကလေးမလေးကိုသာ ကြည့်ပြောလိုက်၏။
"အားယန် ကိုကိုနဲ့လာထိုင် အားယန် နားမလည်တာရှိရင် ကိုကို့ကို မေးလို့ရတယ်"
အနှီချစ်စရာကလေးပေါက်စအား အချိန်အတိုင်းတာတစ်ခုထိ သင်ပေးလို့ ရနိုင်နေသေးဟု ချောင်းကျဲ ခံစားရသည်။ နောင်နှစ်အနည်းငယ်အကြာတွင် သူ(မ)အား သူ ဆက်ပြီးသင်ပေးလို့ရနိုင်လောက်တော့မည် မဟုတ်ပေ။
ရွယ်ကျစ်က ထေ့ငေါ့စွာဖြင့်
"မင်း ကလေးလား"
ချောင်းကျဲက နှုတ်ခမ်းထက် နူးညံ့စွာ ပြုံးရင်း
"ဒါဆိုလည်း မင်း အားယန်နဲ့ မထိုင်နဲ့လေ"
ရွယ်ကျစ် : "မင်းကို ဘယ်သူက ဂရုစိုက်ခိုင်းနေလို့လဲ"
ထိုစကားလုံးများကို သူ့မျက်နှာရှေ့တည့်တည့်တွင် ပြောလိုက်ခြင်းဖြစ်သည်။
ရွယ်ယွိက ထိုင်ခုံကို မှီလိုက်ပြီး သူ့ရဲ့ညီနှစ်ယောက်အား တည်ငြိမ်စွာ ကြည့်နေလိုက်သည်။
"မင်းတို့တွေ ငါမရှိဘူးလို့များ သတ်မှတ်ထားကြတာလား"
ရွယ်ကျစ် : "..."
ချောင်းကျဲ : "..."
သူ့ကိုတော့ ရန်သွားမစချင်ဘူး လစ်ပြေးမှ။
ရှောင်ရွယ်ယန် : "?"
ဘာတွေဖြစ်နေတာလဲ?
ရွယ်ယွိက သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးအင်ပါယာတစ်ခုကို ထောင်ပြီးကတည်းက သူ့ရဲ့စိတ်နေသဘောထားတို့မှာ ယခင်ဘဝကနှင့် ပိုပိုပြီး တူလာ၏။
ရွယ်ယန်နှင့် လျို့ဟွားကို မျက်နှာချင်းဆိုင်ရချိန်တွင်မှ ပို၍ နူးညံ့ညင်သာနေသည်မှလွဲ၍ အခြားအချိန်များတွင် ပုံမှန်အားဖြင့် အေးစက်နေ၏။
ရွယ်ယွိက သူ့ညီမလေး၏ဆံပင်များကို ချောမွေ့အောင် သပ်ချပေးရင် ညင်သာနေသော အသံတို့ဖြင့်
"အားယန် စာဆက်ဖတ်နေလေ သူတို့ကို ဂရုစိုက်မနေနဲ့"
ချစ်စဖွယ်အရူးလေးက သဘောတူစွာ အသံပြုလာ၏။ ထို့နောက် သူ(မ)က နာခံစွာဖြင့် ခေါင်းငုံ့ကာ စာဆက်ဖတ်နေ၏။
စာဖတ်ပြီးသိပ်မကြာလိုက်ခင် စာကြည့်ခန်းတံခါးက ညင်သာစွာ တွန်းပွင့်သွား၏။
ထီကျစ်အား စာကြည့်ခန်းထဲသို့ အချိန်မရွေး လွတ်လပ်စွာ သွားလာနိုင်စေရန် သူတို့က စာကြည့်ခန်းတံခါးကို တိုက်ရိုက် ပြုပြင်ထားခဲ့သည်။ ထို့ကြောင့် စာကြည့်ခန်းတံခါးမှာ အားအနည်းငယ်ဖြင့် ဆိုလျှင်တောင် တွန်းဖွင့်နိုင်၏။
အခန်းထဲတွင် မည်သည့်အဖိုးတန်ပစ္စည်းမှမရှိပဲ သာမန်ကာလျှံကာ ဖွင့်ထားခဲ့သည်ဖြစ်စေ ပိတ်ထားသည်ဖြစ်စေ အကြောင်းမဟုတ်ချေ။
