အပိုင်း (69)
ရီချန်ဟူ တစ်ယောက် အမေ ရီ၏ ကယ်တင်မှုကို ခံရပြီးနောက်တွင် ရီရောင့်သုန်းလည်း ညကျ ငါးဖမ်းထွက်ရမည့်အရေးအတွက် ပြန်ဝင်အိပ်လေသည်။
တံခါးခေါက်သံကြောင့် ရုတ်တရက် လန့်နိုးလာချိန်တွင် သူက အိပ်မှုန်စုံမွှား အခြေအနေနှင့်။ စိတ်ထဲတွင် တစ်ခုခု တွေးနေမိသဖြင့် အိပ်မောမကျသောကြောင့် အသံကြားသည်နှင့် ချက်ချင်းထထိုင်ကာ အိပ်ယာမှ ထလိုက်သည်။
လင်းရှို့ချင်းလည်း တံခါးခေါက်သံကြားပြီး လှည့်ကြည့်လိုက်သည်။ သူ(မ)၏ ခင်ပွန်းက တံခါးသွားဖွင့်ရန်ပင် နိုးနေနှင့်ပြီ ဖြစ်သည်။ သူ(မ) ထထိုင်လိုက်ချိန်တွင် တံခါးဘက်မှ အသံကို ကြားလိုက်ရသည်။
"မင်း နိုးနေတာ ကောင်းတယ်၊ မျက်နှာသစ်ပြီးရင် သွားစို့"
"သိပြီ"
ရီရောင့်သုန်းက အခန်းထဲသို့ ပြန်ဝင်ရန် လှည့်ပြီး အင်္ကျီ ကောက်ဝတ်လိုက်သည်။ သူက သူ(မ) အိပ်ရာမှ နိုးနေသည်ကို မြင်သည့်အချိန်တွင် လန့်မတတ်ဖြစ်သွားရပြီး ;
"ဘာလို့ ထလာတာလဲ"
"အသံ ကြားလိုက်လို့ အဲ့ဒါနဲ့ နိုးလာတာ၊ ပင်လယ်ထဲသွားတာ ဂရုစိုက်နော်၊ ရှင့်အဖေ စကားကိုလည်း သေချာနားထောင်"
"သိပါတယ်ကွာ၊ ငါ သုံးနှစ် ကလေးမှ မဟုတ်တာ၊ မင်း သွားပြန်အိပ်ပြီးနားတော့၊ ခုမှ မနက် နှစ်နာရီပဲ ရှိသေးတယ်"
"အမ်း"
ရီရောင့်သုန်း တစ်ယောက် အင်္ကျီနှင့် မိုးကာဖိနပ် မြန်မြန်ဝတ်ပြီး အဆာပြေစာ စားရန် အမြန်ထွက်လာလိုက်သည်။ သူ့ဝေစုသူ စားပြီးနောက် ပင်လယ်ပြင်ကြီးဆီ ဦးတည်လိုက်ကြသည်။
အမေရီက သူတို့အတွက် ထမင်းထုပ် နှစ်ထုပ် ထုပ်ပေးထားပြီး ရီရောင့်သုန်းအတွက် ကြက်ဉ နှစ်လုံး ချက်ထားပေး၏။
"ဒီနေ့က မင်း ပထမဆုံး ပင်လယ်ထဲသွားတဲ့နေ့ဆိုတော့ ဒီကြက်ဉ နှစ်လုံးက မင်းအတွက်၊ မင်းရဲ့အစ်ကိုကြီးတွေတုန်းကလည်း မင်းအဖေနဲ့ ပင်လယ်ထဲ ပထမဆုံးထွက်တဲ့ အချိန်တုန်းက ငါ ကြက်ဉနှစ်လုံး လုပ်ပေးခဲ့တာပဲ"
သူက ပြန်ဖြေလိုက်ပြီး သူလိုအပ်သမျှအားလုံး ယူလာခဲ့သည်။ ထို့နောက် ခေါင်းစွပ် ဓာတ်မီးဖွင့်ပြီး အဖေဖြစ်သူ အနောက်သို့ လျင်မြန်စွာ လိုက်သွားလေသည်။
