"ဂျောင်ကု...ဂျောင်ကုရှီ"
အွန်းဂျီ ရဲ့ ခပ်ကျယ်ကျယ်အသံကြောင့် တဝိုင်းထဲထိုင်ပြီးတိတ်ဆိတ်နေသော ဂျောင်ကုသည် အိမ်မက်က လန့်နိုးသူပမာ ပြာပြာသလဲထူးလာပြန်သည်။အွန်းဂျီ ရဲ့မျက်နှာထက်မှာအလိုမကျမှုများစွာလွှမ်းခြုံနေပေမဲ့ ဂျောင်ကု ကအခုချိန်မှာ ဒါတွေကိုအာရုံမစိုက်နိုင်ပါ။
"ဂျောင်ကုရှီ ဒီနေ့ ဘာတွေဖြစ်နေတာလဲ..ကျမနဲ့စကားပြောရတာစိတ်မပါသလိုပဲ"
အမှန်တိုင်းပြောရင် သူလည်းတကယ်စိတ်မပါခဲ့ပါ။ဒီကိုရောက်လာတာရော၊ဒီလိုစကားတွေထိုင်ပြောနေတာရော သူစိတ်ရှိလို့လုပ်နေတဲ့အရာတွေမဟုတ်ပါ။ပြန်တွေးကြည့်လိုက်တော့လည်းသူ့ဘဝတစ်လျှောက်လုံးသူဒီလိုပဲနေခဲ့တာ မဟုတ်လား။သူကဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ အမြဲရွေးချယ်ခဲ့တဲ့သူလေ။
"ဂျောင်ကု..ဂျောင်ကုရှီ"
ဒီတစ်ခေါက်တော့ အွန်းဂျီလည်းဒေါသနည်းနည်းထွက်လာပြီထင်သည်။စားပွဲကို လက်နဲ့ခပ်ဆတ်ဆတ်ပုတ်ပြီး ထပ်မံအတွေးလွန်နေသော ဂျောင်ကုကိုခေါ်လာပြန်သည်။ ငဂျာင်ကု ကတွေးနေရာမှ ဝုန်းခနဲထရပ်ပြီး
"ဟို ...အွန်းဂျီရှီ ...ကျနော်သွားစရာလေးရှိလို့ ...ခွင့်ပြုပါအုန်း"
အွန်းဂျီ ရဲ့ပြန်အဖြေကိုတောင် မစောင့်တော့ဘဲ ဂျောင်ကုဆိုင်ထဲက ပြေးထွက်ခဲ့တော့သည်။ ဆိုင်အပြင်ရောက်တော့ ဝယ်ထားတာ သိပ်မကြာသေးတဲ့ ဆိုင်ကယ်လေးနဲ့ ထိုနေရာကနေ အရှိန်ပြင်းပြင်းမောင်းထွက်ခဲ့တော့သည်။
ဟျောင်းရဲ့ ရပ်ကွက်ထဲကိုဝင်လာတဲ့အထိ မနက်က ဂျင်ဟျောင်းပြောတာတွေ အလိမ်ညာတွေဖြစ်ပါစေလို့သာဆုတောင်းနေမိသည်။ဂျင် ဟျောင်းက သူ့ရှေ့မှာခဏခဏ ဟျောင်းနဲ့ပက်သက်ရင် ခနဲ့တတ်သူမို့ ဒီတစ်ခေါက်လည်း သူစိတ်ပူအောင် တမင်သက်သက် လိမ်တာဖြစ်ပါစေလို့သာတွေးနေမိသည်။
ဒါပေမဲ့ ခြံရှေ့ကိုရောက်ရောက်ချင်း ခြံဝက အိမ်ရောင်းမည်ဆိုတဲ့ဆိုင်းဘုတ်လေးကြောင့်သူ့ရင်တွေပူထူသွားရပါသည်။ဟျောင်းက မိဘတွေနောက်ဆုံးထားခဲ့တဲ့အိမ်လေးမို့တန်ဖိုးထားပါတယ်ဆိုတဲ့ဒီအိမ်ကိုအခုမှဘာလို့ရောင်းချင်တာပါလိမ့်။