ဥယာဥ်မှူးကောင်းရင် ပန်းလေးတွေကောင်းသည်တဲ့
ဥယာဥ်မှူးက သေချာစိတ်ရှည်လက်ရှည် စိုက်ပျိုးခဲ့လို့ထင် နှင်းဆီပန်းပင်ကြီးတွေသည် အခက်အလက်ဝေဝေဆာဆာနှင့် အပွင့်ရဲရဲတို့မှာ အခိုင်လိုက် ငွားငွားစွင့်စွင့်ပွင့်လန်းနေကြသည်
တစ်ယောက်သောသူအတွက်ရည်ညွှန်းပြီးစိုက်ထားသည့်ပန်းတို့သည် အလိုက်သိစွာပင် ထိုသူပြန်လာမည့်နေ့အမှီ လှလှပပပွင့်လန်းနေကြသည်
နှင်းဆီဆိုရင် အနီရဲရဲကိုမှ ရွေးပြီးကြိုက်တတ်သူအတွက် သူပျိုးထားသော ပန်းတွေအားလုံးသည် နှင်းဆီနီများသာဖြစ်သည်
နှင်းဆီပင်ခြေရင်းက ပေါင်းပင်တွေရှင်းရင်း မြေကိုဆွရင်း ဟိုးအတိတ် သူ့ရဲ့ငယ်စဥ်ကလေးဘဝက အဖြစ်အပျက်အချို့ကို သူပြန်မြင်ယောင်လာမိသည်................................
"ဟေ့ သူ့ကိုမပေါင်းကြနဲ့ သူက ဂြိုဟ်ဆိုးကောင်တဲ့ "
"ဘာလို့လဲဟ "
"ဟာ မင့်မသိဘူးလား သူ့ကိုမွေးတဲ့နေ့မှာပဲ သူ့အဖေ ပိုးထိပြီးဆုံးတာလေ မကြာဘူး သူ့အမေလည်း နှလုံးဖောက်ပြီး ဆုံးသွားတာကွ မင့်တို့ သေမှာမကြောက်ရင် သူနဲ့သွားပေါင်း ငါကတော့ ငယ်ငယ်လေးနဲ့ မသေချင်သေးဘူး သွားပြီကွာ"
"ဟာ စောင့်အုန်းလေ ငါတို့ပါ လိုက်မှာပေါ့ကွ "
"ဒါဆို အမြန်လာ "
လူမှန်းသိတတ်စကတည်းကကြားလာရသည့် ဒီစကားတွေရဲ့အဓိပ္ပာယ်ကို သူနားလည်စပြုမိလာသည်
အစကဘာကိုဆိုလိုသလဲနားမလည်တာမို့ အောက်ကျနောက်ကျခံကာ သူနဲ့ရွယ်တူကလေးတွေနှင့် အတူတူကစားရဖို့ သူကြိုးစားသေးသည်
နောက်တော့ သူကိုယ်တိုင်ပင် တဖြည်းဖြည်းနှင့် ရှောင်ဖြစ်လာသည်
သူတို့ငယ်ငယ်တုန်းက ရွာတွင် ကျောင်မရှိသေး
ဒါကြောင့် ရွာဦးဆရာတော်ကပဲ ရွာရှိကလေးများကို မူလတန်းပြီးသည်အထိ စာသင်ပေးသည်
ဘုန်းဘုန်းက သူ့ပါ စာသင်ပေးတာမို့ သူ ကျောင်းတက်ဖြစ်သည်
သို့သော် ရွာထဲမှလူများသည် သူ့ကို သူတို့ကလေးတွေနှင့်တူတူ စာမသင်စေလို........
ဘုန်းဘုန်းလည်း အများနဲ့တစ်ယောက်မို့ သူ့ကို နေ့ခင်းဘက် တစ်ခြားသူတွေနှင့် စာတူတူ မသင်စေတော့ဘဲ ညရောက်မှသာ တစ်ယောက်တည်း သီးသန့်သင်ပေးသည်
ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက်အဆင်ပြေတာမို့ ဘာမှစောဒကမတက်ဖြစ်ပါ