အပြင်ဘက်တွင် လုံးဝ ဥဿုံ မည်းမှောင်နေပြီး သူတို့မှာ ရှေ့ရှိ အရာများကို မြင်နိုင်ရန် ခေါင်းစွပ်ဓာတ်မီးကိုသာ အားထားနေရ၏။
ရွာမှာ တိတ်ဆိတ် ငြိမ်သက်နေသည်က အပ်ကျသံပင် ကြားနိုင်သည်အထိ။ သို့သော် သူတို့ ဆိပ်ခံဆီ ရောက်သည်နှင့် အားလုံးက သက်ဝင်လှုပ်ရှားမှုရှိလာ၏။ ခေါင်းစွပ်ဓာတ်မီးမှ မီးရောင်များက နေရာအနှံ့ရှိနေပြီး စကားပြောသံများပင် ကြားနေရသည်။
"မင်း ဒီမှာ စောင့်နေ၊ ငါ လှေကို ထုတ်လိုက်အုံးမယ်"
"အဖေ ဒီဇယ် ဝယ်လာခဲ့လား"
"အင်း၊ ဝယ်လာတယ်၊ ဒီနေ့လယ်က ရွက်လွှင့်ရင်းနဲ့ဝယ်လာခဲ့လိုက်တာ"
မုန်တိုင်းပြီးနောက်တွင် ယနေ့ညကာ ရွာသားများ ပထမဆုံးအကြိမ် ပင်လယ်ထဲ ပြန်ထွက်ကြခြင်း ဖြစ်သည်။ သင်္ဘောကျင်းတွင် အမျိုးမျိုးသော လှေများဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ထဲမှ အများအပြားက ကမ်းစပ်မှ ထွက်ခွာသွားကြပြီး တစ်ချို့က ပင်လယ်ပေါ် မျောနေကြပြီ ဖြစ်သည်။ သူတို့မိသားစု၏ သတ္တုလှေမှာ လှော်တက်ဖြင့် လှော်ရသည့် သစ်သားလှေငယ်များဖြင့် ယှဉ်လျှင် လှေကြီး တစ်စင်းဟု ပြောလို့ရပေသည်။
ဆူညံညံ စက်သံများအကြား လှေကာ အဝေး တစ်နေရာရှိ ပင်လယ်ပြင်ကြီးဆီ ရွက်လွှင့်လေတော့သည်။
ပတ်ဝန်းကျင်က မှောင်မည်းနေခြင်းကြောင့် အဖေရီမှာ ရီရောင့်သုန်းကို တာဝန် မလွှဲပြောင်းရဲချေ။ သူက ရောင့်သုန်း လှေလမ်းကြောင်းကို ကောင်းကောင်း မမောင်းနိုင်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သူ့စကား တစ်ခွန်းတည်းဖြင့် ဖခင်ဖြစ်သူကို စည်းရုံး သိမ်းသွင်းနိုင်မည် မဟုတ်မှန်း ရီရောင့်သုန်းလည်း သိပါ၏။ ဒါက သူ့အတွက် ပိုတောင်ကောင်းသေးပြီး သူ လှဲချင်သည့် နေရာတွင် တစ်ရေးတစ်မော အိပ်ရန် အေးအေးဆေးဆေး လှဲနေရုံပင်။
သူ မကြာခဏ ငါးဖမ်းလေ့ရှိသည့် နေရာဆီ ရောက်သည့်ချိန်တွင် အဖေ ရီက သူ့ကို ခေါ်နှိုးလိုက်သည်။
"ငါတို့ ရောက်နေပြီ၊ ကွန်ပစ်ရမဲ့အချိန်ပဲ အာရုံသေချာစိုက်ထား"
သူတို့ အသုံးပြုသည့် ပိုက်ကွန်ကာ အဓိကအားဖြင့် အခြေနေရာတွင် အမြီးဆွဲနေသည့် ပုံစံကို အသုံးပြုထားသည့် (single-boat trawl) ပိုက်ကွန် ဖြစ်သည်။