ဝင်လာသည့်သူက ထီကျစ်ဖြစ်လိမ့်မည်ဟု ထင်ထားကြသော်လည်း အနောက်တွင် လူအများအပြားပါ လိုက်လာကြလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားမိပေ။
ထီကျစ်အနောက်မှနေ၍ အခန်းထဲသို့ လိုက်ဝင်လာသည့် ယဲအန့်နင်က အနီးဆုံးဆိုဖာပေါ်တွင် ဝင်ထိုင်ချလိုက်ပြီး ပျင်းရိစွာဖြင့်
"နင်တို့အားလုံး ဘာလို့ အိမ်စာချည်းပဲ လုပ်နေကြတာလဲ အပြင်ထွက်ပြီး ကစားကြမယ်လေ"
ရှန်နျန်မှာလည်း အနည်းငယ် ပျင်းရိလို့နေ၏။
"ဟုတ်တယ်ဟ ငါတော့ ဒီရက်ပိုင်း သေအောင်ပျင်းနေတာ"
ချီလင်းဟန်က ရွယ်ယန်ရှေ့ တည့်တည့် လျှောက်သွားပြီး အကောင်းစားချောကလက်ဘူးကို သူ(မ)ရှေ့သို့ ချပေးလိုက်သည်။
စာကို အလေးအနက်ဖတ်နေသည့် ကလေးမလေးမှာ မနေနိုင်အောင် အကြည့်များက ချောကလက်ထံ ရောက်သွားရ၏။
ချီလင်းဟန်က ပြုံးလိုက်ပြီး
"အားယန် ဒါက အားယန်အတွက် အန်တီအန်းက ပေးခိုင်းလိုက်တာ"
ရွယ်ယန်က မျက်တောင်လေးခတ်လိုက်ပြီး
"လင်းဟန်ကောကော ဒီလက်ဆောင်ကို အားယန် ယူလို့ရလို့လား"
ရွယ်ယွိ၏မျက်နှာက မှောင်ကျသွား၏။ သူ့ညီမလေးက သူ့ကို မမေးဘဲနဲ့ ဘာလို့ ချီလင်းဟန်ဆိုတဲ့အကောင်ကို သွားမေးရတာလဲ?
ချီလင်းဟန်က ရွယ်ယွိ၏အကြည့်ကို ခံစားမိကာ နှုတ်ခမ်းထောင့်ကို ညွှတ်ကွေးပြီး ပို၍သိသာအောင် ပြုံးပြလိုက်သည်။ သူက ကလေးမလေးအား
"ဒါပေါ့"
ရွယ်ယန်မှာ တိကျသော အဖြေကို ရလိုက်သော်လည်း ချောကလက်ဘူးကို ချက်ချင်း မယူလိုက်ချေ။ ကလေးမလေးက မျက်နှာသေးသေးလေးကို လက်များဖြင့် ထောက်ပြီး အတန်ကြာ တွေးတောနေခဲ့သည်။ ရုတ်တရက် သူ(မ)က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား ထိုင်ခုံပေါ်မှ ခုန်ဆင်းလိုက်၏။
"လင်းဟန်ကောကော အားယန်ကို စောင့်ပေးအုံးနော်!"
ကလေးမလေးက ခြေတိုလေးများဖြင့် စာကြည့်ခန်းထဲမှ ပြေးထွက်သွားပြီး မိနစ်အနည်းငယ်အတွင်း ပြန်ရောက်လာခဲ့သည်။ သူ(မ)က ဘူးလေးတစ်ဘူးကို ချီလင်းဟန်ထံ တည်ကြည်စွာ ကမ်းပေးလိုက်ပြီး
"လင်းဟန်ကောကော အားယန် ဒါကို ကိုယ်တိုင်လုပ်ထားတာ၊ အန်တီအန်းကို ပေးပေးနော် ?"
ချီလင်းဟန်မှာ ဤလက်ဆောင်လေးအား သူ့ဘာသာသူ သိမ်းထားလိုက်ချင်သော်လည်း ကလေး၏ သူ့အား မျှော်လင့်တကြီးကြည့်နေသော အကြည့်များကို မြင်လျှင် သူ့မှာ သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
"အိုခေ..."
