အပိုင်း (၄၅)
ရွယ်ယန်၏အရုပ်များကို ဖျက်ဆီးလိုက်ခြင်းကြောင့် သူ့မိဘတွေ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည့် လီယွမ်ကား ယနေ့တွင် ရွယ်ယန်နှင့်ကစားရန် မျက်နှာပြောင်တိုက်စွာ ရောက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ရွယ်ယန်က သူ(မ)နှင့်လာကစားသည့် လီယွမ်အား အနည်းငယ် ခေါင်းရှုပ်စွာဖြင့် ကြည့်လိုက်သည်။ ကလေးမလေးက သူ(မ)၏အကိုအမများနောက် ရှက်ကြောက်စွာ ဝင်ပုန်းလိုက်သည်။
ရွယ်ယွိက မျက်မှောင်ကြုတ်ပြီး
"အားယန် အိမ်စာတွေ လုပ်စရာရှိနေသေးတယ် မင်းနဲ့ မကစားပေးနိုင်ဘူး"
လီယွမ်က သူ့ကျောပိုးလွယ်အိတ်ကို ပုတ်ပြပြီး
"ငါ့မှာ အရုပ်တွေ ပါလာတယ်"
ယဲအန့်နင်က သူ့ပတ်လည်အား စက်ဝိုင်းပတ်ကာ
"နင့်မှာ အိမ်စာလုပ်စရာမရှိဘူးလား? အားယန်က အိမ်စာမလုပ်တဲ့သူတွေနဲ့ ဆော့ရတာ မကြိုက်ဘူးနော်"
သတင်းကြားနောက် ရောက်လာသည့် ချီလင်းဟန်တစ်ယောက် ရေးကြီးသုတ်ပျာ ဖြစ်နေတော့သည်။ သူက မျက်ခုံးများကို စုကျုံ့ပြီး ကောင်ကလေးကို ကြည့်ကာ
"အားယန် မနေ့က ပြောလိုက်တယ်မလား သူ မင်းကို မုန်းတယ်လို့"
လီယွမ်က အမြန် ရှင်းပြလိုက်၏။
"ငါမှားမှန်း သိပါတယ်ဆို ငါ အားယန်အရုပ်တွေကို နောင် ဘယ်တော့မှ မဖွတော့ပါဘူး"
ရွယ်ယန်က ရွယ်ကျစ်အနောက်ကနေ ချောင်းကြည့်ပြီး
"နင် သူများအရုပ်တွေကိုလည်း မဖွရဘူး"
လီယွမ်တစ်ယောက် ကပျာကယာ ခေါင်းညိတ်ပြလာပြီး
"အိုခေ"
ငါ့ညီမလေးက အရမ်း ချစ်ဖို့ကောင်းတာပဲ!
သူ စကားပြောနေစဉ် ရွယ်ကျင်းဟုန်က ဘူးအများအပြား သယ်ကာ ရောက်ချလာပြီး တံခါးကို ခေါက်လိုက်သည်။
"အားယန် ကျောင်းကနေ ပြန်မရောက်သေးဘူးလား"
ရွယ်ယန်၏မျက်လုံးများက တောက်ပသွား၏။ သူ(မ)က ရွယ်ကျင်းဟုန်၏ရင်ခွင်ထဲ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ပြေးဝင်လိုက်၏။
"ဖေဖေ!"
ရွယ်ကျင်းဟုန်က သူ့လက်ထဲမှ ပစ္စည်းများကို ကလေးမလေး မြင်အောင် မြှောက်ပြလိုက်ပြီး
"အားယန် အန်တီယဲပြောတာ သမီးရဲ့အရုပ်တွေ ကျိုးသွားလို့ဆို ဒါကြောင့်မလို့ ဖေဖေက သမီးအတွက် အသစ်တွေ ဝယ်လာခဲ့ပေးတယ်"
ရွယ်ယန်က ဘူးများထဲမှ တစ်ဘူးကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်လိုက်ပြီး
"အရုပ်အိမ်လေး! ကျေးဇူးတင်ပါတယ် ဖေဖေ!"
