အပိုင်း (၅၀)
လျို့ဟွားတစ်ယောက် ပစ္စည်းအချို့ယူရန် ထွက်လာပြီး သူ(မ)သမီးအား လှမ်းပြောလိုက်သည်။
“အားယန်က စားသမျှ အကုန် အရသာရှိနေတာပဲလေ”
ရွယ်ယန်က ယုံကြည်ချက်ရှိစွာ ခွန်းတုံ့ပြန်လာသည်။
“ဘယ်သူပြောလဲ! အရွက်စိမ်းတွေက အရသာမရှိဘူးလေ!”
ချီလင်းဟန်၏မျက်နှာမှာ အနက်ရောင်လိုင်းများဖြင့် ပြောစရာစကားမဲ့သွားရသည်။
“အရွက်တွေ မစားတာတောင် ဂုဏ်ယူနေသေးတယ်ပေါ့လေ”
သူ(မ) အလွန် သဘောကျရပါသော အနှီကိုကိုနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် ရှောင်ရွယ်ယန်မှာ မျက်မှောင်ကြုတ်ပြီး ဘာတစ်ခွန်းမှ မဆိုဝံ့တော့ချေ။
လျို့ဟွား သူတို့နှစ်ယောက်ကို စေ့စေ့ငငကြည့်ရင်း ကောင်မစုတ်လေး၏ အားနည်းချက်ကို တွေ့ရှိသွားသလို ခံစားလိုက်ရသည်။
လီရှန်မင်က ယခုလေးတင် သူ့သားကို အိမ်ပြန်ခေါ်သွားခဲ့ပြီး သိပ်မကြာလိုက်ခင် ပြန်ရောက်လာ၏။
ရွယ်ကျစ် သူ့စိတ်ထဲတွင် မရေရာသော ကြိုတင်သတိပေးချက်တစ်ခုဖြင့် သူ့ကိုကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင်၊ လီရှန်မင်က သူ့ပါးစပ်ကိုဖွင့်ပြီး သူအရင်တစ်ခါက ပြောထားခဲ့သည့် စကားများကို ဆိုလာ၏။
“ရှောင်ကျစ် ဒီအတောအတွင်း အန်ကယ့်ဆီ လူတွေအများကြီး လာရှာကြတယ်၊ အန်ကယ် မင်းအဖေနဲ့တော့ ဆွေးနွေးထားပါတယ်၊ မင်းကိုယ်တိုင် အခြေအနေကို သေချာကြည့်ချင်လားလို့ မေးချင်တယ်”
ရွယ်ကျစ် စဉ်းစားကြည့်လိုက်ပြီးနောက်မှ
“အန်ကယ်လီ ကျွန်တော် ကြည့်ချင်ပါတယ်၊ အန်ကယ် ဘယ်အချိန်လောက် အားမလဲ”
လီရှန်မင်က သူ့ပခုံးကို ပုတ်လိုက်ပြီး
“အခုပဲလေ၊ မင်းအဖေရဲ့နေရာကို သွားစို့ အဲ့မှာ သူနဲ့ တူတူဆွေးနွေးကြတာပေါ့”
ရွယ်ကျစ် ခေါင်းညိတ်ကာ သူလုပ်နေသည့်အရာများကို ချထားခဲ့လိုက်ပြီး လျို့ဟွားနှင့် ရွယ်ယန်အား နှုတ်ဆက်စကားဆိုပြီးနောက် လီရှန်မင်နှင့်အတူ ထွက်သွားလိုက်သည်။
သူ့ဘေးနားရှိ ရွယ်ယန်က ပါးကို မှုတ်ထုတ်ပြီး သူ(မ)မျက်နှာလေးအား လက်ဖြင့် ထိုးရင်း မရည်ရွယ်ပါဘဲ ချစ်ဖို့ကောင်းနေတော့သည်။
ကလေးမလေးက သူ(မ)အကိုထွက်သွားသည်အား ငေးကြည့်ရင်း မနေနိုင်စွာဖြင့် သူ(မ)အမေကို မေးမိတော့သည်။
“မေမေ ကိုကိုက ဘယ်သွားတာလဲ”
လျို့ဟွားက ကလေးမလေး၏နဖူးကို တောက်လိုက်သည်။
“ဘာလို့ ကလေးဖြစ်ပြီး ဒီလောက်ဂရုစိုက်နေရတာလဲ ဟမ်”
သူ(မ)လည်း ချက်ကျလက်ကျ သိမနေဘူးလေ၊ ဒီတော့ သူ(မ) ဒီကလေးစုတ်လေးကို ဘယ်လိုဖြေပေးရပါ့မလဲ?