ဤငါးဖမ်းပိုက် အမျိုးအစားတွင် ပိုက်၏ တစ်ဖက်တစ်ချက်စီ၌ ရေပိတ်ဘုတ် နှစ်ခုကို ထည့်ထားသည်။ ငါးဖမ်းလှေက ပိုက်ကွန်ကို ဆွဲလိုက်သည့်အချိန်တွင် ရေစီးကြောင်းက ဘုတ်နှစ်ခုကို အပြင်ဘက်သို့ တွန်းထုတ်လိုက်ရာ ငါးဖမ်းပိုက် အဝကို ပွင့်သွားစေ၏။
အဖေ ရီက ရီရောင့်သုန်းကို နှိုးပြီးနောက်တွင် လှေကို အရှိန်လျှော့လိုက်ပြီး ငါးဖမ်းဂီယာကို ပဲ့လျှောမှ လွှတ်ချလိုက်ပြီး၊ ပိုက်ကွန်ဘုတ်များကို ကြိုးများနှင့် ချိတ်ကာ ပိုက်ဘောင်များမှ ခွဲထုတ်လိုက်သည်။
ထို့နောက် ငါးဖမ်းလှေက အရှေ့သို့ မြန်မြန်ရွှေ့သွားပြီး ဖြည်းဖြည်းချင်းဖြင့် ကြိုး နှစ်ချောင်းအား လွှတ်ချလိုက်သည်။ ကြိုးများ သတ်မှတ်ထားသောအရှည်ကို ရောက်သည်နှင့် ငါးဖမ်းလှေကို စီစဉ်ထားသည့်လမ်းကြောင်းနှင့် အရှိန်အတိုင်း ပိုက်ကွန်ကို ကြိုးနှင့်ဆွဲရန် အသင့်ပြင်ရသည်။
ပိုက်ကွန်၏ ဆွဲငင်နှုန်းမှာ များသောအားဖြင့် တစ်နာရီလျှင် ရေကြောင်း ၃ မိုင်မှ ၅ မိုင်အထိ ရှိသည်။
ရီရောင့်သုန်း အမှန်တကယ်တွင် ယခင်ဘဝက မည်သို့လုပ်ရမည်ကို သိသော်လည်း သူ့အဖေ၏ ရှင်းပြချက်မူများကို စိတ်ပါဝင်စားစွာ နားထောင်နေ၏။
"အရင်က ကွန်တစ်ခါပစ်ရင် ဘယ်လောက်ကြာလဲ"
"အဲ့ဒါတော့ အခြေအနေပေါ် မူတည်တယ်ကွ၊ ပုံမှန်ဆို နှစ်နာရီခြား၊ သုံးနာရီခြားတိုင်း ကွန်ကို ပြန်သိမ်းတယ်"
ပင်လယ်ပြင်မှာ အလုပ်လုပ်ရသည်က အလွန်ပျင်းဖို့ ကောင်းလှ၏၊ အထူးသဖြင့် သူ့တွင် အပျင်းပြေ ဗီဒီအိုများ ကြည့်ရန် ဖုန်း ရှိမနေခြင်းပင်။ မေးပေါ်လက်ထောက်ပြီး စိတ်ရှည်လက်ရှည်စောင့်ကာ ပင်လယ်ရေ မျက်နှာပြင်ကို ငေးကြည့်ရုံသာ တတ်နိုင်တော့သည်။
ထို့အပြင် သူ့အဖေနဲ့ ရှိနေရခြင်းက သူ့ သူငယ်ချင်းများနှင့် အတူရှိနေရသည်လောက် ပျော်ဖို့မကောင်းချေ။ အကယ်၍ သူသာ သူ့သူငယ်ချင်းများနှင့်ဆိုလျှင် စကားပြောလိုက်၊ စလိုက်နောက်လိုက်နှင့် ကတ်ပင် ကစားလို့ ရသေးသည်။
သူ အပျင်းတက်နေသည်ကို ကြည့်ရင်း အဖေ ရီ တစ်ယောက် မနေနိုင်တော့ကာ သူ့ကို လှမ်းအော်လိုက်တော့သည်။