ရွယ်ကျင်းဟုန်၏မျက်နှာထက်တွင် အဖေအိုတစ်ယောက်၏ အလိုလိုက်သော အပြုံးတို့ ပွင့်လန်းနေ၏။
"အားယန်က အရမ်းလိမ္မာတာပဲ"
"အန်ကယ်ရွယ်..." ကောင်လေး၏ တိုးဖျော့သော အသံက ဘေးကနေ ထွက်လာ၏။
ရွယ်ကျင်းဟုန်က လှမ်းကြည့်လိုက်ပြီး လီရှန်မင်၏ သားဖြစ်သူကို တွေ့လိုက်ရသည်။ သူက အားနာပါးနာမရှိဘဲ လီယွမ်၏ နဖူးကို ခေါက်ထည့်လိုက်ပြီး
"ကောင်စုတ်လေး မင်း ငါ့သမီးရဲ့အရုပ်တွေကို ဖျက်ဆီးလိုက်တယ်ဆို"
လီယွမ်မှာ ဝမ်းနည်းစွာဖြင့်
"အန်ကယ်ရွယ် သားဖေဖေနဲ့ မေမေလည်း မနေ့ကပဲ သားကို ရိုက်ပြီးသွားကြပြီ ပြီးတော့ အခု သားမှားမှန်းလည်း သားသိပါတယ်"
ရွယ်ယန်က သူ(မ)အဖေ၏နား,နားသို့ တီးတိုးလိုက်၏။
"ဖေဖေ ဒီကောကောက အားယန်နဲ့ ဘာလို့ ကစားချင်နေရတာလဲ"
ရွယ်ကျင်းဟုန်မှာ မနေနိုင်အောင် ရယ်မိပြီး
"အားယန်က အရမ်းအရမ်း ချစ်ဖို့ကောင်းလို့ပဲ နေမှာပေါ့"
သူက လီယွမ်ကို ကြည့်လိုက်ပြီး
"ကောင်လေး မင်း အားယန်ကို သူ မင်းကို ခွင့်လွှတ်ပြီလားမေးရမယ် ပြီးရင်တော့ သူ မင်းနဲ့အတူတူဆော့ချင်လားဆိုတာ သိရမှာပေါ့"
လီယွမ်က ရွယ်ယန်အား မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း အနည်းငယ် ရုန်းကန်နေရပြီးနောက်တွင် ကလေးမလေးက
"အားယန် အိမ်စာ သွားလုပ်ရအုံးမယ်"
လီယွမ်သည်လည်း ဇွဲမလျှော့ချေ။
"ဒါဆို ငါ နင့်ကို ကူပြီးသင်ပေးမယ်..."
သူ့မှာ စကားပြောလို့ပင် မဆုံးသေးခင် သူ့ခေါင်းထက် အရိပ်များစွာ အုပ်မိုးလာသည်ကို ခံစားလိုက်ရသည်။ လီယွမ်တစ်ယောက် တောင့်တင်းစွာ မော့ကြည့်လိုက်ရင်း ရွယ်ယွီ၊ ရွယ်ကျစ်၊ ချောင်းကျဲနှင့် ချီလင်းဟန်တို့ သူ့အား အထက်စီးက ငုံ့ကြည့်လာသည်ကို တွေ့လိုက်ရသည်။
"ငါတို့က အားယန်ကို သင်ပေးလို့မတတ်ဘူးပေါ့?"
လီယွမ် : "..."
နောက်ဆုံးတွင် လီယွမ်တစ်ယောက် အိမ်ပြန်ရောက်လာကာစဖြစ်သည့် လီရှန်မင်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရတော့သည်။
ရွယ်ယန်နှင့် အခြားသူများက လီယွမ်အား အမှန်တကယ် ဖယ်ကြဉ်ထားကြခြင်းမဟုတ်ပေ။ နောက်ဆုံးတွင် သူတို့နှင့်အတူ ကစားရန် သူ့အား ခေါ်လိုက်ကြသည်။
လီယွမ်က ထီကျစ်ရှေ့ ဆောင့်ကြောင့်ထိုင်ပြီး ထီကျစ်နှာခေါင်းကို ထိုးကာ
"ငါကြားတာ ထီကျစ်က ဝံပုလွေဆို အဲဒါ အမှန်ပဲလား"
ရွယ်ယန်သည်လည်း ထီကျစ်ရှေ့ ဆောင့်ကြောင့်ထိုင်ရင်း လက်လေးကို ဆန့်ထုတ်ကာ ထီကျစ်မေးအောက်အား ကုတ်ပေးလိုက်သည်။
"ဒါပေါ့ ဒါပေါ့ မမိုက်ဘူးလား"
လီယွမ်၏မျက်လုံးများ တောက်ပသွားပြီး
"မိုက်တယ်!"