ကလေးမလေးက မျက်ခုံးများကို ကြုတ်လိုက်ပြီး သူ(မ)အမေက သူ(မ)အား ခွဲခြားဆက်ဆံနေသည်ဟု ခံစားလိုက်ရသည်။ သူ(မ)က နှုတ်ခမ်းစူကာ မခံမရပ်နိုင်ဖြစ်စွာဖြင့် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။
လျို့ဟွားက အညှာတာမဲ့စွာဖြင့် သူ(မ)အား သရော်လိုက်သည်။
“အားယန်က အရူးလုပ်ဖို့ လွယ်တဲ့သူလေးလား ဟမ်၊ နေ့တိုင်း ပါးကိုပဲ ဖောင်းဖောင်းနေတယ်”
ရွယ်ယန်က ကွန်ပလိန်းပြန်တက်လာ၏။
“အဲ့ဒါ မေမေက အားယန်ကို နေ့တိုင်း စိတ်ဆိုးအောင် လုပ်လို့လေ!”
ယဲအန့်နင်နှင့် အခြားသူများမှာ မနေနိုင်အောင် ရယ်မိကြသည်။ သူတို့အကုန်လုံး တစ်ယောက်က တစ်ယောက်ထက် ကလေးပိုဆန်ကြသူချည်းပင်။
…
လုမိသားစု သုံးယောက်သားသည် ရှန်နျန်အိမ်မှ နောက်ဆုံးအကြိမ် ထွက်သွားကတည်းက ရှန်နျန်တစ်ယောက် လုယွင့်လင်ကို မတွေ့ဖြစ်သည်မှာ အချိန်အတော်ပင် ကြာသွားပြီဖြစ်သည်။ ကျောင်းက ဆရာမများကလည်း သူ(မ) ခွင့်ယူထားခဲ့သည်ကိုသာ ပြောပြကြသည်။
အနှီကိစ္စကာ ဤသို့ ပြီးသွားလေပြီဟု တွေးရင်း ရှန်နျန်တစ်ယောက် အသက်ရှူချောင်သွားတော့သည်။
သို့ရာတွင်...
ရှန်နျန် ကျောင်းပြန်တက်ချိန်တွင် သူ(မ)ဘေး၌ နူးညံ့သိမ်မွေ့သောမျက်နှာပေါ်တွင် ဖတ်ရခက်သောအမူအရာဖြင့် ထိုင်နေဆဲဖြစ်သော လုယွင့်လင်ကို တွေ့လိုက်ရသည်။
သူ(မ) ထိုင်ချလိုက်သည်နှင့် လုယွင့်လင်က သူ(မ)ကို စကားပြောရန် ချီတုံချတုံဖြစ်နေ၏။
“နျန်နျန်...”
ရှန်နျန်က သူ(မ)ကို လှည့်ပင် မကြည့်ခဲ့ချေ။
“ငါတို့တွေက အဲ့လောက်ထိ ရင်းနှီးကြတာမဟုတ်ဘူး၊ ရှန်နျန်လို့ပဲ ခေါ်ပါ”
လုယွင့်လင် နှုတ်ခမ်းကို စေ့ထားလိုက်ပြီး သူ(မ)မျက်လုံးများက မျက်ရည်များဖြင့် ပြည့်လာ၏။
“တောင်းပန်ပါတယ်...”
ရှန်နျန် အနည်းငယ် သည်းမခံနိုင်ဖြစ်လာ၏။ ယခင်ဘဝတွင်လည်း ဤကိစ္စပြီးနောက်တွင် လုယွင့်လင်က တဖြည်းဖြည်း နူးညံ့သိမ်မွေ့လာသည်ကို သူ(မ) ပြန်အမှတ်ရမိသည်။
သူ(မ)၏ယခင်ဘဝတွင်တော့ လုယွင့်လင်က အလွန်ကြင်နာတတ်သည်ဟု သူ(မ) တွေးမိခဲ့သော်ငြား ယခုအခါတွင် အချို့သော ကိစ္စများအား ရှင်းလင်းစွာ မြင်နိုင်နေပြီဖြစ်သည်။
အတန်းတစ်ခုပြီးနောက်တွင် လုယွင့်လင်က လွယ်အိတ်ထဲမှ သကြားလုံးအချို့ကို ထုတ်ပြီး ရှန်နျန်ကို ကမ်းပေးလာ၏။
“နျန်နျန် သကြားလုံးစားအုံးလေ”
ရှန်နျန် သူ(မ)အား တစ်ခဏခန့် ရှုတည်တည် ကြည့်လိုက်ပြီး သကြားလုံးကို လက်ခံလိုက်သည်။
“ကျေးဇူး...”
