အပိုင်း (၄၄)
လီရှန်မင်၏မျက်နှာမှာ ပို၍ပင် ရုပ်ဆိုးသွားခဲ့ပြီး
"ဒါ ငါ မင်းကို သင်ပေးထားတဲ့ပုံစံလား ဟမ်?"
လီယွမ်မှာ သူ အမှားအကြီးကြီး လုပ်မိလိုက်ပြီဆိုသည်ကို သဘောပေါက်သွားပြီး ယခုအခါတွင် အသံပင် မထွက်ရဲလာတော့ချေ။
ချောင်းကျဲက တည်ငြိမ်စွာဖြင့် မီးပေါ် လောင်စာလောင်းပေးလိုက်၏။
"အားယန်အရုပ်တွေက အများကြီး ပျက်စီးသွားတာ"
သူက တစ်ခုကို သာမန်ကာလျှံကာ ကောက်လိုက်ပြီး မျှော်လင့်ထားသည့်အတိုင်း အမှန်တကယ်ကို အက်ကြောင်းအနည်းငယ် ရှိနေ၏။ အချို့သော မော်ဒယ်အရုပ်လေးများပင် ထောင့်များကျိုးကုန်၏။
လီရှန်မင်မှာ အလွန် မျက်နှာပျက်နေရပြီဖြစ်သည်။ သူက လျို့ဟွားအား ကလေးကို ကြည့်ပေးထားရန် တောင်းဆိုခဲ့သော်လည်း ရလဒ်အနေဖြင့် သူ့ကလေးက သူ(မ)ရဲ့မင်းသမီးလေးအား အပြစ်ပြုမိခဲ့သည်ပင်။
သူက ပါးစပ်ကို ကြိုးစား ဖွင့်လိုက်ပြီး
"ဒီအရုပ်လေးတွေကို ပြန်ဝယ်လို့ရသေးလား? ငါ အားယန်အတွက် ထပ်ပြီး ဝယ်ပေးမယ်လေ?"
လျို့ဟွားသည်လည်း ထိုအကြောင်းနှင့် ပတ်သက်၍ အမှန်တကယ် မသိကာ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး
"ဝယ်လို့မရလောက်တော့ဘူး အများစုက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ဟာတွေ အားယန်ကိုယ်တိုင်တောင်မှ ဒါတွေကို မယူဆော့ရက်တာ"
ကလေးမလေးက ဤအရုပ်လေးများအား အလွန်တန်ဖိုးသော်လည်း ရွယ်ယွိနှင့် အခြားသူများက အနှီနူးညံ့လှသော အရာများအား တန်ဖိုးထားတတ်သောကြောင့် သူ(မ) သူတို့အကုန်လုံးနှင့် အရုပ်များ ဝေမျှကစားရသည်ကို သဘောကျ၏။
ဒါပေမယ့် အခုတော့...
ရွယ်ယန်က နှာခေါင်းရှုံ့လိုက်ပြီး သူ(မ)အသံထဲတွင် ငိုသံတို့ စွတ်နေသေး၏။
"ကိုကို အားယန် သူ့ကို မုန်းတယ်"
ကလေးမလေးက လီယွမ်ကို လက်ညှိုးထိုးပြီး ရွယ်ကျစ်ကို ပြောလိုက်၏။
တစ်စုံတစ်ယောက်အား ဤမျှအထိ သဘောမကျဖြစ်ရသည်မှာ ရွယ်ယန်၏ ပထမဆုံး အကြိမ်ဖြစ်သည်။
လီရှန်မင်မှာ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေရသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ရှောင်ရွယ်ယန်အား အနီးနားရှိ မိသားစုများက မည်မျှ သည်းသည်းလှုပ်ကြကြောင်း သူ လေးလေးနက်နက် သဘောပေါက်ခဲ့သည်ပင်။
ထို့အပြင် သူကိုယ်၌ကလည်း ဤနူးညံ့ပြီး ချစ်စဖွယ်ကောင်းသော ကလေးမအား လွန်စွာ သဘောကျရပြီး သူ့မှာ သမီးမရှိလာမှာကိုပင် စိုးရိမ်နေရသည်။
ချက်ချင်းဆိုသလို သူက လီယွမ်၏ဖင်ကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။
လီယွမ်မှာလည်း အံ့အားသင့်သွားရသည်။ ဒီလို လိမ္မာပြီး နူးညံ့ချစ်ဖို့ကောင်းတဲ့ ညီမလေးက ဘာလို့ ရုတ်တရက်ကြီး ထငိုပြီး သူ့ကိုတောင် သဘောမကျဖြစ်သွားရတာလဲ!
