Chapter 9

69 14 0
                                    

အပိုင်း ၉။ အချစ်ကိုရှာဖွေခြင်း

ရှောင်ဖေးတစ်ယောက် အိပ်ရာထက်၌ လဲလျောင်းနေရင်း ကိုလူချော ရေချိုးနေသံများကို နားထောင်ကာ မနာလိုဖြစ်နေမိသည်။ သူမ၏တစ်ကိုယ်လုံးသည်လည်း ခရီးဆက်တိုက် ထွက်ခဲ့ရသဖြင့် ချွေးတလုံးလုံးဖြင့် ငြီးစီစီဖြစ်နေကာ သေလောက်အောင် ရေချိုးပစ်ချင်နေ၏။

ရှောင်ဖေးသည် ဖြစ်ချင်ရာဖြစ်ဟူ၍ အိပ်ရာမှထကာ ရေချိုးသည့်နေရာသို့ အရောက်လှမ်းချင်သော်ငြား ရှောင်ဖေး၏ခြေထောက်များအား သူမအား ရွေ့လျားခွင့်မပေးပါချေ။ ရှောင်ဖေးသည် တွေးလေလေ သူမ၏ညစ်ပတ်နေသော ခန္ဓာကိုယ်အား ရွံရှာမိလေလေ ဖြစ်လာတော့သည်။

ထို့ကြောင့် သူမသည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ကာ စိတ်အေးလက်အေးဖြစ်သွားအောင် ကြိုးစားလိုက်၏။ လောကကြီး၌ ဖြစ်ချင်တိုင်း အလုံးစုံ မဖြစ်တတ်သည့် သဘောသဘာ၀ ရှိသည် မဟုတ်ပါလော။

ရှောင်ဖေးတစ်ယောက် ၀င်လေထွက်လေမှတ်ကာ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေစဉ်မှာပင် အနှီ‌ကိုလူချောမှာ ရေစက်လက်ဖြင့် အခန်းထဲသို့ ၀င်လာခဲ့၏။ ထိုအခိုက်တွင်မူ ရှောင်ဖေး၏စိတ်ထဲ၌ မနာလိုစိတ်များ ၀င်ရောက်သွားကာ တရားဆက်မမှတ်နိုင်တော့ပဲ ရန်ဖေးအား အကူအညီ တောင်းလိုက်မိတော့သည်။ "ကျွန်မကို ရေတစ်ပုံးလောက် ယူခဲ့ပေးပါလားဟင်"

"ဘယ်လို... ဘာအတွက်လဲ"

"ရေချိုးမလို့လေ"

မိန်းကလေးတစ်ယောက်အနေဖြင့် တစ်ခါမှပင် မသိမကျွမ်းခဲ့ဖူးသည့် သူစိမ်းယောက်ျားလေးတစ်ဦးအား ရေချိုးရန် ကူညီခိုင်းသည်မှာ သင့်လျော်ပါသည်လော။ ရှောင်ဖေးသည် သင့်လျော်သည်၊ မသင့်လျော်သည်ဟူ၍ ခက်ခက်ခဲခဲ မတွေးလိုပါချေ။ အနှီလူမှာ သူမ၏အကြောင်းအား အလုံးစုံသိထားသူတစ်ဦးဖြစ်ပြီး ကူညီထားသူတစ်ဦးလည်း ဖြစ်သောကြောင့် ရှောင်ဖေးအနေဖြင့် အနှီလူအပေါ် ရာနှုန်းပြည့် ယုံကြည်ထား၏။ ထို့ကြောင့်လည်း ယခုကဲ့သို့ မကြောက်မရွံ့ အကူအညီတောင်းနိုင်ခြင်းပင်။