မည်သို့ဆိုစေ လက်ရှိတွင် လုယွင့်လင်က ကလေးငယ်တစ်ယောက်သာ။ သူ(မ)အနေဖြင့် သူ့အပေါ် ကြမ်းတမ်းသော စကားလုံးများ မဆိုနိုင်သဖြင့် ဂရုစိုက်ရန်သာ တတ်နိုင်၏။
ပြောပြီးသည်နှင့် သူ(မ)က တစ်ဖက်သို့ လှည့်ကာ အတန်းထဲမှ ထွက်သွားလိုက်သည်။
လုယွင့်လင်က နေရာတွင်သာ ရပ်နေရင်း အံကိုကြိတ်ကာ အစက ရိုးသားဖြူစင်ပြီး အားနည်းသော မျက်နှာလေးက ရှုံ့တွလာ၏။
ရှန်နျန်တစ်ယောက် သကြားလုံးများကို ဆုပ်ကိုင်ပြီး ယဲအန့်နင်ကို ရှာရန် ငါးတန်း - အတန်းသို့ ပြေးသွားလိုက်သည်။
မကြာသေးခင် အချိန်များက သူ(မ)သည် ယဲအန့်နင်ကို မကြာခဏ လာရှာတတ်သဖြင့် ယခုဆိုလျှင် ယဲအန့်နင်၏ အတန်းဖော်များက သူ(မ)တွင် နှစ်တန်းအရွယ် ညီမလေးတစ်ယောက်ရှိသည်ဟု ထင်လာကြသည်။
ယဲအန့်နင်ကို သူ(မ)အတန်းဖော်များက အတန်းထဲမှ ထွက်လာရန် လှမ်းခေါ်လိုက်သည့်အချိန် သူ(မ)ပုံစံက အနည်းငယ် အိပ်ချင်မူးတူးဖြင့် သူ(မ)အရှေ့ရှိ ကလေးမအား ပျင်းတွဲစွာ မေးလိုက်သည်။
“ဘာထပ်ဖြစ်ရပြန်ပြီတုန်း”
ရှန်နျန်က မျက်စောင်းထိုးလိုက်၏။
“ဘာကိစ္စမရှိတာနဲ့ပဲ နင့်ကို မရှာရတော့ဘူးလား”
ယဲအန့်နင် : “...”
သူ(မ)က ဘာမှမပြောဘဲ ရှန်နျန်ကိုသာ အလွန်အမင်း ရွံရှာသော အကြည့်တို့ဖြင့် စိုက်ကြည့်နေလိုက်၏။
ရှန်နျန်က ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး
“အိုခေ အိုခေ၊ ဒီတစ်ခါ တကယ် တစ်ခုခုရှိနေလို့”
ယဲအန့်နင်က မျက်လုံးတစ်ဝက်မှိတ်ပြီး နှာသံဖြင့် ပြန်ဖြေလိုက်သည်။
“အမ်?”