ရွယ်ယန်က ချီလင်းဟန်ကို အားရဝမ်းသာ ပွေ့ဖက်လိုက်သော်လည်း သူ့ရဲ့အရပ်ကြောင့် သူ(မ)မှာ သူ့ပေါင်လုံးကိုသာ ဖက်နိုင်ခဲ့သည်။
"ကျေးဇူးတင်ပါတယ် လင်းဟန်ကောကော!"
ချီလင်းဟန်၏အမူအရာများက မပြောင်းလဲသော်လည်း သူ့နှလုံးသားမှာ ကလေး၏ချစ်စဖွယ်ကောင်းမှုအောက်တွင် တုန်ခါသွားရသည်။
ထိုအခါမှပင် ရွယ်ယန်က စားပွဲပေါ်မှ ချောကလက်ကို ပျော်ရွှင်စွာ သွားယူလိုက်၏။
၎င်းတို့က သူ(မ)အကြိုက်များ ဖြစ်သော်လည်း ကလေးက တွေဝေနေခြင်းမရှိဘဲ သူတို့အကုန်လုံးအား အရင်ဆုံး ဝေမျှပေးပြီးကာမှ သူ(မ)အတွက် ကျန်ချောကလက်များထဲမှ တစ်ခုကို စားရန်ယူလိုက်၏။
ရွယ်ယွိနှင့် အခြားသူများမှာ ကလေးအား ချစ်မြတ်နိုးပြီး သူ(မ)အား ပို၍ ကြင်နာပြီး ရက်ရောတတ်စေချင်ကာ ကလေးမလေး၏ ချောကလက်များကို ငြင်းဆန်ခြင်းမပြုကြချေ။
ယဲအန့်နင်က ကလေးကို ဆွဲချီလိုက်ပြီး သူ(မ)ကို အနည်းငယ် အနိုင်ကျင့်လိုက်၏။ သူ(မ)က ရွယ်ယန်၏ပါးဖောင်းဖောင်းလေးကို ဖျစ်ညှစ်ပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
"အားယန်က ကြည့်လေ ပိုချစ်ဖို့ကောင်းလာလေပဲ!"
ကလေးမလေး၏ မည်းနက်ပြီး တောက်ပသော မျက်ဝန်းများက ယဲအန့်နင်ကို ငေးကြည့်နေ၏။ သူ(မ)၏ ပါးဖောင်းဖောင်းလေးများက ရံဖန်ရံခါ ချောကလက်ကို ကိုက်စားရင်း လှုပ်ရှားလာသည်မှာ အစာသိုလှောင်နေသည့် ဟမ်စတားပေါက်စလေးလို။
သူ(မ)၏ဖြစ်တည်မှုတစ်ခုလုံးကကို နူးညံ့လိမ္မာပြီး ချစ်စဖွယ်ကောင်းနေခြင်းဖြစ်၏။
ရှန်နျန်သည်လည်းပဲ မနေနိုင်တော့ဘဲ အနားသို့ တိုးကပ်လာပြီး ရွယ်ယန်အား မျက်နှာလိုမျက်နှာရလုပ်တော့၏။ သူ(မ)က တစ်ခုခုကို စမ်းကြည့်ရန် စိတ်အားထက်သန်နေ၏။
"အားယန် ငါ ဒီည နင်နဲ့အတူ အိပ်လို့ရလား"
ဤမျှ နူးညံ့မွှေးပျံ့သည့် ကလေးကို ပွေ့ဖက်ပြီး အိပ်လိုက်ရရင်တော့ တကယ့် ကောင်းချီးပဲ!
ယဲအန့်နင်က နောက်တစ်စက္ကန့်အတွင်း အနိုင်မခံစွာဖြင့် တုံ့ပြန်လာ၏။
"အားယန် ကျဲကျယ်လည်း အိပ်ချင်တယ်"
ကလေးမလေး၏မျက်လုံးများက ကွေးညွှတ်သွားပြီး
"အို့ခေ ဒါဆို အားယန် ကျဲကျယ်နဲ့ နျန်နျန်တို့နဲ့အတူ အိပ်မယ်"
ရွယ်ယွိ၊ ရွယ်ကျစ်၊ ချောင်းကျဲ၊ ချီလင်းဟန် : "..." ဒါက လက်ခံနိုင်စရာလား?
