အပိုင်း ၇။ အချစ်ကိုရှာဖွေခြင်း
နှစ်ဦးသား အချိန်အတော်ကြာအောင် အကြည့်ချင်းဆုံပြီးနောက်တွင်မူ ရှောင်ဖေးဘက်မှ စတင်၍ အကြည့်လွှဲလိုက်၏။ "ရှင့်မှာ ပိုက်ဆံမရှိဘူးဆို ကျွန်မကို ဘယ်လိုလုပ် စောင့်ရှောက်ပေးလို့ရမလဲ... ဟုတ်တယ်မလား"
"ဟုတ်တာပေါ့" ရန်ဖေးသည် သူ၏ ဘုရားကျောင်းအစီအစဉ်အကြောင်း ပြောလို့ရပြီဟူ၍ ကြိတ်ပျော်နေစဉ် ရှောင်ဖေး၏ နောက်ထပ် ထွက်လာသော စကားများမှာ ရန်ဖေး၏ပါးစပ်ကို ပိတ်သွားစေခဲ့သည်။ "ဒါပေမဲ့ ရှင့်မှာ ပိုက်ဆံရှိရင်တော့ ကျွန်မကို စောင့်ရှောက်လို့ရတယ်လေ"
ရန်ဖေးသည် ရှောင်ဖေး၏ စကားကြောင့် နားဝေတိမ်တောင် ဖြစ်သွား၏။ ဤနေရာ၌ ပိုက်ဆံရှိသည်၊ မရှိသည်က အဓိက မဟုတ်ပါချေ။ အကယ်၍ သူ၏ရှေ့၌ ရပ်နေသော ဒုက္ခရောက်နေသူမှာ ယောက်ျားလေးသာ ဖြစ်ခဲ့ပါက ရန်ဖေးအနေဖြင့် တွေဝေခြင်းမရှိပဲ သူနှင့်အတူ ခေါ်သွားမည်ပင်။ သို့သော်ငြားလည်း မိန်းကလေးဖြစ်နေသောကြောင့် ယောက်ျားနှင့်မိန်းမ အတူတူ နီးနီးကပ်ကပ် ရှိနေပါက မလိုလားအပ်သည့် ပြဿနာများ အနှေးနှင့်အမြန် ဖြစ်လာပေလိမ့်မည်။ ရန်ဖေးသည် ထိုအကြောင်းတရားများကို စဉ်းစားပြီး စိတ်ပူသောကြောင့်သာ ရှောင်ဖေးအား ဝေးဝေးသို့ တွန်းထုတ်နေခြင်းဖြစ်၏။ ထိုမိန်းကလေး သူ့အား ကြောက်ရွံ့ခြင်းအလျဉ်းမရှိသည်မှာ အလွန် အံ့ဩဖွယ်ကောင်းပေစွ။
ရန်ဖေးသည် စိတ်ထဲမှစကားများကို အပြင်သို့ ထုတ်မပြောပဲ ရှောင်ဖေး၏ အလေးအနက်ဖြစ်နေသည့်မျက်နှာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ဖေးသည် အနှီအမျိုးသား၏ အပြုအမူကြောင့် အားတက်သရော ထပ်ပြောလိုက်၏။ "ဒါဆို ခုနက ဟိုလူတွေ ပြောသွားတဲ့ကိစ္စ သွားစုံစမ်းရအောင်လေ"
"ဘယ်ဟာတုန်းကွ"
"သူခိုးဖမ်းတာလေ"
"သူခိုးဖမ်းတာ?"