ရွယ်ယန်က ဂုဏ်ယူစွာဖြင့်
"ထီကျစ်ကို ဘယ်လိုအူရမလဲဆိုတာ အားယန်ပဲ သင်ပေးထားတာလေ!"
လီယွမ်က ခေါင်းရှုပ်သွားပြီး
"ဟမ်?"
ရွယ်ယန်က မျက်တောင်လေးခတ်ကာ ထီကျစ်၏ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး
"ထီကျစ် အာဝူးးး အာဝူးးးး"
ထီကျစ် : "..."
ဒီကလေး နည်းနည်းလေးများ မတုံးနေဘူးလား?
သူက စိတ်ထဲ၌ သက်ပြင်းချလိုက်သော်လည်း အပေါ်ယံတွင်တော့ အစွယ်များကို ထုတ်ပြပြီး အူပြရတော့သည်။
"အာဝူးးး!"
ထီကျစ်က ယခင်ကလို ပါပီပေါက်စလေး မဟုတ်တော့ချေ။ ယခုတွင် နျို့ကောလျို့ရှိ၊ ဝံပုလွေများ၏ ဘုရင်ဖြစ်နေပြီ!
ထီကျစ်က ၎င်း၏လည်ချောင်းထဲမှ ဘုရင်တစ်ပါးနှင့် သင့်လျော်သော အူသံကို အော်ပြလိုက်၏။ လီယွမ်မှာ အလွန်လန့်သွားပြီး ထခုန်လုမတတ်ဖြစ်သွား၏။
"မိုက်... အရမ်းမိုက်တာပဲ!"
လီယွမ်၏မျက်နှာမှာ အံ့အားသင့်ထိတ်လန့်မှုများ အပြည့်ဖြင့်။
ထီကျစ်က ဘယ်လိုလုပ်ပြီး အားယန်ရဲ့နူးနူးညံ့ညံ့အော်သံကနေ ဒီလို ကြောက်မက်ခက်ထန်ဖွယ်ကောင်းတဲ့ အူသံကို သင်နိုင်သွားရတာလဲ?
ရွယ်ယွိသည်လည်း မျက်ခုံးများကို မြှင့်လိုက်မိပြီး ထီကျစ်က တဖြည်းဖြည်း အရွယ်ရောက်လာပြီကို အချိန်နှောင်းစွာ သဘောပေါက်လိုက်တော့သည်။
ရှောင်ရွယ်ယန်က ပိုလို့ပင် ဂုဏ်ယူဝင့်ကြွားလာ၏။
"တွေလား! ငါ သင်ပေးထားတာ အဲဒါ!"
လီယွမ် : "..."
ယုံမနေဘူး!
သို့သော် ဘေးပတ်လည်ရှိ လူများ၏ ခြိမ်းခြောက်သော အကြည့်များအောက်တွင် မျက်နှာလိုမျက်နှာရဖြင့် လက်ခုပ်တီးကာ
"အားယန်က အရမ်းမိုက်တာပဲ"
ရွယ်ယန်တစ်ယောက် ထီကျစ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ဖော်လံဖားလုပ်တော့သည်။
"ငါတို့ရဲ့ထီကျစ်လေးကလည်း အရမ်းအရမ်းကို တော်တာပဲ!"
လျို့မန်က ကလေးများအတွက် နောက်ဖေးသို့ သရေစာမုန့်များနှင့် အချိုပွဲများယူလာပေးပြီး
"ကလေးတို့ လာ ဒီမှာ မုန့်လာစားကြအုံး"
ရွယ်ယန်က ထီကျစ်၏နားကို ညှစ်လိုက်ပြီး
"ထီကျစ် ငါ့ကို ဒီမှာ စောင့်နေနော် ငါ နင့်အတွက် မုန့်တွေ သွားယူလာခဲ့ပေးမယ်!"
