Chapter 77

1K 126 0
                                    

အပိုင်း (77)


"မဟုတ်ရင်ရော၊ ငါးဖမ်း မထွက်မှဖြင့် ဘာလုပ်ဖို့လှေဝယ်နေမှာ‌လဲ။ အလှကြည့်ဖို့"

ရီရောင့်သုန်းက စိတ်အနှောင့်အယှက် ဖြစ်လာသည့်အသံဖြင့် ပြောလိုက်၏။ သူ လိမ်လိမ်မာမာနေ,နေသည့်တိုင် ဒါကိုပဲ မေးခွန်ထုတ်ခံထိနေသေးသည်။

အဖွားအိုက တစ်ချိန်လုံး နားထောင်နေပြီး၊ ယခုတွင် ပျော်ရွှင်စွာဖြင့် သူ့လက်ကို လှမ်းကိုင်ကာ ;

"ရောင့်သုန်းလေးက အရွယ်ရောက်လာပြီပဲ၊ လှေတောင်ဝယ်ပြီး ကိုယ်တိုင် ငါးဖမ်းထွက်တော့မယ်။ တစ်ယောက်တည်း သွားအခါကျ သေချာဂရုစိုက်နော် မြေးလေး"

"ဟုတ်"

အဖေ ရီက အဖွားအိုကို စိုက်ကြည့်လိုက်သည်။ သူက ယခုထိတိုင် အဖြေ ပြန်မဖြေသေး၊ သူ့မှာ သားအကြီးနှင့် သားအလတ်၏ သဘောထားကိုလည်း မေးဖို့ လိုအပ်သေးသည်ပင်။

သူက သူ့၏ သားနှစ်ယောက်ကို ကြည့်ကာ;

"မင်းတို့ညီလေးက လှေဝယ်ချင်နေတယ်တဲ့၊ မင်းတို့ ဘယ်လို သဘောရလဲ"

ရီရောင့်ဟွာ မျက်နှာမှာ သူ့ညီအစ်ကို နှစ်ယောက်ကို ကြည့်ရင်း နီမြန်းလာ၏။ သူက တုံ့တုံ့ဆိုင်းဆိုင်း၊ ရှက်ရှက်ကြောက်ကြောက်ဖြင့် ;

"အဖေ၊ ကျွန်တော်..ကျွန်တော်လည်း လိုချင်...အား"

သူက လက်မောင်းကို ကိုင်ပြီး သူ့မိန်းမကို စိုက်ကြည့်လိုက်သည်။ သူ့မိန်းမကတော့ ပြုံးပြီး အဖေ ရီအား ;

"အဖေ ကျွန်မတို့ အခန်းထဲ ပြန်ရောက်မှ ဆွေးနွေးကြည့်လိုက်ပါဦးမယ်၊ ရောင့်သုန်းကလည်း အလျင်စလို မလုပ်သင့်ဘူးလေ၊ ဟုတ်တယ်မလား"

အဖေ ရီက မျက်မှောင်ကြုတ်လိုက်ပြီး သူ(မ)ကို စိုက်ကြည့်လိုက်သော်လည်း ဘာမှ မပြောချေ။ သူ့သားအလတ်က နည်းနည်း ပျော့ညံ့လွန်းတယ်။

သူက သူ့သား အကြီးကောင်ကို ကြည့်ပြီး ;

"မင်းရော ဘယ်လိုထင်လဲ"

"အားသုန်းက အဖေ့ဆီကနေ ဘယ်လောက်ပေးပြီးဝယ်မလို့လဲ"

ရီရောင့်သုန်းက ပုခုံးတွန့်ပြပြီး ;

"အဲ့ဒါကတော့ အဖေ ကျွန်တော့်ကို ဘယ်လောက်နဲ့ရောင်းပေးမလဲပေါ် မူတည်တယ်"

"မင်း ဘယ်လိုထင်လဲ၊ သားကြီး"

