Chapter 80

1K 117 0
                                    

အပိုင်း (80)


သူငယ်ချင်းတွေ စရင်းနောက်ရင်းဖြင့် လှေလေးက ကျွန်းဆီ တစ်ဖြည်းဖြည်း ရွေ့လာလေသည်။

သူတို့ ဝန်းကျင်တွင် သီးခြားကျွန်းငယ်၊ ကျွန်းကြီးများစွာ ရှိပြီး အားလုံးက လူသူမရှိသည့် ကျွန်းများဖြစ်သည်။ ပထဝီဝင် အနေအထားအရလည်း တစ်ချို့ကျွန်းများမှာ လနှစ်သစ်၏ ပထမဆုံးနေ့နှင့် ဆယ့်ငါးရက်မြောက်နေ့တွင် ကျောက်ဆောင်များအောက် နိမ့်ကျသွားလေ့ရှိသည်။

ရီရောင့်သုန်း တစ်ယောက် ပတ်ဝန်းကျင်ကမ်းရိုးတန်းတစ်လျှောက် လှည့်လည်သွားကြည့်ပြီး ကမ်းစပ်တွင် ကမ်းကပ်နိုင်ရန် မြေမျက်နှာပြင်မြင့်မြင့်ရှိသော ကျွန်းလေး တစ်ကျွန်းကို တွေ့လိုက်ရသည်။ ဒီရေကျစ ပြုလာသည်နှင့်အမျှ ကြီးမားကျယ်ပြန့်သည့် ကမ်းခြေမြေများကို ထုတ်ဖော်ပြသလာ၏။ ဒီရေက သဲသောင်ပြင် အားလုံးကို မဖုံးလွှမ်းနိုင်‌ခဲ့ချေ။ ဖြစ်တန်သည်က ကမ်းခြေအများစုကို ဒီရေ မလွှမ်းနိုင်ခဲ့သည် ဖြစ်ရမည်။

လှေကို ကြိုးချည်ပြီးနောက်တွင် ပစ္စည်းများကို ဆွဲပြီး လှေပေါ်က ဆင်းကာ ;

"ဒီနေ့က ဆယ့်ငါးရက်နေ့ဆိုတော့ မနက် ၆ နာရီက ရေချိန် အမြင့်ဆုံးပဲ။ အခု ၈ နာရီ ထိုးခါနီးနေပြီဆိုတော့ ဒီရေလည်း တော်တော်ကျသွားပြီ၊ ကဲ ကိုယ့်လူတို့၊ ဒီနေ့ကတော့ အချန်တွေ အများကြီး ရတယ်။ ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြစို့"

"ဒီကျွန်းက ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်းထက် သေးသလိုပဲ"

"သေးတာ ကြီးတာက အရေးမကြီးဘူး။ ပစ္စည်းရှာ တွေ့ဖို့က အဓိက"

"ဘာမှ ရှာစရာ မရှိလည်း ကိစ္စမရှိဘူး။ ရောင့်သုန်းကို နောက်ကျွန်း တစ်ကျွန်း ပြောင်ခိုင်းကြတာပေါ့"

"အို့၊ ဘာကြီးပါလိမ့်"

ရီရောင့်သုန်း ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက်တွင် ကမ်းခြေပေါ်ရှိ သဲ‌မြေတွင် အခွံ ရေးရေးလေးသာ ပေါ်နေသည့် မီးခိုဖြူရောင် ဥများကို တွေ့လိုက်ရသည်။

ဒါဥတွေ မဟုတ်လား၊ ဟမ်။

သူလည်း သိပ်မသေချာကာ လက်ညိုးနှင့် ထိုးကြည့်ပြီး ဆောင့်ကြောင့်ထိုင်ကာ ဖော်လိုက်ချိန်တွင် ဥ တစ်လုံး,လုံး လုံးထည် ပေါ်လာတော့သည်။

အခြားသူများလည်း ရောက်လာပြီး ကြည့်လိုက်ကြသည်။

"အဲ့ဒါ လိပ်ဥများလား"