"ဒီကိုလာပြီး တက်မကို လာကူထိန်းပေး"
"သေချာရဲ့လား အဖေ"
"မင်းပဲ ပြောခဲ့တာမလား၊ အားကွမ်ဆီကနေ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပြီသားဆို၊ အခုလာပြီး စမ်းကြည့်ကြည့်"
"ကောင်းပြီလေ၊ အဖေ တစ်ရေးအိပ်နေနှင့်၊ ဒီကွန်ကို ကျွန်တော်နဲ့သာ လွှတ်ထားလိုက်၊ ကျွန်တော်တို့ အချီကြီး ဖမ်းမိစေရမယ်"
သူ့အဖေ သူ့ကို ယုံကြည်စိတ်ချနေသရွေ့ သူမလုပ်နိုင်တာ ဘာမှမရှိချေ။ သူ ပြန်လည် မွေးဖွားလာပြီးကတည်းက အားလုံးက သူ ဘာဆိုဘာမှမလုပ်နိုင်ဘူးလို့သာ ထင်နေကြသည်။
အဖေ ရီက သူ့ကို အထင်သေးစွာ ကြည့်ကာ ;
"လှေကို ကောင်းကောင်း ထိန်းနိုင်ရင်ပဲ တော်လှပြီ၊ ကျောက်ဆောင်တွေကိုသာ သွားမတိုက်မိစေနဲ့"
သူ့ကို အထင်သေးတယ်ပေါ့လေ။
ရီရောင့်သုန်း သူ့အဖေနဲ့ ဆက်ပြီး စကားများမနေတော့ချေ။ သူက နှုတ်ခမ်းဆူပြီး ပင်လယ်ပြင်ဆီကြည့်ကာ နာနာခံခံဖြင့် လှေကို မောင်းနှင်လေသည်။
ရီရောင့်သုန်း လိမ်လိမ်မာမာနေသည်ကို ကြည့်ပြီး အဖေ ရီမှာ စိတ်သက်သာရာရလေ၏။
ကောင်းကင်က ကြည်လင်လာသည်နှင့် ပထမကွန်သိမ်းရန် အချိန်ကျပြီဟု အဖေ ရီ မှန်းဆလိုက်သည်။
ငါးဖမ်းလှေက ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားနေပြီး တွဲကြိုးများကို ဆက်တိုက် ဆွဲယူလိုက်သည်။ ကြိုးများ ပိုက်ကွန်ဘုတ်ထဲ ရောက်သည့် အချိန်တွင် အဖေရီက ပိုက်ဘောင်ပေါ်တွင် သေချာချိတ်ပြီး တွဲကြိုးများကနေ ဖြုတ်ယူလိုက်သည်။ သူတို့ ငါးဖမ်းဂီယာကို ပြန်သိမ်းလိုက်ပြီး ၎င်းကို ပဲ့လျှောမှ ကုန်းပတ်ပေါ်သို့ ဆွဲတင်လိုက်ကြသည်။
ရီရောင့်သုန်းလည်း အရှေ့သို့ ပြေးဝင်လာပြီး အားပါးပါးနှင့် ဆွဲကူကာ ;
"အလေးကြီးပဲ အဖေရေ့၊ ကျွန်တော်တို့ အချီကြီး မိပြီနဲ့တူတယ်။ အိုး၊ အဖေရေ ကြည့်ပါဦး။ စကိတ်ငါးတွေ အများကြီးပဲ။ ဈေးကတော့ နည်းလောက်ပေမဲ့ အရေအတွက်နဲ့တင် အထင်ကြီးလောက်စရာပဲနော်၊ ဒီတစ်ပုံတည်းနဲ့တင် ကျင်းရာကျော်လောက်ရှိမယ်၊ ပြီးတော့ တခြားငါးတွေလည်း ရှိတယ်...."