"ခုနက ဟိုလူတွေ ပြောသွားတယ်လေ... ဖမ်းမိရင် ငွေဒင်္ဂါးတွေ ရမယ်ဆိုလား... ဒီမှာ ဒီမှာ ကျွန်မ ငွေဒင်္ဂါးတွေ ရလာရင် ဖက်ထုပ်ဘယ်နှစ်ခုလောက် စားလို့ရလဲဟင်"
ရန်ဖေးသည် အနှီမိန်းကလေးအား တယ်လည်းတတ်နိုင်တဲ့မိန်းကလေးဟူ၍ပင် စိတ်ထဲမှ မှတ်ချက်ပြုမိသွား၏။
ရှောင်ဖေးသည်လည်း ရန်ဖေး၏ အကြည့်များမှတစ်ဆင့် သူမအပေါ် ထားသည့် သဘောထားကို ခန့်မှန်းမိသောကြောင့် အနည်းငယ် အားတုံ့အားနာ ဖြစ်သွားသည်။
လမ်းပေါ် ဖြတ်သွားဖြတ်လာ လုပ်နေကြသည့် လမ်းသွားလမ်းလာအချို့သည် ရှောင်ဖေး၏ပုံစံအား အထူးအဆန်းကဲ့သို့ ကြည့်သွားကြ၏။
သူတို့အနေဖြင့် ထူးဆန်းမည်ဆိုလျှင်လည်း ထူးဆန်းချင်စရာပါပင်။ ထိုသူတို့နှင့် မတူသည့် ခပ်တိုတိုဆံပင်၊ ထိုမျှသာမက ခန္ဓာကိုယ်အရွယ်အစားနှင့်ပင် မမျှသည့် အင်္ကျီကြီးကိုလည်း ခန္ဓာကိုယ်ထက်၌ လွှမ်းခြုံထားသေး၏။ ခြေထောက်၌လည်း ဖိနပ်မရှိပဲ ခြေထောက်ကို ဖုံးအုပ်ပေးထားသည့် တစ်ခုတည်းသော ခြေအိတ်မှာ ရွှံ့ရေများဖြင့် ညစ်ပတ်ပေရေနေသေးသည်။ ထိုလမ်းသွားလမ်းလာများနှင့်အတူ ရန်ဖေးသည်လည်း ရှောင်ဖေး၏အသွင်အပြင်အား ယခုထိတိုင် အဖြေထုတ်နေရဆဲပင်။
ထိုမိန်းကလေးသည် မည်သည့်အရပ်မှ ရောက်လာခဲ့ပါသနည်း။ ထို့အပြင် ထိုမိန်းကလေးအား တွေ့သည့်အချိန်မှာ တောထဲ၌ဖြစ်ပြီး အနှီမိန်းကလေးနောက်မှ လိုက်လာသည့် ဓားပြဟူ၍လည်း မရှိခဲ့ပါချေ။ သူနှင့်ထန်မိန်းကလေးတို့ မီးလှုံနေကြသည့်အချိန်၌ ထူးထူးဆန်းဆန်း အသံကို ကြားလိုက်ရ၍ ရှာဖွေကြည့်ခဲ့ရမှ အနှီမိန်းကလေးအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါမိန်းကလေးထံ၌ ရန်ဖေးတို့ ၀တ်စားဆင်ယင်မှုနှင့် တူညီသည့် အ၀တ်အထည်ဟူ၍ စိုးစဉ်းမျှ မတွေ့ရပါချေ။
အဆိုပါမိန်းကလေး မည်ကဲ့သို့ ပေါ်ထွက်လာပြီး မည်သည့်နည်းဖြင့် သစ်ပင်ပေါ်သို့ ရောက်ရှ်ိနေခဲ့ပါသနည်း။ ထို့အပြင် အဘယ့်ကြောင့် သူ့နောက် တကောက်ကောက် လိုက်နေပါသနည်း။