"ကျွန်တော် အရင် စဉ်းစားကြည့်လိုက်ပါအုံးမယ်၊ ညစာ စားပြီးသွားရင်တော့ အ‌ဖေ့ကို အဖြေပြန်ပေးပါ့မယ်"

"ကောင်းပြီ။ မင်းတို့ အားလုံး စဉ်းစားထားကြ၊ လောင်စမ်း၊ အခန်း ပြန်ပြီး မင်းမိန်းမနဲ့ တိုင်ပင်ကြည့်ဦး၊ ဆုံးဖြတ်ချက်တွေ ပြီးစလွယ် လိုက်မချနဲ့"
(လောင်စမ်း-တတိယသား)

နောက်ဆုံးတော့လည်း အဖေက သူ့ကို မယုံတာက မယုံတာပဲ။

ချွေးမအလတ် ပြုမူပုံက သူ၏ ဒုတိယသားက စိတ်နုလွန်းသည်ဟု ခံစားရစေကာ အဖေ ရီ သဘောမကျလှချေ။

တတိယ ချွေးမကိုမူ သူ၏ တတိယ သားအား ပိုမိုကြီးကြပ်စေချင်ပြီး၊ ဤပြောမရ ဆိုမရ တတိယသားကို သေချာ စောင့်ကြည့်စေလိုကာ ရောင့်သုန်းကလည်း သူ့မိန်းမ စကားကို ပိုနားထောင်ပါစေလို့ သူမျှော်လင့်မိသည်။

ဖခင် တစ်ယောက် ဖြစ်ရခြင်းမှာလည်း အလွန်ဝိရောဓိ ဖြစ်လှ၏။

သူ့သားတွေ ဇနီးသည် ပြောသမျှ အကုန် နားထောင်သည့်အခါတွင် စိတ်မွန်းကြပ်ရပြီး မနားထောင်သည့်အခါတွင်လည်း ဇနီးမယား ဖြစ်သူ၏ အကြံဉာဏ်များကို ပို၍ နားထောင်စေချင်ပြန်သည်။

အမေ ရီက ပြုံးရင်းဖြင့် ;

"မင်းတို့ အားလုံး အခန်းပြန်ပြီး သေချာတိုင်ပင်ကြည့်ကြပေါ့၊ ငါ ညစာ သွားပြင်လိုက်ဦးမယ်။ မိုးတောင် ချုပ်နေပြီး ဘာမှမချက်ရသေးဘူး"

ဟင်းပွဲများက ရိုးရှင်းပြီး အလုပ် အများကြီး လုပ်စရာ မလိုသဖြင့် သူ(မ) သူတို့ အကူအညီကို မလိုအပ်ပါချေ။

ရီရောင့်သုန်း အခန်းထဲသို့ ပြန်ရောက်ပြီးနောက်တွင် လင်းရှို့ချင်းက သူ့ကို ဘေးသို့ ဆွဲခေါ်ကာ ;

"ဘာလို့ လှေဝယ်ချင်နေရတာလဲ။ အားလုံး သုံးဖို့ထားပြီး လိုတဲ့သူ ယူသုံးတာက ပိုမကောင်းဘူးလား"

သူ လှေဝယ်ချင်သည်လို့ ပြောထွက်လာသည့်အချိန်တုန်းက 'ရှင် ဘာတွေ စဉ်းစားနေတာလဲ' ဆိုပြီး မေးချင်သည့် သူ(မ)ရဲ့ဆန္ဒတွေကို ဖိနှိပ်ထားရသည်က မည်မျှခက်ခဲမှန်း ဘုရားသခင်သာ သိပေတော့မည်။ ထိုအချိန်က သူ(မ) ဝင်ပြီး စကားမဖြတ်ချင်ရုံသာ။

"အားလုံး သုံးဖို့ ထားတယ်ပဲထား၊ ပြော၊ ဘယ်သူက ပိုက်ဆံသိမ်းမှာလဲ"

