Unicode
ကုပိုင်သည် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ မောက်မာနေသောပရိသတ်များကို လျစ်လျူရှုပြီးနောက် ဂျုံကို ဂျုံမှုန့်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါနှင့် ရေတို့ကို 1:1:3 အချိုးအခြေခံ၍ ရောမွှေလိုက်၏။ ထို့နောက် မုန့်ညက်ဖြစ်အောင်ထိ နယ်လိုက်သည်။
ကြယ်စင်စုခေတ်တွင် အထူးမုန့်ဖုတ်ဆိုဒါမရှိသောကြောင့်၊ ကုပိုင် အဖြူရောင်ရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါကို ယင်းအစား အသုံးပြုခဲ့ခြင်းပင်။ ၎င်းတို့သည် အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်ကို မြန်ဆန်စေမည်ဖြစ်ပြီး ယခုအချိန်တွင် ပြုလုပ်ရန် မှန်ကန်သောရွေးချယ်မှုဖြစ်၏။
မုန့်ညက်ကို ပန်းကန်လုံးတစ်ခုထဲထည့်ကာ အချဉ်ပေါက်မြန်စေရန် ပလပ်စတစ်အကာဖြင့် ဖုံးအုပ်ထားလိုက်သည်။
အချဉ်ဖောက်နေသည့်လုပ်ငန်းစဉ်အတွင်း ကုပိုင် *အဆာများကို စတင်ပြင်ဆင်တော့၏။ယခု သူ့တွင် ကြက်ဥ သို့မဟုတ် တိုဟူးမရှိသလို ပါ၀င်ပစ္စည်းတွေလည်း သိပ်မရှိချေ။
ဤအစားတနပ်ကို သူကိုယ်တိုင်အတွက် လုပ်ပါက ပုံမှန်ဟင်းသီးဟင်းရွက်များကို *အဆာအနေနှင့် ထည့်၍ရသည်။ ယခုမူ ထင်းယွီ၏ပရိသတ်များရှက်ရွံ့သွားစေရန် အထူးတလည်ဖြစ်သည့်တစ်ခုခု လုပ်ရပေတော့မည်။
ကုပိုင် မီးဖိုချောင်ထဲမှ ထွက်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ အကွာအဝေးကန့်သတ်ချက်ကို ရောက်သွားသည်။ ထို့နောက် မုမုကိုခေါ်၍ တစ်ခုခုပြောလိုက်၏။ ခဏနေတော့ ၎င်းက ဗီလာမှထွက်သွားသည်။
သူ မီးဖိုချောင်ထဲပြန်ဝင်လာတော့ ထင်းယွီ၏ပရိသတ်များက သူ့ကိုလှောင်ပြောင်ရန် ပိုကြမ်းတမ်းသည့်စကားတွေ ပြောလာကြလေသည်။
သူများတွေ သူ့ကို မည်သို့အကဲဖြတ်ကြသည်ကို ကုပိုင် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးချေ။ သူတို့ သူ့ဆီမလာပါက အလေးအနက်ပင်ထားလိမ့်မည်မဟုတ်။
"Bingo! ထင်းယွီက သင့်ကို video chat တစ်ခုလုပ်ဖို့ ဖိတ်ခေါ်နေပါတယ် လက်ခံမလား၊ လက်မခံဘူးလား?" ကုပိုင် အဆာများပြင်ဆင်ရာနှင့်ပတ်သက်၍ အလုပ်ရှုပ်နေချိန်တွင် စက်သံတစ်ခုက သူ့အလိုလို ထွက်ပေါ်လာသည်။