ထီကျစ်က မြေပေါ် လှဲချလိုက်၏။
"အာဝူး"
ကလေးမလေးက အဖြေပြန်ရပြီးသည်နှင့် ခြေတိုတိုလေးများဖြင့် မုန့်သွားယူရန် သွက်သွက်ကလေး လျှောက်သွား၏။
သူ(မ) ခြေနှစ်လှမ်း လှမ်းပြီးသည်နှင့် လီယွမ်က ကိတ်အသေးနှစ်ခုကို ယူလာပြီး သူ(မ)ကို ကမ်းပေးလာ၏။
"အားယန် ငါ နင့်အတွက် နှစ်ခုယူလာပေးတယ်"
ရွယ်ယန်က မျက်လုံးများ လခြမ်းသဏ္ဌာန်ကွေးညွှတ်သည်အထိ ပြုံးပြီး
"ကျေးဇူးတင်ပါတယ်"
သို့သော် သူ(မ)က တစ်ဖက်သို့ လှည့်လိုက်သည်နှင့် သူ(မ)အနားရှိ ယဲအန့်နင်နှင့် ရှန်နျန်အား ရတနာဆက်သသည့်အလား ကမ်းပေးလိုက်၏။
"ကျဲကျယ် နျန်နျန် ဒါ ကျဲကျယ် စားဖို့"
ယဲအန့်နင်က သူ(မ)ညီမလေး၏ဆံပင်ကို ပုတ်ပေးလိုက်ပြီး
"ကျေးဇူးတင်ပါတယ် အားယန်"
ရှန်နျန်က ကလေး၏ပါးကို ညှစ်လိုက်ပြီး
"ကျေးဇူးတင်ပါတယ် အားယန်"
လီယွမ် : "..."
ထီကျစ် : "..."
နင် ငါ့ကို ပေးဖို့ ကတိပေးထားတယ်လေ!
လီယွမ်မှာ အနည်းငယ် ဝမ်းနည်းသွားပြီး
"အားယန် အဲ့ဒါ ငါ နင့်အတွက်ယူလာခဲ့ပေးတာလေ"
ရွယ်ယန်က မျက်တောင်လေး ခတ်ပြီး
"သိတယ်လေ"
လီယွမ်က ဖိပြောလိုက်၏။
"ငါ နင့်အတွက် ယူပေးထားတာလို့!"
ရွယ်ယန်က အနည်းငယ် ခေါင်းရှုပ်သွားပြီး
"ငါ သိတယ်လို့!"
လီယွမ် : "..."
ဒန်းပေါ်တွင် ထိုင်ရင်းဖြင့် ယဲအန့်နင်တစ်ယောက် ကျေနပ်အားရစွာ ရယ်လေ၏။
"အားယန်က ကျဲကျယ်ကို သဘောအကျဆုံးပဲကိုး!"
ရှန်နျန်ကလည်း ခေါင်းညိတ်၏။
"အဟုတ်ပဲ" သူ(မ)ကလည်း အမပဲလေ!
ရွယ်ယန်တစ်ယောက် လီယွမ်နှင့် မုန့်ကြိုးလိမ်နေတော့၏။ နောက်ဆုံးအချိန်ထိ ကလေးမလေးမှာ ခေါင်းရှုပ်တွေဝေနေရဆဲဖြစ်ပြီး လီယွမ်မှာ ပိုလို့ပင် သောကရောက်လာရ၏။
သူသာ ကြိုသိခဲ့ရင် ကလေးရဲ့အရုပ်တွေကို စိတ်လိုက်မန်ပါနဲ့ လျှောက်ဖွပစ်မှာ မဟုတ်ဘူး! အခု ကလေးက သူ့ကို အကြိုက်ဆုံး မဖြစ်တော့ဘူး!