ရှန်နျန် သူ(မ)လက်ထဲမှ သကြားလုံးများကို ထုတ်ပြလိုက်သည်။
“ကြည့် ဒါ ငါ့ကို လုယွင့်လင်ပေးတာ”
လုယွင့်လင်ဆိုသည့် အမည်ပါလာသည်နှင့် ယဲအန့်နင်တစ်ယောက် လုံးလုံး နိုးလာတော့သည်။ သူ(မ)က မေးကို ပွတ်သပ်ကာဖြင့်
“ဘာဖြစ်လို့လဲ၊ သူက နင်နဲ့ ဆက်ဆံရေးကောင်းရအောင် စလုပ်နေပြီလား”
ရှန်နျန်၏အသံတို့က တိုးညှင်းသွားပြီး
“ထင်တာပဲ... အဲ့ဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ နင် မှတ်မိသေးလား၊ ငါ အဲ့ဒီအချိန်တုန်းက အားယန်နဲ့ အရမ်း ရင်းနှီးခဲ့တာလေ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ လုယွင့်လင်က ငါ့ရှေ့မှာ အားယန်ရဲ့ ‘ကောင်းကြောင်း’ ချည်းပဲ လာလာပြောနေတော့ ငါနဲ့ အားယန်ကြားမှာ တဖြည်းဖြည်း ခပ်တန်းတန်းဖြစ်သွားခဲ့တာ”
ယဲအန့်နင် တစ်ယောက် မနေနိုင်အောင် လှောင်ပြောင်မိတော့သည်။
“လုယွင့်လင်က လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုပေမယ့် နင် အားယန်ကို အပြည့်အဝမယုံကြည်ပေးခဲ့တာက အဓိက အကြောင်းပြချက်ပဲ၊ လိုက်ပြီး လုယွင့်လင်ကိုပဲ အပြစ်တင်မနေနဲ့”
ရှန်နျန်သည်လည်း မသိစိတ်စေ့ဆော်မှုအတိုင်း ခွန်းတုံ့ပြန်လိုက်သည်။
“နင်ရော အတူတူပဲ မဟုတ်လို့လား”
ယဲအန့်နင်မှာ ကြက်သေ,သေသွားရင်း မျက်လွှာချကာ ခါးသက်စွာ ပြုံးရင်း တီးတိုးရေရွတ်လိုက်သည်။
“အင်း......”
ရှန်နျန် နှုတ်ခမ်းကို ကိုက်ထားလိုက်ပြီး
“ငါ မရည်ရွယ်ပါဘူး”
ယဲအန့်နင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
“ကိစ္စမရှိဘူး၊ အရင်ဆုံး နင့်ကိုယ်နင်သာ ပိုပြီး ဂရုစိုက်နေ၊ ငါတို့ ဒီနေ့ပြန်သွားတဲ့အခါကျရင် ဒီကိစ္စကို သူတို့တွေနဲ့ တိုင်ပင်ကြည့်တာပေါ့”
ရှန်နျန် ဗလာကျင်းစွာ ခေါင်းညိတ်လိုက်သည်။
“အိုခေ”
ညနေခင်းတွင် ယဲအန့်နင်နှင့် ရှန်နျန်တို့ ရွယ်ယန်အိမ်သို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြချိန် ဆိုဖာပေါ်တွင် ကျောမှီကာ လဲလျောင်းနေသော ကလေးမလေးကို တွေ့လိုက်ရပြီး သူ(မ)၏ခြေတိုတိုလေးများက ဆိုဖာပေါ် ပစ်တင်ထားရင်း ရွယ်ယွိ၏ဖုန်းကိုသာ အာရုံစူးစိုက်ပြီး ကစားနေ၏။
ယဲအန့်နင် ရွယ်ယန်နားသို့ တိုးကပ်သွားလိုက်ပြီး တီးတိုးပြောလိုက်သည်။
“အားယန်၊ နင် အကိုတွေရဲ့ဖုန်းကို ယူပြီး ကစားနေပြန်တာလား”
ကလေးမလေးမှာ ထိတ်လန့်သွားပြီး ဖုန်းအား ဆိုဖာအကြားသို့ သုတ်သီးသုတ်ပျာဖြင့် ထိုးထည့်လိုက်သည်။
“ကျယ်ကျဲက ညာနေတာပဲ အားယန် ဘယ်မှာလုပ်လို့လဲ!”
ထိုအပြုအမူများက အလွန်အမင် ကျွမ်းကျင်လှပြီး ယဲအန့်နင်တစ်ယောက် သည်ကလေး ဖုန်းကို တစ်ကြိမ်ထက်မက ခိုးကစားဖူသည်ကို သေချာသွားတော့သည်။
ရှန်နျန်က ခေါင်းကို စောင်းကာ နှစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ရုတ်တရက် ထပြောလာ၏။
“အားယန် နင့်အကို ပြန်လာပြီ”
ရှန်နျန်၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ချိန် ရွယ်ယန်မှာ အောက်ထပ်သို့ ဆင်းလာသော ရွယ်ယွိကို တွေ့လိုက်ရသည်။
ကလေးမလေးက မလုံမလဲဖြစ်စွာ ညွှန်ပြလာပြီး
“ကိုကိုကိုယ်တိုင် အားယန်ကို သူ့ဖုန်းနဲ့ ကစားဖို့ သဘောတူထားတာ”
ယဲအန့်နင်တစ်ယောက် ရုတ်ခြည်း သဘောပေါက်သွားဟန်ဖြင့်
“ဪ အဲ့လိုကိုး!”