စကိတ်ငါးများက (Skatefish) တစ်ကျင်း ၂၀ ဆင့်အောက်သာရသော်လည်း၊ ကျင်းရာကျော်နီးပါးနှင့် တစ်ခြား ငါးမျိုးစုံနှင့်ဆိုလျှင် ယွမ် ၂၀ လောက် တန်မည် ဖြစ်သည်။ ထို့အပြင် ပုစွန်ကွဲများနှင့် ကဏန်များလည်း ရှိနေသေးသည်။ ဒါက တကယ့်ကို အချီကြီး ဖမ်းနိုင်ခြင်း ဖြစ်သည်။ သူတို့ရွာတွင် နေ့ကောင်းရက်မြတ်ဆိုလျှင်တောင် ပိုက်ချဖမ်းရာမှ ဆယ် ယွမ်၊ ယွမ် နှစ်ဆယ်လောက်သာ ရှာနိုင်၏။
အဖေ ရီလည်း အတော်လေး ကျေနပ်သွားပြီး ;
"အမ်း၊ ဒီကွန် မဆိုးဘူး။ စကိတ်ငါး အပြုံလိုက်နဲ့ လာတိုးတာပဲ၊ ကြည့်ရတာ တိုင်ဖွန်ပြီးတော့ ငါးတွေပိုများလာပုံပဲ"
စကိတ်ငါးများက ပြားချပ်ချပ်နှင့် စိန်ပုံစံကိုယ်ထည်ရှိသည့် အရိုးနု ငါးများ ဖြစ်ပြီး ထူးခြားတင့်တယ်သည့် အသွင်ရှိ၏။ ၎င်းတို့၏ ရေယက်များက ကြီးမားသည့် အတောင်ပံ တစ်စုံနှင့် ဆင်တူကာ ရေကူးနေချိန်တွင် ပျံသန်းနေကြသလိုပင်။
၎င်းတို့က နတ်ဆိုးငါး (devilfish) နှင့် အလွန်ဆင်သော်လည်း စကိတ်ငါးများတွင် ကျောရိုး ရေယက် သို့မဟုတ် အမြီးရေယက် ရှိပြီး၊ နတ်ဆိုးငါးများတွင်တော့ ဦးခေါင်းရေယက်နှင့် နှုတ်သီးရေယက်များသာ ရှိကြသည်။
အရွယ်အစားတွင်လည်း ကွာခြားကြပြီး နတ်ဆိုးငါးများက ငါးလိပ်ကျောက်များ၏ အကြီးစားမျိုးစိတ်ဖြစ်သဖြင့်လည်း စကိတ်ငါးများထက် သာလွန်ကြီးမားလေသည်။ ပုံမှန်အားဖြင့် စကိတ်ငါးများက အမြင့်ဆုံးအရှည် 2.5 မီတာအထိ ရှိနိုင်ပြီး အကြီးဆုံး နတ်ဆိုးငါးများသည်တော့ 7 မီတာထက် ကျော်လွန်နိုင်သည်။
ထို့အပြင် နတ်ဆိုးငါးများက ရန်လိုအားပြင်းထန်ပြီး သေဆုံးစေနိုင်သည့် တိုက်ခိုက်မှုများကို ပြုလုပ်နိုင်သဖြင့် ၎င်း၏ နာမည်ကို 'နတ်ဆိုးငါး' များဟု ခေါ်ဆိုကြပြီး ငါးလက်ထုံများ (stingrays) သည်တော့ ပိုပြီးရန်လိုစိတ်နည်း၏။
ရီရောင့်သုန်း တစ်ယောက် ငါးများကို ခွဲထုတ်ရင်းဖြင့် ;
"ကျွန်တော် ကံကောင်းတာလည်း ပါတာပေါ့၊ ဟုတ်တယ်မလား"
အဖေ ရီက သူ့ကို စောင်းကြည့်လာပြီး ;
"နောက်တစ်ခေါက် ကွန်ချရင် မင်းဦးစီးပြီး လှေကိုမောင်း၊ မင်း သွားချင်တဲ့နေရာ သွားလို့ရတယ်"
"ဟုတ်၊ ကျွန်တော်သာ ဦးစီးလို့ကတော့ သေချာပေါက် ဒီနေ့ ကျွန်တော်တို့ ရိတ်သိမ်းမှုအကြီးစားကြီး ဖြစ်မှာ"
ပေါပေါပဲပဲတွေ ပြောနေပြန်ပြီ၊ အပြောထက် အလုပ်က ပိုထိရောက်တာ၊ ကြည့်ကြသေးတာပေါ့ မင်း ဘယ်လောက်ဖမ်းနိုင်လဲဆိုတာ..။