လင်းရှို့ချင်း တစ်ယောက် ပြောစရာ စကားမဲ့သွားရသည်။

"အခု အခြေအနေအရဆို ငါတို့ အဖေနဲ့ အလုပ်,လုပ်ပြီး ရလာတဲ့ငွေက အိမ်ဆောက်တဲ့ဆီမှာ ပြန်သုံးရတာ၊ ငါတို့ အိမ်ခွဲပြီးသွားတဲ့အခါကျရင်၊ ကဲ ... ငါတို့ အဖေနဲ့ ငါးဖမ်းထွက်တယ်ပဲထား အဖေက ပိုက်ဆံကို ခွဲပေးမယ် မဟုတ်လည်း လုပ်အားခသဘောမျိုးပေးလိမ့်မယ်၊ ဒါပေမဲ့ ငါတို့က အလှည့်ကျနဲ့ဆိုတော့ တစ်လမှာ ဆယ်ရက် အဲ့မှာမှ ‌စက်ပစ္စည်းတွေ ပျက်လို့ ပြင်ရမယ်၊ လှိုင်းတွေ ကြမ်းလို့ လှေထွက်လို့ မရဘူး။ အဲ့အခါကျရင် ငါတို့တွေ တစ်လလုံး ပင်လယ်ထဲ ထွက်လို့ ရမှာ မဟုတ်တော့ဘူး"

"လှေလေး တစ်စီးနဲ့ဆို ထောက်ချောက်လေး ဘာလေး လုပ်ထားပြီး နောက်တစ်နေ့ ရောက်ရင် ဖမ်းမိတဲ့ဟာ သွားယူလို့ရပြီ၊ အဲ့ဒါက ပိုပြီး အလုပ်မြဲမယ်မဟုတ်လား။ ပြီးတော့ ညသန်းခေါင်ကြီး အလုပ်သွားစရာလည်း မလိုတော့ဘူး"

လင်းရှို့ချင်းက ရီရောင့်သုန်းကို စူးစိုက်ကြည့်ပြီး ;

"ရှင် သေချာပြီလား"

"ဒါပေါ့ဟ၊ ဘယ်သူမှ ငါ့ကို မယုံပေမဲ့ မင်းကတော့ ယုံရမယ်လေကွာ"

"ကျွန်မက ဘာလို့ ရှင့်ကို ယုံရမှာလဲ"

ဒါကတော့.....

ရီရောင့်သုန်း တစ်ယောက် ခေါင်းကို ကုတ်လိုက်ပြီး ;

"ဟူး~ ငါ ခုနောက်ပိုင်း ကောင်းကောင်းနေတယ်လေ၊ မဟုတ်ဘူးလား။ မင်းလည်း မြင်နေတာပဲကို"

"ရှင် ဘယ်လောက် ကြာကြာနေနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ"

"ငါ့ စိတ်အားထက်သန်မှုကို လျော့အောင် မလုပ်ပါနဲ့ကွာ၊ ဟုတ်ပြီလား။ အမှန်ဆို မင်းက ငါ့ကိုတောင် အားပေးရမှာလေ။ မင်း ငါ့ကို့ အလုပ်ကြိုးကြိုးစားစားလုပ်ပြီး ပိုက်ဆံ မရှာစေချင်လို့လား"

သူ(မ)က အလေးအနက်ဖြင့် ;

"ရှင် ကြိုးစားနေတာကို ကျွန်မ မြင်လို့လည်း ကျွန်မ ရှင့်အပေါ် မျှော်လင့်ချက် ထားမိတာလေ၊ အဲ့ဒါကြောင့်လည်း ရှင်သေချာရဲ့လားလို့ မေးတာပေါ့၊ အရင်ကသာဆိုရင် ကျွန်မ ရှင့်ကို အဖက်လုပ်ပြီး မေးနေမှာတောင် မဟုတ်ဘူး။ ကျွန်မဆီက ပိုက်ဆံရပြီးသွားရင် ရှင် မေ့သွားတော့မှာလေ"