သူ့မှာ အရိုက်တောင် ခံလိုက်ရသေးတယ်!
သူ့မှာ တုံ့ပြန်ဖို့ပင် မရလိုက်သေးခင် လီရှန်မင်က သူ့အား အကြိမ်အနည်းငယ် ထပ်ရိုက်လာ၏။
"ငါ မင်းကို အလိုလိုက်မိလွန်းသွားတာလား? သူများအရုပ်တွေကို လျှောက်ဖွတယ်ပေါ့လေ? ပျက်စီးအောင်တောင် လုပ်လိုက်သေးတယ်ပေါ့? ငါကြည့်တာ မင်းအသား တော်တော်ယားနေတယ်နဲ့တူတယ်"
လီရှန်မင်မှာ ဒေါသထွက်စွာဖြင့် အံကိုကြိတ်ရင်း ရိုက်လည်းရိုက် ဆဲလည်းဆဲဆိုနေ၏။
လျို့ဟွားတစ်ယောက် အနည်းငယ် ခေါင်းကိုက်မိတော့သည်။ သူ(မ) လီရှန်မင်အား လီယွမ်ကို မရိုက်ရန် တားလိုက်သင့်သော်လည်း သူ(မ)ရဲ့အသည်းအသက်လေး ကြေကွဲစွာ ငိုယိုနေသည်ကို ကြည့်ရင်း မတားလိုက်ချင်တော့ပေ။
လီယွမ်ကိုလည်း သူ့အဖေအိုကြီးက ပြင်းပြင်းထန်ထန်သမနေပြီး သူ့မှာ အံ့အားသင့်ပြီးနောက်တွင် မနေနိုင်အောင် အကျယ်ကြီး အော်ငိုတော့သည်။
သူ့အော်ငိုသံက ရှောင်ရွယ်ယန်ကို လန့်သွားစေ၏။ ကလေးမလေးက တစ်ခဏ တုံ့ဆိုင်းနေပြီးမှ လီရှန်မင်၏အင်္ကျီအား ဖွဖွလေး လှမ်းဆွဲလိုက်သည်။
"အန်ကယ်လီ"
လီရှန်မင်၏လှုပ်ရှားမှုတို့က တစ်ခဏ ရပ်တန့်သွားပြီး သူ ကလေးငယ်အား ကြောက်လန့်သွားစေနိုင်သည်ကို ရုတ်တရက် သဘောပေါက်သွားသဖြင့် တတ်နိုင်သမျှ ညင်သာစွာ ပြောလိုက်သည်။
"အားယန် ခဏ စောင့်ပေးနော် အန်ကယ် ဒီကောင်စုတ်လေးကို သင်ခန်းစာ အရင်ပေးအုံးမယ်"
လီယွမ် ထိုအသံကြားသည့်အချိန် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ် ငိုယိုလာ၏။
လျို့ဟွားက သက်ပြင်းချပြီး
"လီရှန်မင် ရိုက်နေတာ တော်လိုက်တော့ ကလေးက သူ့အမှားသူ သိရင် ရပြီ"
လီရှန်မင်သည်လည်း သူများအိမ်တွင် ပြဿနာမရှာချင်သဖြင့် လီယွမ်အား အေးစက်စွာ လှမ်းမေးလိုက်သည်။
"မင်း ကိုယ့်အမှားကိုယ်သိလား?"
လီယွမ်မှာ ကြောက်လန့်မှုကြောင့် တုန်ယင်လာ၏။
"သား သား မှားမှန်းသိပါတယ်"
လီရှန်မင်၏အသံတို့ကာ အေးစက်နေပြီး
"ဘာမှားတာလဲ?"