ဒါက ကျား၊မ ခွဲခြားမှုကြီးမလား!!!!
လျို့မန် အပေါ်ထပ်သို့ တက်ကာ ကလေးများကို သွားခေါ်ချိန်တွင် ပျော်ရွှင်နေကြသော မိန်းကလေးသုံးယောက်နှင့် မကျေမချမ်းဖြစ်နေကြသည့် ယောက်ျားလေး လေးယောက်ကို တွေ့လိုက်ရပြီး ထီကျစ်က ခေါင်းလေးတခါခါဖြင့် လိုက်လာ၏။
လျို့မန်မှာ ဤကလေးငယ်များ အဆင်ပြေပြေရှိနေကြပုံကို စကားလုံးများဖြင့် ပြောပြမတတ်စွာ နားလည်ပြီး မနေနိုင်အောင် တိတ်တဆိတ် ပြုံးမိတော့သည်။
ယနေ့တွင် ကလေးတစ်အုပ်က လျို့မိသားစု၏အိမ်တွင် အလကား လာစားသောက်ကြပြီး လျို့ဟွားသည်လည်း သူတို့ကို လိုလိုလားလားနှင့် ကျွေးမွေးချင်၏။
ညစာစားချိန်တွင် ရှောင်ရွယ်ယန်က အသီးအရွက်စားရသည်ကို မကြိုက်၍ လူတိုင်းမှာ ကလေးမလေး၏ပန်းကန်လုံးထဲသို့ အမျိုးမျိုးသော ဟင်းရွက်များကို အလှည့်ကျ ထည့်ပေးလေ၏။
သို့နှင့် ရွယ်ယန်တစ်ယောက် ဟင်းသီးဟင်းရွက်များ ပြည့်နေသည့် သူ(မ)ရဲ့ ပန်းကန်လုံးလေးကို ကြည့်ပြီး လူတိုင်းကို မခံမရပ်ဖြစ်စွာ မော့ကြည့်ရင်း ပါးများကို စူဖောင်းကာ
"အားယန် အရွက်တွေ မလိုချင်ဘူး!"
လျို့ဟွားကတော့ မသိကျိုးကျွန်ဟန်ဖြင့်
"အားယန် အရွက်မစားတဲ့ ကလေးတွေက အရပ်ရှည်မှာ မဟုတ်ဘူးနော် ဒီလိုဆို အားယန် တစ်သက်လုံး သေးသေးလေးဖြစ်နေမှာ"
ရှောင်ရွယ်ယန် : "..."
ကလေးမလေးက အနည်းငယ် ရုန်းကန်လိုက်ရသည်။ ထို့နောက် ခက်ခက်ခဲခဲဖြင့် သူ(မ)က တူကို ကိုင်ရင်း အရွက်များကို လိပ်လိုက်ပြီး မျက်ခုံးများကို စုကျုံ့ကာ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။
လျို့ဟွားမှာ ခေါင်းကိုက်သွားရပြီး
"အားယန် ဖြည်းဖြည်းစား!"
ကလေးမလေးက ကြေကွဲစွာဖြင့်
"မေမေ အားယန် အသားစားချင်တယ်..."
လျို့ဟွားက အေးစက်စွာနှင့် အညှာတာ ကင်းမဲ့စွာ
"အရင်ဆုံး ပန်းကန်ထဲက အရွက်တွေကို ကုန်အောင်စား"
ရွယ်ယန်တစ်ယောက် မျက်ရည်ဝဲလာပြီး ချစ်ဖို့ကောင်းအောင် ချွဲနွဲ့ပြတော့မည့်အချိန် လျို့ဟွားက ကလေးမလေး၏ နဖူးကို လက်ညိုးဖြင့် ထိုးပြီး
"အရွက်တွေမကုန်ရင် ဒီအပတ်အတွက် ချောကလက်ဆိုတာ မရှိတော့ဘူးမှတ်"
အသား မဟုတ်ရင် ချောကလက် တစ်ခုပဲ ရွေးခွင့်ရှိမယ်တဲ့! ဒါ ဘယ်လိုတောင် လူကို ညှဉ်းဆဲရတာလဲ!