"အားသုန်း၊ ဆက်ပြီး တူးကြည့်လေ၊ လိပ်ဥသာဆိုရင် ဆက်ပြီး တူးကြည့်ကြည့် အောက်မှာ ဥတွေ ရှိအုံးမလား မသိဘူး"

ပြောနေစရာကို မလိုတာ၊ ဆက်တူးရမယ်ဆိုတာ သူလည်း သိတယ်။

ရွှံ့သဲမြေကာ နူးညံ့ ပြေလျော့နေသဖြင့် သူ အလွယ်တကူ တူးလိုက်ရုံနှင့် နောက်ဥ တစ်လုံးကို စမ်းမိပြီး ဆွဲထုတ်လိုက်ချိန်တွင် အောက်တွင် ရှိနေသော ဥများ အားလုံး ပေါ်လာတော့သည်။

"လခွမ်းဟ၊ ငါ တကယ်ကြီး လိပ်ဥ အသိုက်ကို တူးမိသွားတာလား"

ရီရောင့်သုန်း တစ်ယောက် လွန်စွာ အံ့ဩ ဝမ်းသာနေတော့သည်။

"ဒီလိပ်ဥတွေက အားအရမ်း ရှိတာဟ"

လိပ်ဥ တစ်လုံး၏ အာဟာရဓာတ်များက သာမန် ဥငါးလုံးနှင့် ညီမျှ၏။ အမျိုးသမီးများအတွက် အသားအရေကို အစိုဓာတ် ထိန်းပေးသည့် အာနိသင်ရှိပြီး အမျိုးသားများအတွက်မူ ကာမအားတိုးဆေး တစ်မျိုး ဖြစ်သည်။ လိပ်ဥများမှာ သွေးလွှတ် ကြောမာရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဘက်တီးရီးယား ပိုးမွှားများကို တိုက်ဖျက်နိုင်ခြင်း၊ ကင်ဆာကို တိုက်ဖျက်ခြင်းနှင့် အိုမင်း ရင့်ရော်ခြင်းတို့ကို တားဆီးပေးသည့် အာနိသင်များ ရှိ၏။

"ကျစ် ကျစ် ကျစ်၊ ‌အားသုန်းတို့ကတော့ ကံကောင်းခြင်းနဲ့ စပြန်ပြီကွာ၊ မြန်မြန် ရေကြည့်စမ်းပါဦး၊ ဘယ်နှလုံးလဲလို့"

ရီရောင့်သုန်း တစ်ယောက် ပျော်ရွှင်စွာဖြင့် တစ်လုံးချင်းစီ ပုံးထဲ ရေတွက်ရင်း ကောက်ထည့်လိုက်သည်။

"၇၈ လုံးဟေ့"

သူ ဥများ အားလုံး ထုတ်ယူပြီးနောက်တွင် ဥတွင်းက ၄၀ စင်တီမီတာခန့် အနက်နှင့် အချင်း ၂၀ စင်တီမီတာခန့်သာ ရှိပြီး ဥများက တစ်လုံးပေါ် တစ်လုံး ထပ်နေကြသဖြင့် သူ မကိုင်မိခင် ဒါဇင် စင်တီခန့်သာ တူးခဲ့ရကြောင်း ထင်ရှားလေသည်။

"-ိုးဟ၊ နည်းတာ မဟုတ်ဘူး။ ဒီလိပ်က သေးမဲ့ပုံတော့ မပေါ်ဘူး"

အားကွမ် တစ်ယောက် ရီရောင့်သုန်း၏ ကံကောင်းပုံအား အလွန် အားကျနေတော့သည်။

"ငါတို့ရော ပတ်ကြည့်သင့်လား။ သဲတွေ လျော့နေတဲ့နေရာကို ရှာကြည့်ပြီး ယက်ထားပုံ‌တွေ့ရင်း လိပ်ဥအသိုက်လည်း ဖြစ်ချင် ဖြစ်နေနိုင်တာပဲလေ"