လီယွမ်က ကြေကွဲစွာ ငိုယိုပြီး
"သား သူများရဲ့အရုပ်ကို လျှောက်မဖွသင့်ပါဘူး ပြီးတော့ အဲ့ဒါတွေကိုလည်း ကျိုးအောင် မလုပ်သင့်ဘူး"
တကယ်တွင် လီယွမ်၏အမှားချည်းပဲ မဟုတ်ချေ။ မည်သို့ဆိုစေ ယခင်က အချိန်အများစုတွင် သူက သူ့အဖေ၏ ကုမ္ပဏီ၌ ကစားလေ့ရှိသည်။
ထိုနေရာရှိ အလုပ်သမားများက သဘာဝအတိုင်း သူ လိုချင်တာမှန်သမျှ ဘာဖြစ်ဖြစ် အကုန်ပေးပြီး အနှီသခင်ငယ်လေးအား ပစားပေးရန် အကောင်းဆုံး ကြိုးစားကြပြီး သဘောထားသည်လည်း အလွန် ကောင်းမွန်ကြ၏။
သို့နှင့် အချိန်ကြာလာသည့်အခါ လီယွမ်မှာ သူများပစ္စည်းကို လျှောက်ကိုင်ခြင်းက မယဉ်ကျေးကြောင်းကို နားမလည်တော့ချေ။
သို့သော် သည်တစ်ခါ အရိုက်ခံရပြီးနောက် သူ တစ်ခုခုကို သင်ယူသွားနိုင်လိမ့်မည်ပင်။
လီရှန်မင်က ဘာမှမပြောချေ။ သူက ရွယ်ယန်ကိုသာ ကြည့်နေပြီး
"အားယန် အန့်ကယ်ကို ဒီအရုပ်ဘူးတွေရဲ့ပုံပို့ပေးလို့ရမလား? အန်ကယ် သမီးအတွက် အသစ်ပြန်ဝယ်ပေးမယ်လေ နော်?"
ရွယ်ယန်က မျက်ရည်များကို သုတ်လိုက်ပြီးနောက် လျို့ဟွားကို ကြည့်လိုက်သည်။
လျို့ဟွားက ညင်သာစွာသာ ပြောပေးလိုက်သည်။
"အားယန် သမီး ဒီကိုကို,ကို ခွင့်လွှတ်ပေးချင်လား?"
ကလေးမလေးက နှုတ်ခမ်းစူပြီး
"ဒါဆို သူ့ကို နောင်ဆို အားယန်တို့အိမ်ကို လာခွင့်မပြုတော့ဘူး ပြီးတော့ အားယန်ရဲ့အရုပ်တွေကိုလည်း ပေးမကိုင်တော့ဘူး"
သူ(မ)မှာ စိတ်ဒဏ်ရာရလုနီးပါး ဖြစ်သွား၏။
လီရှန်မင်က လိုက်လိုက်လျောလျောဖြင့်
"အားယန် စိတ်ချနော် အန်ကယ်က ဒီကောင်လေးကို မျက်ခြေမပြတ် စောင့်ကြည့်နေမှာ"
ကလေးမလေးက ထိုသို့ မပြောလာလျှင်တောင် လီရှန်မင် သည်အထိတော့ ဂရုစိုက်ရမည်ပင်။
မမျှော်လင့်ထားစွာဖြင့် လီယွမ်က သဘောမတူလာချေ။
"မရဘူး!"
လီရှန်မင်က သူ့ကို ခက်ထန်စွာ စိုက်ကြည့်လိုက်ပြီး လီယွင်မှာ လည်ပင်းလေး ကျုံ့ဝင်သွားသော်လည်း ခေါင်းမာဆဲစွာဖြင့်
"ကျွန်တော် ညီမလေးနဲ့ ကစားချင်တယ်"
လူတိုင်း : "..."
ကလေးမလေးသည်တော့ ရိုးအစွာ မျက်တောင်လေး ခတ်လာ၏။
လီရှန်မင်မှာ သူ့သားစကားကို ဒေါသထွက်စွာ ရယ်လိုက်ပြီး
"မင်း မင်းညီမလေးအရုပ်တွေကို ခုလေးတင် ဖျက်ဆီးထားတာ၊ အခုကျမှ ညီမလေးနဲ့ တူတူဆော့ချင်တယ်ဆိုပြီး တွေးရဲသေးတယ်ပေါ့လေ?"
လီယွမ်မှာ အားပျော့စွာဖြင့်
"ကျွန်တော်မှားမှန်း သိပါပြီဆို" ခုလေးတင် သေအောင်ရိုက်ခံထားရတဲ့သူ့ဖင်တောင် နာတာ မပျောက်သေးဘူးလေ!