ရန်ဖေးသည် အကျောက်အကန် ငြင်းဆန်ခြင်းမပြုပဲ ရှောင်ဖေး၏ခြေထောက်များကို တစ်ချက် ကြည့်လိုက်ပြီးနောက်  တစ်ဖက်လှည့်ကာ မသိချင်ယောင်‌ဆောင်လိုက်ပြီး လုပ်စရာရှိသည်များကိုသာ ဆက်လုပ်နေ၏။ ထိုအခါ ရှောင်ဖေး၏နှုတ်ခမ်းမှာ စူပုံ့ပုံ့ဖြစ်သွားပြီး အနှီအမျိုးသားအား ဂျစ်ကန်ကန် ပြောလေတော့သည်။

"ရှင် ကြည့်လေ... ကျွန်မရဲ့ခြေထောက်တွေက သွားဖို့ လာဖို့ လှုပ်ရှားဖို့ အဆင်မပြေဘူးဆိုတာ သိရဲ့သားနဲ့... ကျွန်မ ပြန်ကောင်းသွားတာနဲ့ ရှင်နဲ့အတူတူ အလုပ်ကူလုပ်ပေးမယ်လေ နော်... အခုတော့ ကျွန်မကို ကူပေးပါဦးလို့... နော် နော်"

ရှောင်ဖေး၏စကားကို ကြားပြီးနောက် ရန်ဖေးတစ်ယောက် ဘုရားတမိသွားတော့၏။ အနှီမိန်းကလေးသည် အပ်တစ်ချောင်းပင် မကိုင်တတ်ရာ သူ့အား အဘယ်နည်းဖြင့် ကူညီနိုင်ပါမည်နည်း။ သို့သော်ငြား ရန်ဖေးသည် ရှောင်ဖေးအား ပြိုင်မငြင်းခဲ့ပါချေ။ အားနည်းသည့်မိန်းကလေးအား အလျှော့ပေးရမည်မှာ ယောက်ျားကောင်းတို့ ပြုအပ်သည့် ကိစ္စပင် မဟုတ်ပါလော။

ရန်ဖေးသည် အပြင်သို့ တစ်ဖန်ပြန်ထွက်သွားပြီး လက်ထဲ၌ ပစ္စည်းအပြည့်ဖြင့် အိမ်ထဲသို့ ပြန်၀င်လာခဲ့သည်။ ထို့နောက်တွင်မူ ခပ်လာသည့် ရေပုံးကို အောက်သို့ ချလိုက်ကာ ရှောင်ဖေးအား အ၀တ်စတစ်ထည်ပေးလိုက်ပြီး အပြင်သို့ပြန်ထွက်သွား၏။ သို့သော်ငြား ရှောင်ဖေးအတွက် တံခါးပိတ်ပေးသွားရန် မမေ့ခဲ့ပါချေ။

ရှောင်ဖေးသည် ရေပုံးရှိရာသို့ တရွေ့ရွေ့ သွားလိုက်ပြီး ထိုင်ခုံပေါ် ထိုင်လိုက်ကာ အဝတ်အစားများကို ချွတ်၍ စတင်၍ ရေဖတ်တိုက်လေတော့သည်။ အအေးဓာတ်သည် ရှောင်ဖေး၏ ခန္ဓာကိုယ်တစ်လျှောက်အား ဖြတ်သန်းစီးဆင်းသွားပြီး အကြောအချဉ်များပင် ပြေသွားရကာ လူလည်း အတော်ပင် လန်းဆန်းသွား၏။ ခေါင်းလျှော်၍ မရသောကြောင့် အ၀တ်အစိုဖြင့်သာ ခေါင်းကို သုတ်လိုက်ရသည်။

ထို့နောက်တွင်မူ အင်္ကျီကို အကျအန ပြန်လည် ၀တ်ဆင်လိုက်ပြီး ကိုလူချောအား ၀င်လာရန် အသံပေးလိုက်၏။ ထို့နောက်တွင်မူ သူ၏လက်ဆွဲတော် အိတ်အကြီးကြီးအား မွှေနှောက်ရှာဖွေပြီးနောက် ရန်ဖေး၏လက်ထဲ၌ ပစ္စည်းတစ်ခု ‌ပါလာသည်။ "အဲ့ဒါဘာလဲဟင်" ရှောင်ဖေးသည် သိလိုစိတ်ဖြင့် စပ်စပ်စုစု မေးလိုက်၏။