"အလုပ် ကြိုးစားကြမယ်လို့ မင်း တကယ် စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် ငါ မင်းကို သေချာပေါက် ပံ့ပိုးပေးမှာ၊ ဒါပေမယ့် မင်း အတွက် ဒါက သိပ်မဆင်ပြေလောက်ဘူး ထင်ရင်လည်း ပိုက်ဆံကို မဖြုန်းဘဲနေကြတာပေါ့"

ရီရောင့်သုန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ(မ)ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ သူ(မ)၏ ဆံပင်တိုတိုများကို ပွတ်သပ်ပေးလိုက်သည်။ ပထမဆုံးအနေဖြင့်လည်း သူက အလွန် တည်ကြည် လေးနက်စွာဖြင့်

"ငါ့ကို ဒီတစ်ကြိမ်တော့ ယုံကြည်ပေးပါဟာ၊ အသုံးမကျတဲ့ သားတောင် ပြောင်းလဲပေးနိုင်ပါတယ်"

သူ့ စကားများကို ကြားပြီးနောက် လင်းရှို့ချင်းမှာ အနည်းငယ် ဝမ်းနည်းလာမိပြီး မျက်လုံးများတွင် မျက်ရည်များ ရစ်ဝဲလာတော့သည်။

တစ်ခဏ ကြာပြီးနောက်တွင် သူ(မ)က ;

"ရှင် ပြောတာနော်"

"အင်း၊ ငါ ပြောတာ"

ရီရောင့်သုန်း နှာခေါင်းသံ သဲ့သဲ့လေးကို ကြားရပြီး သူ(မ) ကျောကို နှစ်သိမ့်ရန် ပုတ်ပေးလိုက်သည်။

"လှေဝယ်ကြရအောင်၊ ဒီအခွင့်အရေးက ရှားရှားပါးပါးရတာ၊ နောက် ငါတို့ လှေအကြီးကြီး ဝယ်ဖို့ပိုက်ဆံ ရှိလာရင် ဒီလှေသေးလေးကို ပြန်ရောင်းလိုက်ကြမယ်လေ၊ ငါတို့အတွက် အရှုံး မရှိပါဘူး"

"အိုခေ"

သူ(မ)က သူ့ကို ပြန်ဖက်ထားလိုက်၏။

သူ့ရဲ့ မကြာသေးမီက ပုံစံကို ကြည့်ရင်း သူ့ကို အခွင့်အရေး တစ်ခု ပေးရန် သူ(မ) ဆန္ဒရှိသည်။ သူ သူ(မ)ကို လိမ်ပြောခဲ့သည်ရှိသော် လှေကိုပြန်ရောင်းချနိုင်ပြီး၊ ကြိုးစားစရိတ်က ထိုမျှဈေးမကြီးပါချေ။

လင်မယား နှစ်ယောက် သဘောတူညီမှုရပြီးနောက်တွင် သူတို့အဖေ သူ့တို့ကို မည်မျှနှင့်ရောင်းလိမ့်မည်ကို ဆွေးနွေးကြသည်။‌ ပေါက်ဈေးထက်တော့ လျှော့ပေးလိမ့်မည် မဟုတ်လောက် အထူးသဖြင့် သူတို့၏ ချွေးမများပါ ကြည့်နေကြပုံနှင့်ဆိုလျှင်။

သို့ရာတွင် ရီရောင့်သုန်း စိတ်ပူမနေချေ။ သူ့မိဘများက ပိုက်ဆံကို လောဘတတ်သူများ မဟုတ်။

"အစ်ကိုကြီးနဲ့ အားဟွာ ဘာပြောမလဲ ကြည့်ကြတာပေါ့၊ အခုလေးတင် အားဟွာရဲ့ပုံစံက လိုချင်နေတဲ့ပုံပေါ်သလိုပဲ"