"ဟုတ်တယ် ဟုတ်တယ်၊ တချို့နေရာတွေဆို ပင်လယ်လိပ်တွေ အုပ်စုလိုက် ဥဥဖို့ ကမ်းပေါ်ရောက်လာကြတာ၊ အားသုန်းက ဒီနားမှာ ဥတွင်းတူး ရလိုက်တာဆိုတော့ ဒီကမ်းခြေ တစ်ဝိုက်နားမှာ အများကြီး ရှိနေလောက်ဦးမယ်"

ရီရောင့်သုန်း တစ်ယောက် သူ့ကို ပြောစရာ စကားကင်းမဲ့စွာ ကြည့်လိုက်ပြီး လိပ်ဉ ရှာရန် အလွန် စိတ်အားထက်သန်နေကြသည့် သူတို့ကို အမြန်တားလိုက်ရတော့သည်။

"ဒီကို ငါတို့ ဘာအတွက် ရောက်လာလဲဆိုတာ မင်းတို့ မေ့သွားကြပြီလား။ လိပ်ဥက ဘာဈေးမှ မတန်ဘူး။ ဘာလုပ်ဖို့ သွားရှာချင်နေတာလဲ"

"ဟေး၊ ပိုက်ဆံ ရတာ၊ မရတာ အရေးမကြီးဘူး၊ အဓိက အချက်က ငါတို့ရဲ့ယန်ဓာတ်ကို အားဖြည့်ပေးဖို့၊ ပြီးတော့ ကျောက်ကတ်ကို လန်းဆန်းသွားစေအောင်လို့"

အားကွမ် တစ်ယောက် ခေါင်းမဖော်စတမ်း လိပ်ဥရှာပုံတော် ဖွင့်နေလေသည်။

"ချီးဟ၊ မင်းလို မိန်းမ မရှိတဲ့ လူပျိုက ယန်ဓာတ်နဲ့ ကျောက်ကပ်ကို အားဖြည့်ချင်နေတယ်ပေါ့လေ။ လွန်လွန်ကျူးကျူးတွေ ဖြစ်ကုန်မှ ဖြေရှင်းစရာနေရာမရှိ ဖြစ်နေအုံးမယ်"

"မင်း အဲ့ဒါကို စိတ်ပူဖို့ မလိုပါဘူး"

အသေးလေးက ရယ်ရင်းဖြင့် ;

"အများကြီးတော့ မတန်ပေမယ့် ရှားတာကတော့ရှားတာပဲလေ၊ ပင်လယ်လိပ်ဥကို တစ်ခါမှ မစားဖူးသေးဘူး၊ ငါ ရှာမတွေ့ရင် မင်း ငါ့ကို နည်းနည်းလောက်ပေးနော် အားသုန်း၊ ငါလည်း အကျိုးသက်ရောက်မှုလေး စမ်းကြည့်လို့ရတာပေါ့"

"ဟားဟားဟား၊ လတ်စသတ်တော့ မင်းက အားမရလို့ လိပ်ဥ လိုချင်နေတာကို"

အားကျန်း တစ်ယောက် အသေးလေးကို အော်ရယ်ပြီး အသေးလေး၏ ကန်ချက်ကို ခံစားလိုက်ရကာ နှစ်ယောက်သား ပြေးသူပြေး၊ လိုက်သူက လိုက်နှင့်ပင်။

"ခွေးကောင်၊ ငါ့မှာ ကလေး ရှိနေပြီးသားကွ။ မင်းကများ ငါ့ကို မေးခွန်းထုတ်ရဲသေးတယ်"

"ဟားဟား ဟားဟား"

"မင်း မပြေးရဲ့ ဟေ့ကောင်။ ငါ မင်းကို ‌ဒီနေ့ သေအောင်ရိုက်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့..."