"သွားတိုက်တံလေ"

ရန်ဖေး၏အဖြေကို ကြားလိုက်ပြီးနောက် ရှောင်ဖေးအား မျက်လုံးများပင် ပြူးသွားလေရာ ရန်ဖေးပင် မလုံမလဲ ဖြစ်သွားရသည်။

"လူတိုင်း လူတိုင်း ပါးစပ်သန့်ရှင်းဖို့ သွားတိုက်တံသုံးကြတယ်လေ... မဟုတ်ဘူးလား... မိန်းကလေးတို့ဘက်မှာ ဒီလိုပစ္စည်းတွေ မရှိလို့လား"

ရှောင်ဖေးသည် ရန်ဖေး၏စကားများကို သေချာနားထောင်နေသော်ငြား နားဝေတိမ်တောင်ဖြစ်နေဆဲပင်။ ဤသို့ဖြင့် စဉ်းစားလေ ခေါင်းကိုက်လေ ဖြစ်သောကြောင့် ရှောင်ဖေးမှာ ဆက်မစဉ်းစားတော့ပဲ သူမ၏ဆန္ဒကိုသာ ရန်ဖေးထံ အသိပေးလိုက်သည်။ "ဟို ကျွန်မလည်း သွားတိုက်ချင်တယ်"

ရန်ဖေးသည် ချက်ချင်းဆိုသလို ငြင်းဆန်လိုက်၏။ "ဒါမျိုးတွေကျ မိန်းကလေးနဲ့ မျှဝေပြီး သုံးစွဲဖို့က ကျွန်တော့်အတွက် မသက်မသာ ဖြစ်ပါတယ်"

ရှောင်ဖေးသည်လည်း အနှီလူ၏ သွားတိုက်တံအား အသုံးမပြုလိုပါ။ သူမ အံ့အားသင့်နေရသည်မှာ ဤကဲ့သို့ ရှေးကျသည့်‌ အချိန်အခါတည်းက သွားတိုက်တံကို အသုံးပြုနေကြခြင်းပင်။ ရှောင်ဖေးသည် သိလိုစိတ်ဖြင့် မေးခွန်းတစ်ခုအား ထပ်မေးကြည့်လိုက်၏။ "ဒီသွားတိုက်တံက အပြင်မှာ ၀ယ်လို့ရလား"

"ရတာပေါ့"

"ဒါဖြင့် သွားတိုက်ဆေးကရော"

"အဲ့ဒါကလည်း အပြင်မှာ ပိုက်ဆံပေး၀ယ်ရတာ"

ရှောင်ဖေးတစ်ယောက် ပါးစပ်ပိတ်သွားတော့သည်။ သူမ၌ သွားတိုက်တံ ၀ယ်ရန် ပိုက်ဆံမရှိသကဲ့သို့ သွားတိုက်ဆေး ၀ယ်ရန်လည်း ပိုက်ဆံမရှိပါချေ။ ထို့ကြောင့် ရှောင်ဖေးသည် ‌လျှာကိုအသုံးပြု၍သာ ပါးစပ်ထဲ၌ ဟိုဟိုဒီဒီ မွှေနှောက်ပြီး သန့်ရှင်းရေးလုပ်လိုက်ရသည်။ ဆိုးလိုက်သည့်ဘ၀ပါတကား။

"ဒါဆို မိန်းကလေး အနားယူလိုက်ပါတော့... ကျွန်တော် တံခါးအပြင်ဘက်မှာ ရှိတယ်"
ရန်ဖေးသည် ပစ္စည်းများကို နေရာတကျ သိမ်းဆည်းပြီးနောက် အပြင်သို့ ထွက်သွားလေ၏။

ရှောင်ဖေး ကြောင်အအ ဖြစ်သွားသည်။ အနှီလူသည် တစ်ညလုံး အပြင်ဘက်၌ ထိုင်နေရန် စဉ်းစားနေပါသည်လော။