ရန်ဖေးသည် ရှင်သန်လိုစိတ် ပြင်းပြနေသည့် သူမ၏ မျက်နှာထားကို ကြည့်ကာ ရယ်လည်းရယ်ချင်သွားသကဲ့သို့ တစ်ဖက်၌လည်း သက်ပြင်းချမိသွား၏။ ထို့အပြင် ထိုမိန်းကလေး၏ ခြေထောက်များသည် နောက်ထပ်ခရီးဝေးဝေး ထပ်မလျှောက်နိုင်တော့မည်ကိုလည်း တစ်ဆက်တည်း ခန့်မှန်းမိလိုက်သည်။ အနှီမိန်းကလေးသည် တစ်နေကုန်နီးပါး သူ၏ခြေလှမ်းကျဲကြီးများကို မှီရန် အနောက်မှ မနည်းပင် အမှီလိုက်ခဲ့ရကြောင်း ရန်ဖေး ခန့်မှန်းမိ၏။
ထို့အပြင် ဘုရားကျောင်းကို သွားရမည့်ခရီးမှာ အကွာအဝေးအားဖြင့် လိုသေးသည်ဖြစ်ရာ အနှီမိန်းကလေးသည် ထိုမျှလောက်ထိ သွားနိုင်လိမ့်မည် မဟုတ်ပါ။ ရန်ဖေးသည် အစစအရာရာ ချင့်ချိန်တွက်ချက်ကြည့်လိုက်သည်။
"တကယ်လို့ ငွေဒင်္ဂါးခုနှစ်ပြားဆိုရင် ကြေးဒင်္ဂါးအခုငါးထောင် တန်ဖိုးနဲ့ ညီမျှတယ်"
'ကြေးဒင်္ဂါးအခုငါးထောင်?' စုရှောင်ဖေး တစ်ချက် တွက်ချက်လိုက်၏။ ဖက်ထုပ်တစ်ခုကို ကြေးဒင်္ဂါးငါးပြား တန်ကြေးရှိပါက ကြေးဒင်္ဂါးအခုငါးထောင်ဆိုလျှင် ဖက်ထုပ်အခုတစ်ထောင် ရရှိပေလိမ့်မည်။ အကယ်၍ ထမင်းတစ်နပ်လျှင် ဖက်ထုတ်ငါးခုကျစီ စားနိုင်ပါက နှစ်လလောက် မပူမပင် စားနိုင်ပေလိမ့်မည်။
ဖက်ထုပ်တွေချည်းစားကာ ချွေတာပြီး ကျန်သည့်ပိုက်ဆံများကို စုဆောင်းလိုက်ပါက အ၀တ်အစားများကို ၀ယ်ယူနိုင်ပြီး အိမ်ပါငှားရမ်းနိုင်လိမ့်မည်ဟု စုရှောင်ဖေး ယူဆမိသည်။
"မိန်းကလေး..." ရန်ဖေးသည် အနှီမိန်းကလေး၏ ပုံစံကိုကြည့်ကာ အလွန်သနားမိ၏။
"ကျွန်မတို့ သူခိုးကို ဖမ်းပြီး ငွေဒင်္ဂါးတွေ ရအောင် ယူကြမယ်လေ"
"သူခိုးတွေက ကျွန်တော်တို့ကို ပြန်မဖမ်းသွားရင်ပဲ ကံကောင်းနေပြီ... ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ဖမ်းနိုင်မှာလဲ"
စုရှောင်ဖေးတစ်ယောက် အလွန်စိတ်ညစ်သွားသည်။ သူမသည် ဤနယ်မြေဒေသ၌ မကျွမ်းကျင်သည့် ဧည့်သည်တစ်ဦးသာ ဖြစ်လေရာ အနှီကိုလူချော၏ အကူအညီမရှိပါက သေချာပေါက် အဆင်ပြေနိုင်လိမ့်မည် မဟုတ်ပါ။ သို့သော်ငြား သူမတို့နှစ်ဦးသာ ပူးပေါင်းလိုက်ပါက အစစအရာရာ အဆင်ပြေသွားလိမ့်မည်ဟု တထစ်ချ ယုံကြည်နေမိ၏။ ထို့အပြင် အနှီအမျိုးသားသည် အဘက်ဘက်၌ အရည်အချင်းပြည့်၀သူ မဟုတ်ပါလော။