သို့သော် သူ မသိသည်မှာ သူ ရွယ်ယန်၏ အရုပ်ကို မချိုးခဲ့လျှင်တောင် ရွယ်ယန်က သူ့ကို အကြိုက်ဆုံး ဖြစ်မှာ မဟုတ်သည်ကိုပင်။
ရွယ်ယန်က ပါးများကို စူဖောင်းလိုက်ပြီး လီယွမ်နှင့် စကားဆက်မများနေတော့ချေ။
ထီကျစ်က ရွယ်ယန်၏အင်္ကျီကို သွားကိုက်လိုက်ပြီး သူ(မ)အား မုန့်များရှိရာဆီ ဆွဲခေါ်သွားလိုက်သည်။ ထိုအခါတွင်မှ ကလေးမလေးက အမှတ်ရသွားဟန်တူ၏။
"အို အား! ထီကျစ်အတွက် မုန့်ယူပေးဖို့မေ့သွားတယ်"
ထီကျစ် : "..."
သိနေတယ်လေ! ကလေးစုတ်လေး စိတ်ချလို့ကိုမရဘူး!
ထီကျစ်၏အကြည့်က ထက်ရှလွန်းတာကြောင့် ဖြစ်နိုင်ပြီး ရွယ်ယန်မှာ အနည်းငယ် လိပ်ပြာမလုံ ဖြစ်လာရ၏။ သူ(မ)က ထီကျစ်စားလို့ရစေရန် မုန့်နှစ်ခုကို ယူလိုက်ပြီး သူ့အရှေ့ ချပေးလိုက်သည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် သူ(မ)အကိုများကို မုန့်သွားဝေပေးလေ၏။
သူ(မ)ကိုယ်တိုင်က နောက်ဆုံးမှ စား၏။
လီယွမ်မှလွဲ၍။
လီယွမ်မှာ ဘေးမှနေ၍ အချိန်အတန်ကြာ စောင့်ကြည့်နေသည့်တိုင် ရွယ်ယန်က သူ့အား တစ်ခုမှ ပေးမလာခဲ့ချေ။ သူ့မှာ ဆက်ပြီး မနေနိုင်တော့ဘဲ အသိပေးလိုက်၏။
"အားယန် နင် ငါ့ကို တစ်ခုမှ မပေးရသေးဘူး"
ရွယ်ယန် သူ့အား ခေါင်းရှုပ်စွာ ကြည့်လိုက်ပြီး
"နင့်ဘာသာနင် ဘာလို့ သွားမယူတာလဲ? ဟိုမှာ ပန်းကန်တွေ အများကြီး ကျန်နေသေးတယ်လေ"
လီယွမ်တစ်ယောက် ငိုမိလုနီးနီး ကြေကွဲလာ၏။
"ဒါဆို ဘာလို့ သူတို့ကျတော့ ရတာလဲ? သူတို့လည်း သူတို့ဘာသာ ယူလို့ရတာပဲလေ!"
ကောင်ကလေးက တုန်ယင်စွာနှင့် ပွဲထိုင်ကြည့်နေကြသည့် တခြားသူများကို လက်ညှိုးထိုးပြလိုက်သည်။
ကလေးမက ခေါင်းလေးကုတ်ပြီး
"ဘာလို့လဲဆို ငါက ကိုကိုနဲ့မမတွေအတွက် ကူပြီးယူပေးရတာ သဘောကျတယ်လေ"
သူ(မ)၏အကိုနှင့်အမများကလည်း သူ(မ)အတွက် မကြာခဏဆိုသလို မုန့်များ ဝယ်လာပေးတတ်သည်။
လီယွမ်မှာ တောင့်ခဲသွားပြီး
"အားယန် နင် ငါ့ကို သဘောမကျဘူးပဲ..."
ချီလင်းဟန်က စိတ်မပါ့တပါဖြင့် အသိပေးလိုက်၏။
"မင်းပဲ မနေ့က အားယန်ရဲ့အကြိုက်ဆုံးအရုပ်တွေကို ဖျက်ဆီးခဲ့တာလေ"
လီယွမ် : "..."
သူ အတိတ်ကို ပြန်သွားပြီး သူ့ကိုယ်သူ ပြန်ရိုက်လိုက်ရမလား?