"ဒါပေမဲ့  ဒုတိယခယ်မ သူ့ကို တားလိုက်တယ်မလား။ သူ့မိန်းမက သူ့ကို ပိုက်ဆံ ထုတ်ပေးလောက်မှာ မဟုတ်ဘူး"

သူက နှုတ်ခမ်းဆူလိုက်၏။ ပီချူးလိုမျိုး ဝင်ပဲ ဝင်တယ်၊ အထွက် မရှိတဲ့ အကောင်မျိုး။ အံ့ဩစရာတော့မရှိ ယခင်ဘဝက သူတို့ ပိုက်ဆံ အများကြီး စုဆောင်းနိုင်ခဲ့ကြတာကို။

"ခဏနေကျ သိရမှာပေါ့၊ သူတို့က အဖေနဲ့ပဲ ပိုပြီးအလုပ်,လုပ်ချင်ကြတဲ့ပုံပဲ။ အရင်းအနှီးလည်းမလို ပိုပြီးလည်း အန္တရာယ်ကင်း"

"တကယ်တော့ ကျွန်မတို့လည်း သီးသန့်အလုပ်,လုပ်စရာ မလို..."

"သီးသန့်လုပ်စရာ မလိုဘူးပေါ့။ ဒါဆို ငါတို့ညီအစ်ကို သုံးယောက် အလှည့်ကျစီ တစ်လ ရက်နည်းနည်းလောက်ပဲ အလုပ်ထွက်လုပ်ပြီး ကျန်တဲ့အချိန်တွေကို အရင်အတိုင်း စားလိုက်၊ သောက်လိုက် ပျော်ပါးလိုက်နဲ့လား"

လင်းရှို့ချင်းက ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။ သီးသန့် အလုပ်လုပ်သည်က ပိုကောင်းလိမ့်မည်ဖြစ်ပြီး အကယ်၍ သူတို့သာ ပျော်ပါးနေကြလျှင် အချိန်တွေ အများကြီး ဖြုန်းမိသွားကြမည်။

"ဒါဆိုလည်း ရှင့်သဘောပဲ၊ ဝယ်ကြတာပေါ့၊ ဒါပေမဲ့ အခုလောလောဆယ်တော့ ရှင် တစ်ကိုယ်ကောင်းဆန်ပြီး အလုပ် ထွက်မလုပ်နဲ့နော်၊ အိမ်မှာက အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့က မိသားစုကို ဝိုင်းကူးအလုပ်,လုပ်ပေးနေကြတာ ရှင်ပါ ဝင်ကူညီမှရမှာ"

"ငါ သိပါတယ်ဟ၊ အခုက အိမ်က အလုပ်များနေတာဆိုတော့ ငါလည်း နေ့တိုင်းတော့ ဘယ်ထွက်ပါ့မလဲ။ အိမ်သစ်ဆောက်တာလည်း ကူညီပေးရဦးမှာ၊ နောက်မှ ငါးဖမ်းထွက်မဲ့အချိန်ကို ရှာကြည့်,ကြည့်လိုက်မယ်"

ပြီးတော့ သူ လှေ ဘယ်လိုလှော်ရမလဲကိုလည်း သင်ရအုံးမယ်။

ရွက်လွှင့်တာကတော့ သူ့အတွက် လွယ်တယ်ဆိုပေမဲ့..လှေလှော်တာကတော့...နည်းနည်းခေတ်နောက်မကျနေဘူးလား၊ သူငယ်‌ငယ်လေးကတည်းက လှေလှော်တာ တစ်ခါမှ မသင်ဖူးဘူးလေ၊ ကမ်းစမ်အနီးက ရေပြင်ဘက်မှာ အချိန်ပေးပြီး သွားစမ်းကြည့်မှရမယ်...