သူမ ရှိရာ သစ်ပင်နားသို့ ချဉ်းကပ်လာသည့် ခြေသံမှာ အလွန်တိုးညှင်းလှပြီး သူမပင် သတိမထားမိခဲ့ပါချေ။ ထို့အပြင် သူမအား သစ်ပင်ပေါ်မှ ဆင်းနိုင်ရန် ကူညီပေးခဲ့ပြီး အောက်ရောက်သည်နှင့် သူ၏အင်္ကျီများအပေါ် တစ်သားတည်း ဖြစ်စေနိုင်ခြင်းမှာ နည်းနည်းနောနော အရည်အချင်းနှင့် မရပါချေ။ ထို့ကြောင့် အနှီအမျိုးသားသည် သူခိုးအား သေချာပေါက် ဖမ်းနိုင်လိမ့်မည်ဟု စုရှောင်ဖေး အခိုင်အမာ ယုံကြည်မိ၏။
"သူခိုးဖမ်းမဲ့ကိစ္စကို ခဏအသာထားပါဦး... လောလောဆယ် နေစရာနေရာကိစ္စက ပိုအရေးကြီးတယ်ဗျ"
"ဒါပေမဲ့ အခုလောလောဆယ်က ကြေးဆယ့်ငါးပြားပဲ ရှိတယ်လေ" ရှောင်ဖေးသည် သူခိုးဖမ်းပြီး ငွေဒင်္ဂါးများ ရရှိလာရေးကိုသာ စိတ်ဆောင်လျက်ရှိသည်။ ရှောင်ဖေးနှင့် ဆန့်ကျင်စွာဖြင့်ပင် ရန်ဖေးသည် သူခိုးဖမ်းရန် နည်းနည်းမျှပင် စိတ်မ၀င်စားပါချေ။
"မိန်းကလေးက ကျွန်တော့် နောက်ကို လိုက်ခဲ့မှာလား"
"ဒါပေါ့... တစ်ယောက် တကွဲတပြားစီ ဖြစ်နေတာထက် နှစ်ယောက်အတူတူရှိတာ ပိုမကောင်းဘူးလား"
ရှောင်ဖေးသည် သူမလက်ထဲမှ ကြေး ၁၅ ပြားကို ကြည့်ရင်း အတွေးများစွာ ၀င်ရောက်လာခဲ့သည်။ ယခင်က သူမသည် သူမ ကျွမ်းကျင်ရာ နယ်ပယ်၌ စမတ်ကျစွာ အလုပ်လုပ်ကိုင်ရင်း နာမည်တစ်လုံးနှင့် နေလာခဲ့ကာ ငွေကြေးအတွက်လည်း စိတ်ပူစရာ မလိုခဲ့ပါချေ။ လူပေါင်းများစွာသည်လည်း သူမနှင့် အလုပ်အတူတူ တွဲလုပ်နိုင်ရန် စကားလုံးများကို ရိုသေစွာ ပြောကြရ၏။
သို့သော်ငြား ယခုတွင်မူ သူမ၏ လျှမ်းလျှမ်းတောက် အချိန်များနှင့် ခြားနားစွာပင် လက်ထဲ၌ ကြေးစ ၁၅ ပြား ရှိရုံနှင့်ပင် ပျော်ရွှင်နေရသည်။
ရှောင်ဖေးသည် ဘာလုပ်၍ ဘာကိုင်ရမှန်းပင် မသိသောကြောင့် သူမ ရွေးချယ်ရမည့် တစ်ခုတည်းသော ရွေးချယ်မှုမှာ အနှီအမျိုးသားနောက်သို့ လိုက်ရန်ပင် ရှိတော့၏။ ရန်ဖေးသည် စားသောက်ဆိုင်တစ်ဆိုင်ရှေ့၌ ခြေစုံရပ်လိုက်ပြီး ရှောင်ဖေးကို ဆိုင်ရှေ့၌ စောင့်ခိုင်းကာ အထဲသို့ ၀င်သွားသည်။ ခဏကြာသောအခါ ဆိုင်ထဲမှ ပြန်ထွက်လာကာ ရှောင်ဖေးအား ခေါင်းခါပြလာ၏။ "သူတို့တွေက အချိန်ခဏလေးပဲ အလုပ်လုပ်မယ်ဆို လိုဘူးတဲ့... ငါတို့ နောက်တစ်နေရာ ရှာရမယ်ထင်တယ်"