ပထမ တစ်ချီတည်းနှင့်တင် အမြတ်အစွန်း ရနေပြီဖြစ်၍ အဖေ ရီလည်း နောက်တစ်ခေါက်ကွန်ကို သူ့ကိုပေးပစ်လိုက်သည်။
စကိတ်ငါးများ ခွဲပြီးသည်နှင့် ရီရောင့်သုန်းက ကျန်သည့် ဖမ်းမိသမျှ ငါးမျိုးစုံကို သူ့အဖေဆီ လွှဲပေးလိုက်ပြီး လှေကို စီမံရန်နှင့် ကွန်ပစ်ရန် ထွက်လာလိုက်သည်။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးနေပြီး ကောင်းကင်ကြီးကလည်း ကြည်လင်သည်ထက် ကြည်လင်လာချေပြီ။
လိမ္မော်ဖျော့ရောင်လေးက ပင်လယ်ရေမျက်နှာပြင်ထက်ဆီ ထင်ဟပ်နေပြီး၊ မိုးကုပ်စက်ဝိုင်းပေါ်ရှိ တိမ်တိုက်များမှာလည်း အလင်းရောင်များဖြင့် တောက်ပပေးနေကာ ပင်လယ်ပြင်ရှိ တံငါသည်များ၏ အာရုံကို ဖမ်းစားနေလေ၏။
ရီရောင့်သုန်းလည်း မိုးကုပ်စက်ဝိုင်းကြီးဆီ မော့ကြည့်လိုက်သည်။ နေတောင် မြင့်နေပြီလား။
အဝေး တစ်နေရာရှိ အရုဏ်ဦး၏ အလင်းရောင်က ကောင်းကင်ကြီးကို တောက်ပနေစေ၏။ နေမင်းကြီးက အရှေ့ဘက်ပင်လယ်မှ ထွက်ပေါ်လာပြီး ဖရိုဖရဲ ပင်လယ်ပြင်ကြီးနှင့် ကောင်းကင်ကို ဖြတ်သန်းကာ ရွှေရောင် အရိပ်အမြွက်လေးကို ထုတ်ဖော်ပြသလာ၏။
နှစ်မိနစ် မကြာလိုက်သေးမှာပင် နေမင်းကြီးက ရုတ်တရက် ခုန်ထွက်လာပြီး စူးရှတောက်ပစွာ ဖြာကျလာတော့သည်။
နေမင်းကြီး၏ အနီရောင် အလင်းရောင်များကြောင့် တောက်ပနေသည့် တိမ်ပင်လယ်ကြီးမှာ အရောင်သွေးစုံလင်နေတော့သည်။ ရွှေရောင် နံနက်ခင်းလေးက တရွေ့ရွေ့နှင့် အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကို အနီရောင်အဖြစ် အရောင်ခြယ်ကာ ရေမျက်နှာပြင်ပေါ် မရေမတွက်နိုင်သည့် ရွှေရောင်အလင်းတန်းများ တောက်ပလာစေ၏။
လှလိုက်တဲ့ ပင်လယ်ပြင်က နေထွက်ချိန်လေးပါလား။ အသက်ရှု မှားလောင်အောင်ပဲ။
ဆက်သွယ်ရေး လုံလောက်အောင် မဖွံ့ဖြိုးသေးသဖြင့် မိုဘိုင်းလ်ဖုန်းများ မရှိသည်က နှမြောစရာပင်။ မဟုတ်လျှင် မှတ်တမ်းတင်ပြီး သူ့ဇနီးဆီ လှမ်းပို့ပေးလိုက်ချင်သည်။ သူ(မ) အရင်က ပင်လယ်ပြင်မှာ နေထွက်တာ တစ်ခါမှ မြင်ဖူးမှာ မဟုတ်လောက်ဘူး..။
အခွင့်အရေးသာရှိလျှင် မိန်းမဖြစ်သူအား ပင်လယ်ပြင်တွင် နေထွက်သည်ကို ကြည့်ရန် အတူတူခေါ်လာချင်မိသည်။
ရီရောင့်သုန်း တစ်ယောက် နေထွက်သည်ကို ကြည့်ရင်းဖြင့် ရွက်လွှင့်နေခြင်းကိုလည်း မနှောင့်နှေးစေပေ။ သူက လှေကို လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက် ခုတ်မောင်းကာ ရှေ့သို့ တရွေ့ရွေ့ ရွေ့လျားပြီး ကွန်ကို ချနေ၏။