လီရှန်မင်က အညှာအတာကင်းမဲ့စွာဖြင့်
"ဒါပေမယ့် ညီမလေးရဲ့အရုပ်တွေက ကျိုးပြီးသွားပြီ နောက်တစ်ခု ထပ်ဝယ်လို့မရတော့တာတောင် ဖြစ်နိုင်တယ်"
လီယွမ် : "..."
မဟုတ်မှ သူ့မှာ ဒီချစ်စဖွယ်ညီမလေးနဲ့ ဆော့နိုင်ဖို့ နောက်ထပ်အခွင့်အရေးဆိုတာ မရှိတော့ဘူးများလား?
ကောင်လေးမှာ ဦးနှောက်ကို ခြစ်ကုတ်ထုတ်ပြီး ရုတ်တရက် အတွေးပေါက်သွား၏။
"ကျွန်တော့်အရုပ်တွေအကုန် ညီမလေးကို ပေးလို့ရလား?"
ခေါင်းရှုပ်စွာ ဘေးမှကြည့်နေသည့် ကလေးမလေးက ရုတ်တရက် ဝင်ပြောလာ၏။
"ဒါပေမယ့် ငါမှ နင့်အရုပ်တွေ မလိုချင်တာ"
လီယွမ် : "..."
ကြေကွဲနေသော မျက်လုံးနီနီလေးများဖြင့် ကြည့်လိုက်၏။
အကုန်လုံးမှာ ဒါ သူနှင့်တန်သည်ဟု ခံစားရ၏။
လီရှန်မင်မှာ အကြောင်းပြချက်တချို့ကြောင့် ရယ်ချင်နေမိသည်။ သူက ရွယ်ယန်၏အရုပ်ဘူးများကို ခပ်မြန်မြန် ဓာတ်ပုံရိုက်ယူပြီးနောက် သူ့အိမ်က ကောင်စုတ်လေးအား တစ်ခါတည်း ဆွဲခေါ်သွားလိုက်တော့သည်။
"အားယန် အန်ကယ် သမီးရဲ့အရုပ်အသစ်တွေကို နောက်ရက်ကျရင် လာပေးမယ်နော်"
လီရှန်မင် တံခါးမှ လျှောက်ထွက်သွားသည်နှင့် အပြင်ဘက်တွင် သူ့ကိုဝိုင်းလာကြသည့် လူအုပ်ကြီးကို ရုတ်တရက် တွေ့လိုက်ရသည်။ သူက ကသိကအောက်နိုင်စွာ ပြုံးရင် ရှင်းပြလိုက်၏။
"အာ ကလေးတွေက ဘာကောင်းမှန်းဆိုးမှန်း သိတာမဟုတ်ဘူး ငါ ဒီကောင့်ကို ကောင်းကောင်း သမပြီးပြီ"
ပြောပြီးသည်နှင့် အိမ်သို့ ခပ်မြန်မြန် လစ်ထွက်လာခဲ့လိုက်သည်။
ကိစ္စများ ဖြေရှင်းလုနီးပါးဖြစ်သွားပြီကို မြင်လျှင် ကလေး၏ငိုသံကြောင့် ထွက်လာကြသည့် ယဲဝမ်၊ လင်ရိဖုန်နှင့် အန်းစီထုန်တို့ သုံးယောက်သားက နောက်ဆုံးတွင် လျို့ဟွား၏အိမ်ထဲတွင် ဝင်သွားလိုက်ကြသည်။
အန်းစီထုန် အိမ်ထဲသို့ ဝင်လျှင်ဝင်ချင်း သူ(မ)ရဲ့အသည်းအသက်လေးအား နေရာအနှံ့ လိုက်ရှာတော့သည်။ သူ(မ)ရဲ့ အသည်းလေးက မျက်လုံးနီနီလေးများဖြင့် ဧည့်ခန်းအလယ်တွင် ဆောင့်ကြောင့်ထိုင်ရင်း အရုပ်များကို သိမ်းနေသည်အား မြင်ရလိမ့်မည်ဟု သူ(မ) မမျှော်လင့်ထားခဲ့မိချေ။
ထိုမြင်ကွင်းက သူ(မ)အား အတော်လေးကို စိတ်သောက ရောက်ရစေသည်ပင်။
သူ(မ)က လျှောက်သွားလိုက်ပြီး ရွယ်ယန်ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ကာ ညင်သာစွာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ အားယန်? ခုနက ရှောင်ကောကောက ကလေးကို အနိုင်ကျင့်လိုက်လို့လား?"