ရှောင်ဖေး ခေါင်းညိတ်ပြလိုက်ပြီး နာကျင်နေသည့်ခြေထောက်များကို အားယူလျှောက်လျက် အနှီအမျိုးသားနောက်သို့ လိုက်ရပြန်၏။ ဤသို့ဖြင့် ဆိုင်သုံးဆိုင်အား ၀င်မေးပြီး ဖြစ်သော်လည်း မထူးခြားလာခဲ့ပဲ လမ်းပေါ်၌ပင် အိပ်ရတော့မည်ဟု ခံစားမိလာသည်။ ရှောင်ဖေးသည် ခြေထောက်များ ကျိုးတော့မည်ကဲ့သို့ ခံစားနေရပြီး ခြေဖဝါးသည်လည်း မည်သည့်ခံစားမှုကိုမှ မရပါတော့ချေ။
ရှောင်ဖေးသည် ဆက်လက် သည်းမခံနိုင်တော့ပါ။ "ဒီမှာ ဒီမှာ... ကျွန်မတို့လေ ထန်မိန်းကလေးရဲ့အိမ်ကို ပြန်သွားပြီး အခက်အခဲတွေ ပြောပြကြမလားဟင်... သူတို့လည်း ကူညီကြမှာပါ"
ရန်ဖေး ခေါင်းခါပြလိုက်သည်။ "အဲ့လိုအနှောင့်အယှက် သွားပေးလို့ ကောင်းတဲ့ အခြေအနေ မဟုတ်ဘူး ထင်တယ်ဗျ"
ထို့နောက်တွင်မူ ရန်ဖေးသည် မနီးမဝေးရှိ သေရည်ဆိုင်သို့ ၀င်သွားကာ ပိုင်ရှင်ဖြစ်သူနှင့် စကားစမြည်ပြောနေ၏။ ထို့နောက်တွင်မူ အပြင်သို့ ပြန်ထွက်လာကာ ရှောင်ဖေးအား ခေါင်းညိတ်ပြလိုက်သည်။
စုရှောင်ဖေးသည် ချက်ချင်းပင် မျှော်လင့်ချက်များ ပြန်လည်ဖြစ်ပေါ်လာ၏။ "ဒီဆိုင်က အလုပ်သမားက ဒဏ်ရာရနေလို့ အလုပ်သမား အပိုမရှိနေတာနဲ့ အတော်ဖြစ်သွားတယ်... ဒါပေမဲ့ သူတို့မှာ အိမ်အပိုမရှိဘူးတဲ့... လွတ်နေတဲ့နေရာဆိုလို့ ထင်းတွေထားတဲ့နေရာပဲ ရှိတယ် ပြောတယ်... မင်း နေနိုင်ရဲ့လား"
စုရှောင်ဖေး ခေါင်းကို ခပ်သွပ်သွက် ညိတ်ပြလိုက်သည်။ "ရှင်သွားတဲ့နေရာ ကျွန်မ လိုက်မယ်လေ"
ရန်ဖေး၏ မျက်ခုံးများ မြင့်တက်သွားကာ ရှောင်ဖေးအား ခပ်တွေတွေ ကြည့်လိုက်၏။ ထိုအမျိုးသမီးသည် သူ့အား တစ်ခါမှ မခံစားဖူးသော ခံစားချက်များကို ခံစားစေသည်။
ထင်းသိုလှောင်ရုံသည် အကျယ်ကြီး မဟုတ်သော်ငြား ထင်းများ စုပုံထားခြင်း မရှိသဖြင့် သန့်ရှင်းသည်ဟု ဆိုရမည်ဖြစ်ပြီး အခန်းထောင့်နားတွင် ပျဉ်ချပ်များ စုပုံထား၏။ ရန်ဖေးသည် ထိုပျဉ်ချပ်များထဲမှ ဆိုဒ်ကြီးကြီးအချပ်များကို ရွေးထုတ်လိုက်ပြီး မြေပြင်၌ခင်းကာ ရှောင်ဖေး အိပ်နိုင်ရန် နေရာပြုလုပ်ပေးနေသည်။ ထိုအခိုက်၌ အပြင်ဘက်မှ အော်ခေါ်သံ ကြားလိုက်ရ၏။