ထို့သို့ စဉ်းစားပြီးနောက် ရှောင်ဖေးသည် အနှီလူအား အလန့်တကြား တားလိုက်လေတော့၏။ "ဘာလို့အပြင်မှာ သွားနေမှာတုန်း... အခန်းက အကျယ်ကြီးပဲဟာ... နှစ်ယောက်အိပ်ဖို့ ဆံ့ပါတယ်" အခန်းမှာလည်း အတော်အသင့် ကျယ်၀န်းပြီး အပြင်၌လည်း လေထန်နေသောကြောင့် ရန်ဖေးသည် ရှောင်ဖေး၏စကားကိုသာ နားထောင်လိုက်တော့သည်။

ထို့နောက်တွင်မူ လက်ဆွဲတော် အိတ်အကြီးကြီးအား နှစ်ယောက်ကြား၌ ခြားထားလိုက်ပြီး ကြမ်းပြင်ထက်၌ အ၀တ်စတစ်ချို့ခင်းကာ ကိုယ်တိုင်လည်း အ၀တ်ထူထူ၀တ်လျက် ကြမ်းပြင်ပေါ်သို့ လှဲချလိုက်၏။ ရှောင်ဖေးသည်လည်း ပျဉ်ချပ်ပေါ်၌ သူဌေးစုန့်လာပို့ပေးထားသည့် စောင်ခြုံရင်း လှဲနေလျက်ရှိသည်။

ရှောင်ဖေးသည် အိပ်ရာထက်၌ ဟိုလှည့်ဒီလှည့် လုပ်ချင်ပါသော်ငြား ရောင်ရမ်းနေသည့် ခြေထောက်ကြောင့် ဘာမှမလုပ်နိုင်ပဲ ရှိနေချေ၏။ ထို့အပြင် သွားမတိုက်ရသဖြင့် ပါးစပ်မှာလည်း ထူအမ်းအမ်းကြီး ဖြစ်နေကာ ဘယ်လိုမှ နေရထိုင်ရ အဆင်မပြေလှပါချေ။ နောက်လာမည့်ရက်များတွင်လည်း ဘာလုပ်ရမည်မှန်း ကိုယ့်ကိုယ်ကိုယ် စဉ်းစားမရသေးပါ။ အိပ်ချိန်ဖြစ်သည့်တိုင် ရောက်တက်ရာရာ အတွေးများကြောင့် ရှောင်ဖေးတစ်ယောက် အိပ်မရပဲ ရှိနေကာ သက်ပြင်းအသာချမိလိုက်သည်။

"မိန်းကလေး..." ရှောင်ဖေးတစ်ယောက် အတွေးများဖြင့် နပန်းလုံးနေချိန်၌ ကို‌လူချောထံမှ ရုတ်တရက် အသံထွက်လာခဲ့၏။ "ဒီမြို့နဲ့ နည်းနည်းဝေးတဲ့နေရာမှာ ဘုရားကျောင်းတစ်ကျောင်း ရှိတယ်... ကျွန်တော်လည်း အဲ့နေရာမှ လွန်ခဲ့တဲ့ နှစ် အနည်းငယ်လောက်က နေခဲ့ဖူးသေးတယ်... အဲ့က ဆရာတော်ကလည်း အရမ်းကြည်ညိုဖို့ကောင်းပြီး စိတ်သဘောထားပြည့်၀လို့ နေရထိုင်ရလည်း လုံခြုံလိမ့်မယ်... မိန်းကလေး ခြေထောက်တွေ ကောင်းသွားရင် ကျွန်တော် အဲ့ဘုရားကျောင်းစီ ပို့ပေးမယ်နော်"

ရှောင်ဖေး တစ်ချက် ပြုံးမိလိုက်သည်။ သူမဘ၀နှယ် အရင်နေရာသို့ ရောက်အောင် မည်သည့်နေရာသို့ ပြန်သွားရမည်ပင် မသိရသေးပဲ သီလရှင် ဖြစ်ရပေဦးမည်။


"ဒါဆို ရှင်ကရော ဘယ်သွားမှာလဲဟင်" ရှောင်ဖေးတစ်ယောက် အနှီကိုလူချောအား စတင်၍ အစ်အောက်မေးလေတော့သည်။