ဆွေးနွေးပြီးနောက်တွင် လင်မယား နှစ်ယောက် အခန်းအပြင် ထွက်လာကြသည်။ ညစာ စားချိန်လည်း ရောက်နေပြီ ဖြစ်သည်။

ထမင်းစားနေကြစဉ် ရီရောင့်ဖုန်က တိုက်ရိုက်ပင် ;

"အဖေ ညီလေးက လှေကို လိုချင်တယ်ဆိုတော့ အဖေ သူ့ကို ဈေးလျှော့ပြီး ရောင်းပေးလိုက်ပါ၊ သူ အလုပ် ကြိုးကြိုးစားစား လုပ်ချင်တယ်ဆိုတာက ရှားတယ်လေ။ ကျွန်တော်ကတော့ မလိုချင်ပါဘူး"

"အိုခေ၊ သားလတ်ကရော။

ရီရောင့်ဟွာက ရီရောင့်သုန်းကို ရှက်ရှက်ဖြင့် ကြည့်ကာ ;

"ညီသုံးက လိုချင်နေမှဖြင့် သူ့ကိုပဲ ပေးလိုက်ပါ၊ တစ်ပတ်ရစ် လှေက ပိုက်ဆံ အများကြီး မပေးရ......"

သူက အံကိုကြိတ်ကာ မျက်မှောင်ကြုတ်ထားလေ၏။

ဒုတိယ ခယ်မက သူ့ကို ဆိတ်ဆွဲနေပြန်ပြီဆိုတာ အားလုံး သိလိုက်ကြပြီ။

ဦးနှောက်ရှိသူတိုင်း မြင်နိုင်နေသည်ဖြစ်ရာ အမေရီတစ်ယောက် သူ့ချွေးမအလတ်ကို သဘောမကျကြည့်ပြီး;

"ယောကျာ်းတွေ ပြောနေကြတဲ့ စကားဝိုင်းကို နင်က ဘာဝင်ပါတာလဲ"

"အား...သမီး...သမီး ဘာမှမလုပ်ပါဘူး..အမေ...."

အဖေ ရီက သူတို့ကို စိုက်သာကြည့်ပြီး သူ့ချွေးမကိုတော့ မည်သည့် မှတ်ချက်မှ ဝင်မပေးချေ။ ယောက္ခထီး တစ်ယောက်အနေဖြင့် သူ ဝင်ပြောလို့ မသင့်တော်ပေ။

သူက တူကို ချလိုက်ပြီး တည်ကြည်စွာဖြင့် ;

"မိသားစုဝင်တွေအနေနဲ့ ကိုယ့်ငွေစာရင်း ကိုယ်  သေချာ ရှင်းလင်းသင့်တယ်၊ မိသားစုဝင်ဆိုတိုင်း အလကားတော့ ပေးလို့ မရဘူး။ ပြီးတော့ အဲ့လှေကလည်း သေးတယ်လို့ ပြောလို့မရဘူး၊ ဈေးကွက်ပေါက်ဈေးအရဆို ယွမ် ၂၀၀ ဝန်းကျင်တန်တယ်၊ မင်းတို့ အားလုံး ကန့်ကွက်စရာ မရှိဘူးဆိုတော့ ရောင့်သုန်းကို ယွမ် ၁၅၀နဲ့ ရောင်းပေးမယ်၊ ငါတို့အားလုံး မိသားစုတွေဆိုတော့ အိမ်ဆောက်ဖို့ ဒီပိုက်ဆံတွေကို သုံးလို့ရတယ်၊ မင်းတို့ အားလုံး သဘောတူကြလား"

ရီရောင့်ဖုန်နှင့် ရီရောင့်ဟွာတို့ ကန့်ကွက်စရာ မရှိချေ။ ဒုတိယ ခယ်မက သတိပေးခံထားရပြီး ဘာမှဝင်မပြောရဲ။ အကြီးဆုံးခယ်မကတော့ ဉာဏ်ရှိကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်သည်။

ထိုသို့နှင့် လှေငယ်ကိစ္စမှာ ဖြေရှင်းပြေလည်သွားကြသည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now