အသံပိုင်ရှင်မှာ သေရည်ဆိုင်ဖွင့်ထားသူ သူဌေးစုန့်ဖြစ်ပြီး ရှောင်ဖေးအား ခဏခဏကြည့်ကာ အကဲခတ်လျက်ရှိသည်။ ရှောင်ဖေးသည်လည်း ရန်ဖေး၏အိတ်နောက် ခပ်ကွယ်ကွယ်အနေအထားတွင် ထိုင်ကာ သူဌေးစုန့်ကို စောင့်ကြည့်နေ၏။
သူဌေးစုန့်သည် ရန်ဖေးအား နှစ်ရက်၊ သုံးရက်ခန့် အလုပ်လုပ်ပေးရန် ပြောကြားခဲ့ပြီး ရန်ဖေးဘက်မှ လုပ်ပေးမည်ဖြစ်ကြောင်း ကတိခံလိုက်သောအခါ ရှောင်ဖေးရှိရာသို့ တစ်ချက်ကြည့်ပြီးနောက် သိုလှောင်ရုံထဲမှ ထွက်သွားခဲ့သည်။
"အဲ့သူဌေးက တစ်မျိုးကြီးပဲနော်... လူကိုလည်း ရွံစရာလို ကြည့်သွားလိုက်တာများ" ရှောင်ဖေးသည် ဆက်ပြောမည် ကြံသော်ငြား သူမ၌ ထိုကိစ္စထက် အရေးကြီးသည့်ကိစ္စရှိနေသောကြောင့် သူများအား အပြစ်တင်နေခြင်းကို ရပ်လိုက်၏။
"ဒါနဲ့ တွိုင်းလက်က ဘယ်မှာလဲဟင်"
"တွိုင်းလက်?"
"အာ... ရေအိမ်လေ... ရေအိမ်ကို ပြောတာ"
ရန်ဖေး ရှင်သန်လာသည့် ဘ၀တစ်လျှောက်လုံး၌ သူ့ထံ ရေအိမ်နေရာမေးဖူးသည့် အမျိုးသမီးဟူ၍ ဤတစ်ဦးသာရှိသည်။ သူသည် ချောင်းတစ်ချက် ဟန့်လိုက်ကာ ရေအိမ်နေရာကို ညွှန်ပြလိုက်၏။ "အနောက်တောင်ဘက်မှာ ရှိတယ်"
"အနောက်တောင်ဘက်ဆိုတာ ဘယ်လို ကြည့်ရတာလဲဟင်" ရန်ဖေးသည် အနောက်တောင်အရပ်ကို ညွှန်ပြလိုက်သည်။ ရှောင်ဖေးသည် ထိုနေရာသို့သွားရန် နေရာမှ ထလိုက်ရာ အားမရှိသည့် ခြေထောက်များမှာ ခွေကျသွားတော့၏။ ထိုအခြင်းအရာကြောင့် စုရှောင်ဖေး အလွန် တုန်လှုပ်သွားသည်။ သူမ အောက်ပိုင်းသေသွားပြီလော။
ရန်ဖေးသည် ရှောင်ဖေး၏အဖြစ်အား ဆက်မကြည့်နိုင်တော့သည်ကြောင့် လက်မောင်းကိုလျှို၍ တွဲပေးလိုက်ကာ ရေအိမ်ရှိရာသို့ လိုက်ပို့ပြီးနောက် အပြင်၌ ရပ်စောင့်ပေးနေ၏။
စုရှောင်ဖေးသည် ဤမျှလောက်ထိ ညစ်ပတ်နေသော အိမ်သာမျိုး မတွေ့ဖူးသောကြောင့် ပျို့အန်ချင်လာသည့်စိတ်ကို မနည်းထိန်းချုပ်နေရပြီး ကိစ္စမြန်မြန်ပြီးစေရန် အံကိုကြိတ်ကာ ခပ်မြန်မြန် ဖြေရှင်းလိုက်သည်။
ရန်ဖေးသည် ရှောင်ဖေးအား အထူးအဆန်းကဲ့သို့ ကြည့်နေသည်ကို သိသော်ငြား မသိချင်ယောင်ဆောင်လိုက်ရင်း သိုလှောင်ရုံဆီသို့ ခြေလှမ်းများကို ဦးတည်လိုက်၏။