ရွယ်ယန်တစ်ယောက် မနေနိုင်အောင် အဆက်မပြတ် ခေါင်းညိတ်ပြလာ၏။
“ဟုတ်တယ် ဟုတ်တယ်!”
ရှန်နျန်တစ်ယောက် ယဲအန့်နင်၏စကားအတိုင်း လိုက်သွားလိုက်သည်။
“ဒါဆို အားယန်ကိုကိုက ခုနကလို အားယန် လှဲပြီး ဖုန်းကစားနေတာကိုလည်း သဘောတူတယ်ပေါ့”
ကလေးမလေးမှာ လမ်းပျောက်သွားရသည်။ သူ(မ)၏မျက်လုံးများက အမနှစ်ယောက်ကို ကြည့်ရင်း စိုစွတ်လာပြီးနောက် ရုတ်တရက် နှုတ်ခမ်းကို စေ့ကာ တစ်ယောက်စီအား ပြွတ်ခနဲမြည်အောင် အနမ်းပေးလိုက်သည်။
ထို့နောက် ကလေးမလေးက တီးတိုးပြောလာ၏။
“အားယန် ကျယ်ကျဲတို့ကို မွှေးမွှေးပေးလိုက်ပြီနော်၊ ကျယ်ကျဲတို့ ကိုကို့ကို ပြန်မပြောတော့ဘူး မလား”
ယဲအန့်နင် ထိတ်လန့်သွားရသည်။ ဒီကြွက်စုတ်လေးက သူ ချစ်ဖို့ကောင်းအောင်နေရင် သူ(မ)တို့ သဘောကျတယ်ဆိုတာ သိနေတာပဲ! မအံ့ဩတော့ဘူး ဒီရက်ပိုင်း အရမ်း နူးညံ့ပြီး ချစ်ဖို့ကောင်းပြနေတာ...
မဟုတ်သေးပါဘူး၊ ဒီအရူးမလေးက အမြဲတမ်း နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ လာဘ်ကောင်လေးဟာကို...
ရွယ်ယန်ဘေးနားတွင် လဲလျောင်းနေသည့် ထီကျစ်သည်လည်း သူ(မ)၏ အရှက်မဲ့စွာ ချစ်ဖို့ကောင်းအောင် ပြုမူမှုကို ရှုပ်ထွေးနေသည့်အလား ကြည့်လိုက်သည်။ ထို့နောက် ထီကျစ်တစ်ယောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တော့သည်။
ထိုအချိန်များက အနှီကောင်မလေးသည် တသီးတခြားနှင့် အမြဲ ခပ်တန်းတန်းနေ,နေကြ! သူ(မ)က ဘယ်လိုလုပ်ပြီး အခုလို ချစ်စဖွယ် အရူးမလေး ဖြစ်လာရတာလဲ? တစ်နေကုန် အလိုလိုက်ခံထားရတဲ့ ကလေးဆိုးလေးလို သရုပ်ဆောင်နေတာ!
ဒါပေမယ့်... ဒါလည်း မဆိုးပါဘူး...
ထီကျစ်၏မျက်လုံးများထဲ ကြည်နူးရိပ်များ ဖြတ်ပြေးလာ၏။
ရွယ်ယန်သည်တော့ မူပိုစွာ ဟန်ပြနေဆဲ။
“ကျယ်ကျဲ နော်လို့~ ?”
ယဲအန့်နင်နှင့် ရှန်နျန်တို့သည် သူ(မ)၏ ချွဲနွဲ့မှုကို ခံနိုင်စွမ်း မရှိတော့ချေ။ သူတို့၏ နှလုံးသားများမှာ ပျော့ပျောင်းသွားရပြီး သဘောတူရန် ဟန်ပြင်လိုက်သည့်အချိန် သူတို့အနောက်မှနေ၍ ရွယ်ယွိ၏ စူးစမ်းသော အသံကို ကြားလိုက်ရသည်။
“ဘာကို နော် နေတာလဲ ဟမ်”