"ဟိုဟိုဒီဒီပေါ့"

"ဘယ် ဟိုဟိုဒီဒီလဲ"

"ကျွန်တော် လူတစ်ယောက်ကို ရှာချင်လို့"

ရှောင်ဖေး ရုတ်တရက် ရင်တုန်သကဲ့သို့ ခံစားလိုက်ရ၏။ "ဘယ်သူ့ကို ရှာမှာလဲဟင်"

"ဒါကတော့ ပြောပြလို့မရလို့ နားလည်ပေးပါ မိန်းကလေး... ဒါပေမဲ့ မိန်းကလေးကို အတူခေါ်ပြီး လျှောက်သွားဖို့ဆိုတာ မိန်းကလေးအတွက်လည်း မသင့်လျော်သလို ကျွန်တော့်အတွက်လည်း မသင့်လျော်ပါဘူး... ဘုရားကျောင်းက တိတ်ဆိတ်ပြီး အဲ့မှာနေတဲ့လူတွေကလည်း စိတ်သဘောထားပြည့်၀ကြသူတွေမို့ မိန်းကလေး သေချာပေါက် အဆင်ပြေပါလိမ့်မယ်" ရန်ဖေးသည် အေးဆေးပြောပြကာ ရှောင်ဖေးအား နားချနေ၏။

ရှောင်ဖေးသည် သူမအား ထားသွားမည်ဆိုးသောကြောင့် ရန်ဖေး၏စကားကို အလေးထား၍ နားမထောင်ပဲ စကားလမ်းကြောင်းကို ခပ်မြန်မြန် လွှဲလိုက်သည်။ "ကျွန်မတို့ မနက်ဖြန်ကျ ပင်ပန်းမယ် ထင်တယ်နော်... ဓားပြဖမ်းဖို့ ကိစ္စတွေလည်း စုံစမ်းရဦးမယ်... ပြောမရဘူးလေ ကျွန်မတို့တွေ သူ့ကို ဖမ်းမိသွားပြီး ကံကောင်းချင် ကံကောင်းသွားနိုင်တာပဲ... အခုကတော့ ကျွန်မခြေထောက် မကောင်းသေးတာမို့ ဘုရားကျောင်းစီ ခရီးဆက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး... ဒါကြောင့် သူခိုးကို ဖမ်းနိုင်ပြီး ငွေစလေးများရရင် ကျွန်မတို့ နည်းနည်းတော့ အသက်ရှူချောင်မယ် ထင်ပါရဲ့"

ရန်ဖေးသည် အနှီအမျိုးသမီး စကားထပ်များနေမည်ဆိုးသောကြောင့် ခေါင်းကိုသာ ညိတ်ပြလိုက်သည်။ ထိုအခါမှ ရှောင်ဖေးသည်လည်း အနည်းငယ် စိတ်အေးသွားတော့၏။ ထို့နောက်တွင်မူ ဟိုဟိုဒီဒီ တွေးနေရင်း ပင်ပန်းမှုကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

‌နောက်တစ်နေ့မနက်၌ ရှောင်ဖေးသည် အိမ်ပြင်ဘက်မှ ဆူညံမှု‌များဖြင့် မနက်ခင်းကို အစပြုလိုက်တော့၏။ ကြည့်ရသည်မှာ ရန်ဖေးတစ်ယောက် အပြင်ဘက်၌ အလုပ်လုပ်နေခြင်း ဖြစ်ပေလိမ့်မည်။ ရှောင်ဖေးသည် သူမ၏ ခန့်မှန်းချက်ကို အတည်ပြုရန် တံခါးပေါက်စီသို့ ခပ်ဖြည်းဖြည်း လျှောက်သွားလိုက်သည်။ သူမ၏ခြေထောက်များမှာ ယခုထိတိုင် နာကျင်နေသေးသော်ငြား လှုပ်ရှားမှုအနည်းငယ် ပြုလုပ်နိုင်ပြီဖြစ်၏။ ရှောင်ဖေးသည် ကိုယ်ကို အနည်းငယ် ကိုင်းကာ တံခါးပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။