နောက်တစ်နေ့မနက်သို့ ရောက်သောအခါ ရှောင်ဖေးသည် မည်သည့်နေရာကိုမှ မသွားပဲ အိပ်ရာထက်တွင်သာ လဲလျောင်းနေခဲ့သည်။ ရန်ဖေးသည် သူမထိုင်ရန် ထိုင်ခုံတစ်ခု ပြုလုပ်ပေးထားသေး၏။ ရှောင်ဖေးသည် ကုတင်ပေါ်၌ အချိန်ကြာကြာ လဲလျောင်းနေရသောကြောင့် အကြောအခြင်များ နာနေပြီဖြစ်ရာ ထိုင်ခုံ၌ ထိုင်ရန် ခြေလှမ်းများကို ခပ်နှေးနှေးသွားပြီး ထိုင်ခုံထက်၌ ထိုင်လိုက်သည်။
ရန်ဖေးသည် ခပ်လှမ်းလှမ်း၌ ထင်းခုတ်နေပြီး ပုဆိန်တစ်ခါ လွှဲလိုက်တိုင်း ထိုသူ၏ လက်မောင်းကြွက်သားများကို ရှုစားရ၏။ ရန်ဖေး ဒီဘက် လှည့်လာသောအခါ ရှောင်ဖေးသည် ခပ်မြန်မြန်ပင် အကြည့်လွှဲလိုက်ရသည်။ သူဌေးစုန့်သည် ရန်ဖေး၏အလုပ်လုပ်ပုံအား လုပ်ကြည့်ပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ သူ၏နေရာသို့ ပြန်ထွက်သွားသည်။ ရန်ဖေးသည် တာ၀န်ပေးထားသည်များကို ဇယ်ဆက်သလို လုပ်ဆောင်ရင်း ရှုပ်ပွသွားသည်များကို ဆေးကြောပြီးနောက် အပြင်ထွက်ရန် ပြင်ဆင်လိုက်၏။
"ရှင် ဘယ်သွားမလို့လဲဟင်" ရှောင်ဖေးတစ်ယောက် စိုးရိမ်တကြီး မေးးလိုက်သည်။
"မင်းအတွက် အ၀တ်အစားနည်းနည်း သွားရှာကြည့်မလို့ပါ"
"ကြေးဆယ့်ငါးပြားနဲ့ အ၀တ်အစား၀ယ်လို့ ရတာလား"
"မရဘူးလေ"
'အင်...' စုရှောင်ဖေး ပါးစပ်ပိတ်သွားသည်။ ပိုက်ဆံမလောက်ပါက မည်သည့်နည်းဖြင့် သူမအတွက် အ၀တ်အစားများ ၀ယ်လာပါမည်နည်း။
"မိန်းကလေး ထင်နေသလိုမျိုး မလုပ်ပါဘူး... စိတ်ချပါ... ကျွန်တော်က သူခိုး မဟုတ်ပါဘူး" ရန်ဖေးသည် မည်သည့်အရာကိုမှ ခိုးလာမည်မဟုတ်သောကြောင့် စိတ်ချလက်ချနေရန် ပြောကြားလိုက်သည်။
"အဲ့ဒါကြောင့် ပြောပါတယ်... ဓားပြဖမ်းပြီး ဆုငွေတွေ ယူရအောင်ပါဆို" စုရှောင်ဖေးတစ်ယောက် စောဒကတက်လိုက်၏။
