"ကျုပ်တို့နဲ့လိုက်ခဲ့.... ဆေးကုပေးရုံပဲ နာနာခံခံနေသရွေ့ ဘာမှမလုပ်ဘူးလို့ကတိပေးတယ်"ဒေါက်တာခန့်သစ်လွင်အနေနှင့် လိုက်သွားရုံမှတစ်ပါး မည်သို့တတ်နိုင်မည်နည်း။
အမှန်တကယ်လည်း ထိုလူများက သူနာခံနေသရွေ့ ဘာမှလုပ်မလာပေ။ စခန်းရှိ ဒဏ်ရာရနေသောလူနာများကို အဓိကထား ကုသစေပြီး ဆေးများထည့်ပေးရသည်။
သူ့အလုပ်က ဒါပဲဆိုရင်တောင် အန္တရာယ်တော့ရှိနေဆဲ။ သူ့ကိုခေါ်လာသည့်အဖွဲ့က တိုင်းတပါးအဖွဲ့တစ်ခုနဲ့ပူးပေါင်းထားကာ ထိုလူများကအထက်စီးဆန်သည်။ ကုစရာလူနာများမရှိရင်တောင် လက်တိုလက်တောင်းခိုင်းရန် အော်ဟစ်အမိန့်ပေးတတ်သည်။ သူတို့အား အကောင်းဆုံးကုသမှုများပြုလုပ်စေလိုပြီး မလိုအပ်ဘဲ ဆေးပစ္စည်းများကိုဖြုန်းတီးသည်။
သူဒီနေ့တွေအတွက်လုပ်ခဲ့သမျှအရာတို့က အသက်ပေါ်ပဓာနပြုထားခြင်းသာဖြစ်ပြီး ငွေပြန်ရမှာမဟုတ်ချေ။ ငွေဆုံးရသည့်အပြင် မောက်မောက်မာမာဆက်ဆံခံရသည်။ ဆရာဝန်ဖြစ်လာသည့်အနှစ်နှစ်ဆယ်ဝန်းကျင်မှာ သူဒီလိုအရိုအသေတန်မှုမခံခဲ့ရဖူးချေ။
သို့ပေမဲ့ သူက ခေါင်းမပါတဲ့ယင်ကောင်တော့မဟုတ်။ သူမတတ်နိုင်တဲ့ကိစ္စအပေါ် ကိုယ့်ကိုယ်ကိုယ်ဒုက္ခရောက်အောင်မလုပ်ပေ။
သူ့ကိုခေါ်လာသည့်နယ်ခံအဖွဲ့ကလည်း လိုအပ်တာရနေသမျှကာလပတ်လုံး သူ့ကိုလျစ်လျူရှုထားမည်ဖြစ်သည်။ ထိုလျစ်လျူမှုက ရက်အချို့သာခံခဲ့လေသည်။
"ဘာ..... သူ့ကိုခေါ်သွားမယ်? ရူးနေတာလား ဒဏ်ရာရတဲ့သူတွေရှိရင်စခန်းထဲဘယ်သူကုသပေးမှာလဲ"
နယ်ခြား အဖွဲ့၏အကြောင်းပြချက်ကတော့ရှင်းသည်။ သူတို့ ပစ်ခတ်နေရင်း အနာတရ ရလာရင် အသင့်ကုသနိုင်ဖို့ လူကိကခေါ်သွားချင်သည်။
နယ်ခံအဖွဲ့ကလက်မခံ။ ပထမအနေနဲ့ သူတို့စခန်းမှာကုသပေးဖို့လူကျန်မှာမဟုတ်။ ဒုတိယအချက်အနေနဲ့ ပစ်ခတ်နေရင်းမတော်တဆ ဒေါက်တာကိုဆုံးရှုံးသွားရင် သူတို့က ဒီနယ်မြေ၏ချဥ်ဖတ်ကောင်များဖြစ်လာလိမ့်မည်။