အပြင်ဘက်၌ ထင်းများကို အကုန်အစင် ခုတ်ထားပြီဖြစ်ပြီး ထင်းတုံးများကိုလည်း အသေအချာ စီစီရီရီ စီထားသေး၏။ ထို့အပြင် စဉ့်အိုးများထဲသို့ ရေထည့်ထားပြီးဖြစ်ကြောင်း သူဌေးစုန့်ထံ တင်ပြနေသည့် ရန်ဖေး၏အသံကိုလည်း ကြားနေရသည်။ အပြင်ဘက်၌ အမှိုက်တစ်စပင် မရှိ ရှင်းလင်းသပ်ရပ်နေသောကြောင့် ရှောင်ဖေးသည် အနှီကိုလူချော၏ စေ့စပ်မှုနှင့် လက်ကြောတင်းမှုအား စိတ်ထဲ၌ တိတ်တိတ်လေး အမှတ်ပေးမိ၏။

ခဏအကြာတွင်မူ ရန်ဖေးတစ်ယောက် အိမ်ထဲသို့ ပြန်၀င်လာပြီး ရှောင်ဖေး နိုးနေသည်ကို တွေ့သောအခါ ရေအိမ်သွားနိုင်ရန် ကူညီပေးသေးသည်။

ရှောင်ဖေးသည် လန်းဆန်းသွားစေရန် ရေအေးအေးလေးဖြင့် မျက်နှာသစ်လိုက်ပြီး ထို့နောက်တွင်မူ အနှီကိုလူချောမှာ ရှောင်ဖေးထံသို့ သစ်ကိုင်းလေးတစ်ခု ကမ်းလာခဲ့၏။ ရှောင်ဖေးသည် မျက်စိရှေ့မှ သစ်ကိုင်းကို ကြည့်ကာ ကြောင်တောင်တောင်ပင် ဖြစ်သွားသည်။ ထိုအခါမှ အနှီလူမှာ အလိုက်တသိ ရှင်းပြလာတော့၏။ "ပိုက်ဆံမရှိလို့ သွားတိုက်တံ မ၀ယ်နိုင်သေးပေမဲ့ မိုးမခပင်ရဲ့ အကိုင်းကိုတော့ သွားတိုက်တံအနေနဲ့ သုံးလို့ရတယ်"

"ဘယ်လို?"

"သွားတိုက်တံ မ၀ယ်နိုင်တဲ့လူတွေက မိုးမခကိုင်းကို သွားတိုက်တံအနေနဲ့ အသုံးပြုကြတယ်လေ"

ရှောင်ဖေးသည် သစ်ကိုင်းကို ကြည့်သာ ကြည့်နေသော်ငြား ထိုသစ်ကိုင်းဖြင့် မည်သို့မည်ပုံ သွားတိုက်ကြသည်အား စိတ်ကူး၍ပင် မရပါ။

"ရော့ တိုက်ကြည့်လေ" ရန်ဖေးသည် သစ်ကိုင်းအား ရှောင်ဖေးထံ ကမ်းပေးလိုက်သည်။

"ဟင့်အင်း ဟင့်အင်း... အဲ့ဒါကြီးနဲ့တော့ မတိုက်ချင်ပါဘူး" ရှောင်ဖေး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