"ဒီကိစ္စတွေက မင်းထင်သလောက် လွယ်မနေဘူး... လွယ်နေရင် ကျုပ် လုပ်ပြီးတာ ကြာပေါ့... ငွေစဆုကြေးအထိ ချီးမြှင့်မယ့်ပုံထောက်ရင် ဒီဓားပြက တော်ရုံတန်ရုံတော့ မဖြစ်နိုင်ဘူး... ကဲ ဒါတွေ ခဏထား... ကျုပ် အပြင်ခဏသွားလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ" စုရှောင်ဖေးသည် အနှီအမျိုးသားအား မသွားရန် တားမြစ်လိုသော်ငြား သူမထံ၌ ထိုကဲ့သို့သော အခွင့်အရေး မရှိပါချေ။ ထိုအစား ရှောင်ဖေးသည် သူမ အပြောချင်ဆုံး စကားတစ်ခွန်းကိုသာ ပြောလိုက်၏။ "ကျွန်မကိုတော့ ထားမသွားဘူးမဟုတ်လားဟင်... ပြန်လာမှာမလား"
ရန်ဖေးသည် ရှောင်ဖေး၏စကားကို ခွန်းတုံ့ပြန်ခြင်းမရှိပဲ သူ၏အိတ်ကိုလွယ်ကာ အပြင်သို့ ထွက်သွားခဲ့သည်။
"လမ်းခရီး ဂရုစိုက်နော်" ရန်ဖေးသည် ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ သူ၏ဘ၀၌ သူ့အား ယခုကဲ့သို့ စိုးရိမ်ပေးဖူးသူဟူ၍ တစ်ယောက်မျှ မရှိခဲ့ပါချေ။ ရန်ဖေးသည် အတွေးများကို ခေါင်းထဲမှ ရှင်းထုတ်လိုက်ပြီး မြို့ထဲသို့ ကိစ္စများကို စနည်းနာရန် ဦးတည်လိုက်သည်။ သူသည် မြို့လယ်ရှိ သူခိုးဖမ်းမိသူအား ချီးမြှင့်မည့်စာကို သွားရောက်ဖတ်ရှုခဲ့၏။ သူ့ချည်းသာဆိုလျှင် ထိုကိစ္စအား ခေါင်းထဲပင် ထည့်သွင်းစဉ်းစားမည် မဟုတ်သော်ငြား ယခုမူ သူနှင့်အတူ လိုက်လာသည့် အမျိုးသမီးမှာ ထိုအခြင်းအရာအပေါ် အသည်းအသန် ဖြစ်နေသည် မဟုတ်ပါလော။
ထို့နောက်တွင်မူ ရန်ဖေးသည် ထန် မိန်းကလေး၏ အိမ်တော်သို့ ထပ်မံ ဦးတည်လိုက်သည်။ အိမ်တော်မှ လူများသည် ရန်ဖေးကို တွေ့သောအခါ ရင်းရင်းနှီးနှီး ကြိုဆိုလာကြ၏။ ရန်ဖေးသည် သူ ရောက်လာရသည့် အကြောင်းအရင်းကို ပြောကြားပြီး ထန်မိန်းကလေးထံမှ ရှောင်ဖေး၀တ်ရန် ၀တ်စုံနှစ်စုံ တောင်းခံခဲ့သည်။ ထန်မိသားစု၏ မျက်နှာအမူအရာများကို ကြည့်ကာ ရန်ဖေးသည် ဘာမှဆက်မပြောတော့ပဲ စကားရပ်လိုက်၏။ ထန်မိသားစုသည် ဂုဏ်သတင်းကျော်ကြားမှုကို အလေးထားသည့် မိသားစုဖြစ်သောကြောင့် ရှောင်ဖေးကဲ့သို့ မည်သည့်ဇာစ်မြစ်မှ လာလို့လာမှန်း မသိသူတစ်ဦးအား လက်ခံစောင့်ရှောက်ထားရန်မှာ သေချာပေါက် ခက်ခဲပေလိမ့်မည်။ ကြည့်ရသည်မှာ သူမကို စောင့်ရှောက်ပေးထားနိုင်မည့် တစ်ခုတည်းသောနေရာမှာ ဘုရားကျောင်းသာ ရှိပေတော့သည်။ ရန်ဖေးသည် ထိုသို့တွေးကာ သက်ပြင်းအသာ ချမိလိုက်လေတော့၏။