ကလေးမလေးက အန်းစီထုန်အား မော့ကြည့်ပြီး ဝမ်းနည်းကြေကွဲစွာ ရှင်းပြလာ၏။
"အန်တီ ခုနက အဲ့ဒီကိုကိုက အားယန်ရဲ့အရုပ်တွေကို ဖျက်ဆီးလိုက်တာ"
ကလေးမလေး သူ(မ)ရဲ့အရုပ်များအား ထုတ်ကြွားဖူးသည်ကို အန်းစီထုန် မှတ်မိသည်။ သူ(မ) ထိုအရုပ်များနှင့်ပတ်သက်ပြီး ချီလင်းဟန်အား သာမန်ကာလျှံကာဖြင့် ဈေးပင် မေးဖူးသေး၏။
သူ(မ)မှာ ရုတ်ခြည်းဆိုသလို ပိုလို့ပင် သောကရောက်ရတော့သည်။
"ကိစ္စမရှိဘူး အားယန် မငိုနဲ့တော့နော် အန်တီက အားယန်အတွက် အသစ်ပြန်ဝယ်ပေးမယ်"
ရွယ်ယန်က ရှက်ကိုးရှက်ကန်း ပြုံးရင်း
"အန်တီ အန်ကယ်လီက အားယန်အတွက် အသစ်ပြန်ဝယ်ပေးမယ်လို့ ပြောသွားတယ်"
အန်းစီထုန် ကလေးမလေး၏မျက်နှာကို ညှစ်လိုက်ပြီး
"ဘာအရေးမှတ်လို့ အန်တီကလည်း အားယန်အတွက် ဝယ်ပေးမှာလေ"
လျို့ဟွားက ဘေးမှနေ၍ အမြင်ကတ်စွာ ဝင်ပြောလိုက်၏။
"လိုက်ရှုပ်မနေနဲ့ အားယန် သူ့အရုပ်တွေကို သိမ်းဖို့ကျန်သေးတယ်"
အန်းစီထုန်က ဖြည်းညင်းစွာ တုံ့ပြန်လာပြီး ဘေးပတ်ပတ်လည်ကို ကြည့်ကာ ချီတုံချတုံဖြင့် နောက်ဆုတ်ပေးလိုက်၏။
"ဒါဆို အားယန် ဆက်သိမ်းတော့နော် အန်တီ ကလေးကို မနှောင့်ယှက်တော့ဘူး"
သူ(မ)လည်း အရုပ်တွေကို ပျက်စီးသွားစေမည်စိုး၍ အကူအညီ ဝင်မပေးဖြစ်ချေ။
သို့နှင့် လူကြီးများက ဆိုဖာပေါ်တွင် ထိုင်ကာ စကားပြောရင်းဖြင့် ကြမ်းပြင်ပေါ်တွင် အရုပ်များအား သိမ်းဆည်းနေကြသည့် ကလေးတစ်အုပ်ကို ကြည့်နေလိုက်ကြသည်။
သူ့အဖေဆွဲခေါ်သွားသည့် လီယွမ်မှာမူ အခြေအနေကို ပြန်သိရသည့် အမေဖြစ်သူ၏ ရိုက်နှက်ခြင်းကို နောက်တစ်ခါ ထပ်ခံရတော့သည်။
သူ့ခမျာ ကုတင်ပေါ် လှဲလျောင်းပြီး ဝမ်းနည်းပက်လက် ငိုကြွေးနေတော့သည်။
"မေမေ သား ညီမလေးနဲ့ ကစားချင်တယ်လို့"
အမေလီက မျက်စောင်းထိုးပြီး
"အိပ်မက်မက်နေ ငါသာ နင့်ညီမလေးဆို ငါလည်း နင့်ကို ထရိုက်ချင်မှာပဲ"
သူ(မ) လျို့မိသားစုမှ ကလေးမလေးအား အရင်က မြင်ဖူးခဲ့ပြီးပြီဖြစ်ပြီး သူ(မ)မှာ ကလေးအား အလွန် သဘောကျနေခဲ့သည်။
လီယွမ် : "ဒါပေမယ့် မေမေ၊ မေမေ သားကို ခုလေးတင် အကြမ်းကြီး ရိုက်ပြီးသွားပြီလေ"