"အရူးနှစ်ကောင်"

အားကွမ်က ပြေးတိုင်း လိုက်တိုင်း ဆော့နေကြသည့် သူ့ သူငယ်ချင်း နှစ်ယောက်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

သူက လိပ်ဥ ရှာခြင်းကို လက်လျှော့ပြီး အခွံမာငါးအချို့တူးရန် သန္တာကျောက်တန်းဘက်ဆီ သွားကြည့်ရန် စီစဉ်လိုက်သည်။ သူ လှေပေါ်မှ ဆင်းချိန်တွင် သန္တာကျောက်တန်းများပေါ်တွင် အခွံမာ ငါးမျိုးစုံကို မြင်ခဲ့ရပြီး၊ တစ်ဖက် လှည့်ကြည့်လိုက်ချိန် မျက်လုံးထောင့်ကနေ သိပ်မဝေးလှသည့် နေရာတွင် တွားသွားထားသည့် တိရိစ္ဆာန် ခြေရာများကို တွေ့ရလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ချေ။

သူက မြန်မြန် လျှောက်သွားလိုက်ပြီး အမှန်တကယ်လည်း ခြေရာများ ရှိနေသော်လည်း ခြေထောက်ရာအနည်းငယ်ကြောင့် ပျက်စီးသွားလေသည်။

သည်အရူး နှစ်ကောင်ကတော့။

နှုတ်ခမ်းမှ တိုးတိုးသာ ရေရွတ်လိုက်ပြီး နေရာကိုမှတ်သားကာ အနည်းငယ် ကြိုးစား တူးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အလွန် နက်နက်ကြီး မတူးမိခင် သူလည်း လိပ်ဥကို ရှာတွေ့လေတော့သည်။

"ဟားဟား၊ ငါလည်း လိပ်ဥ ရှာတွေ့ပြီကွ"

"အာ ..."

ပြေးလွှားနေကြသည့် နှစ်ယောက်သားက အားကွမ်ကို အားကျစွာ လှည့်ကြည့်လာကြသည်။

"မင်း ဘယ်တုန်းက ဒီလို ကံကောင်းသွားရတာလဲ"

"မင်းတို့ အရူးနှစ်ကောင်နဲ့ ဝေးဝေးနေရင် ငါ့ကံက တိုးတက်လာတာ ဖြစ်နိုင်လား"

"သွားစမ်းပါ"

သူက သူတို့ နှစ်ယောက်ကို အရူးလို့မြင်တယ်ပေါ့။ တခြားသူတွေကတော့ မင်းတို့ အကုန်လုံးကို အရူးတွေလို့ မြင်‌တာ။

ဤအခိုက်အတန့်တွင် ရီရောင့်သုန်း ထိုသို့ ခံစားရခြင်းဖြစ်ပြီး အဲ့သုံးကောင်လုံးက အရူးတွေ ...

သူက သူတို့နှင့် ဝင်မပျော်ပါးတော့ပြီး ပုံးအလွတ်ကို ဆွဲကာ ညှပ်ရှည်ကိုကိုင်ပြီး သန္တာကျောက်တန်းတစ်ဝိုက်ကို အရင် ရှာကြည့်ရန် စီစဉ်လိုက်၏။

သန္တာကျောက်တန်းပေါ်ရှိ ပင်လယ်စာများက မထွက်ပြေးနိုင်သဖြင့် စိတ်ပူစရာမလို၊ ထို့အပြင် သူတို့ကလည်း လူနည်းနည်းပဲ ရောက်လာကြသည်ဖြစ်ရာ ယနေ့တွင် ဒီရေကလည်း အတော်လေး စောစီးစွာကျသွားသောကြောင့် အချိန် အများကြီး ရှိပြီး လူခွဲကာ ဖြည်းဖြည်းချင်း အချိန်ယူရှာနိုင်၏။

ရလဒ်အနေဖြင့် ရီရောင့်သုန်း တစ်ယောက် ကဏန်းပြာကြီး ၃ ကောင်ကို ဆက်တိုက် ဖမ်းမိခဲ့ပြီး ကျောက်ကဏန်း ငါးကောင်ကိုပါ ဖမ်းမိပြီးနောက်တွင် ထိုအရူး သုံးကောင်မှာ လိပ်ဥကို လိုက်ရှာနေကြတုန်း ဖြစ်သည်။ ဒါကို ဘယ်လို ဖော်ပြရမလဲတောင် တကယ် မသိတော့ဘူး။