ရန်ဖေးသည် ရှောင်ဖေးတစ်ယောက် သွားမတိုက်ပဲ မည်သို့မှ ‌အဆင်ပြေနိုင်မည်မဟုတ်မှန်း ခန့်မှန်းမိသောကြောင့် သစ်ကိုင်းကို နှစ်ပိုင်းချိုးလိုက်ကာ တစ်ချောင်းကို ရှောင်ဖေးလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက်တွင်မူ သွားတိုက်ဆေးကို သစ်ကိုင်းပေါ်၌ တင်လိုက်ပြီး စတင်၍ သွားတိုက်ပြလိုက်၏။ ရှောင်ဖေးသည်လည်း လက်ထဲရောက်လာသော သစ်ကိုင်းမှ သွားတိုက်ဆေးအား အနံ့ခံကြည့်လိုက်သည်။ သူမ ထင်ထားသကဲ့သို့ ထူးဆန်းသည့်အနံ့မရပဲ ထိုအစား တရုတ်တိုင်းရင်းဆေးနံ့သင်းသင်းလေးသာ ခံစားရ၏။ ထို့နောက်တွင်မူ အနှီကိုလူချောအား အတုခိုးကာ သွားသန့်ရှင်းရေး ပြုလုပ်လိုက်တော့သည်။

ရှောင်ဖေးသည် မိုးမခကိုင်းကို ဟိုသည်လှည့်ကာ စနစ်ကျစွာ သွားတိုက်နေ၏။ သွားတိုက်တံလောက် ကောင်းမည်မဟုတ်သော်ငြား သွား လုံး၀ မတိုက်ခြင်းနှင့် ယှဉ်လျှင် ပိုကောင်းသည်မဟုတ်ပါလော။ သွားကို သေချာသန့်ရှင်းပြီးနောက် ရေအပြည့်ငုံကာ ထွေးထုတ်လိုက်ပြီး သွားတိုက်ခြင်းကို အဆုံးသတ်လိုက်တော့သည်။

သွားတိုက်ပြီးနောက် ရန်ဖေးသည် မနက်စာများဖြင့် ပြန်ရောက်လာခဲ့၏။ မနက်စာမှာ ဆန်ပြုတ်နှင့် ‌ပေါက်ဆီဖြစ်ပြီး အရသာမကောင်းလှသော်ငြား ဆာလောင်နေသောကြောင့် အားတင်းကာ စားခဲ့ရသည်။

ထို့နောက်တွင်မူ ရန်ဖေးသည် ဓားပြကိစ္စ သတင်းထူးရှိ၊ မရှိ စုံစမ်းရန် မြို့ထဲသို့ ထွက်သွားကာ ရှောင်ဖေးကိုမူ အတူမလိုက်စေပဲ အိမ်ထဲ၌သာ အနားယူစေ၏။

ရှောင်ဖေး တစ်ယောက်တည်း ကျန်ခဲ့ရချိန်၌ အတွေးပေါင်းများစွာ စတင်၍ ၀င်ရောက်လာတော့သည်။ သူမသည် အနှီလူ၏ အကူအညီအား ဆက်လက်၍ လက်ခံသင့်ပါသည်လော။ အနှီလူသည် ခါးခါးသီးသီး ဘာမှ မပြောသည့်တိုင် သူမခြေထောက်များ ပြန်ကောင်းသွားပါက ဘုရားကျောင်းသို့ ပို့မည်ဟု အတိအလင်း ပြောထားပြီးဖြစ်၏။

သူမ ဘာလုပ်သင့်ပါသနည်း။

သီလရှင်ဖြစ်သွားပါက သူမ၏နေ့ရက်များကို ယခုထက်ပို၍ ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ပါမည်လော။

ထို့နောက် ရှောင်ဖေးသည်‌ နောင်ကိစ္စ နောင်ရှင်း၊ လတ်တလောတွင် ပျော်ပျော်နေဦးမည်ဟု တွေးကာ အတွေးများကို ခေါင်းထဲမှ မောင်းထုတ်လိုက်ပြီး မြို့ထဲသို့ ထွက်သွားသည့် အနှီအမျိုးသားဆီမှ သတင်းထူးတစ်ခုခုပါလာရန် ဆုတောင်းလိုက်သည်။ သို့မှသာလျှင် ဓားပြကို ဖမ်းမိပြီး ငွေစများ ရလာသောအခါ အဆင်မပြေသည့် သွားတိုက်တံ ပြဿနာအား အရင် ဖြေရှင်းနိုင်မည် ဖြစ်ပေတော့သည်။






အချစ်ကိုရှာဖွေခြင်းOnde histórias criam vida. Descubra agora