"လိပ်ဥကို မရှာကြနဲ့တော့ဟ။ မင်းတို့ကောင်တွေ လှေဝယ်ရအုံးမယ်ဆိုတာ မေ့များနေကြလား။ ငါဖြင့် ကဏန်းပြာ သုံးကောင်တောင် ရှာတွေ့ပြီးနေပြီ။ မင်းတို့က အဲ့မှာ အချိန်‌ဆွဲနေလိုက်ကြ"

"ဟမ်၊ အဲ့လောက်တောင် မြန်တယ်လား"

အားကွမ်က လောကြီး သုတ်ပြာ ပြေးလာတော့သည်။ မည်သို့ဆိုစေ သူ လိပ်ဥ ၈၂ လုံးတောင် ရပြီးပြီ ဖြစ်ရာ တကယ့် အလုပ်,လုပ်ရတော့မည့်အချိန် ဖြစ်သည်။

ဒါကို မြင်တော့ ကျန် နှစ်ယောက်မှာလည်း ရှာဖွေဖို့က လွဲပြီး ရွေးချယ်စရာ မရှိတော့ကာ ထပ်ပြီး ပြန်ရှာရန်အတွက် အချိန် ပိုရရန်သာ မျှော်လင့်ရတော့မည်။

"ဟေး၊ မင်းပြောကြည့်။ ငါတို့ ကွန်ချထားရင် ပြန်တဲ့အချိန်ကျ ပင်လယ်လိပ်တွေများ ဖမ်းမိလောက်မလား။ ကြည့်ရတာ ဒီကျွန်းက ပင်လယ်လိပ်တွေ ခဏခဏ တက်လာနေတဲ့ပုံပဲ၊ ပြီးတော့ ငါ တရုတ်ပိုက်ကွန် ယူလာတယ်ဆိုတော့"

အားကျန်း တစ်ယောက် ဝေခွဲရခက် ဖြစ်နေ၏။

ရီရောင့်သုန်း စဉ်းစားကြည့်ကာ ယခုတွင် လိပ် ဖမ်းကြည့်ပါက အဆင်ပြေလိမ့်မည် ဖြစ်သည်။

"ငါ ပြန်တဲ့အချိန်ကျ စမ်းကြည့်လိုက်မယ်၊ ငါ့ ကံကို စမ်းကြည့်တာပေါ့ကွာ။ ဖမ်းမိတာ  မမိတာတော့ ငါလည်း မသေချာဘူး"

"အစက ပစ္စည်းကောင်းလေး တွေ့ရင် ကွန်နဲ့ သယ်မယ်ဆိုပြီး ပိုက်ကွန်လေး ယူလာလိုက်တာ အခုတော့ ပင်လယ်လိပ် ဖမ်းဖို့ သုံးရတော့မယ်"

"အရင်ဆုံး၊ ပင်လယ်ရေနဲ့ ဆေးလိုက်ဦး၊ စိတ်ပူနေတာနဲ့ပဲ အချိန်ဖြုန်းမနေနဲ့၊ ငါဆို ပင်လယ်ပုပ် သုံးကောင်နဲ့ ငါးဖြူ နှစ်ကောင်ကိုတောင် မိပြီးနေပြီ"

"အားသုန်းတို့က အရမ်း မြန်တာပဲဟ၊ ငါလည်း ကျောက်ကဏန်း နှစ်ကောင်နဲ့ ကကတစ် ငါးမဲ တစ်ကောင် ရှာတွေ့ထားတယ်"

အားကွမ်ကလည်း အသံကျယ်ကျယ်ဖြင့် အော်ပြောလာ၏။

"အမိုက်စားကောင်တွေ မဟုတ်ရင် စကား လာမပြောနဲ့"

အသေးလေးက ညှပ်ရှည်ဖြင့် ကျောက်တုံး နှစ်တုံးကြားတွင် ပုန်းအောင်းနေသည့် ကဏန်းပြာ အကြီးကြီး တစ်ကောင်ကို ညှပ်ထုတ်လိုက်သည်။

သူက ညှပ်ကို ကိုင်ထားရင်း စိတ်လှုပ်ရှားနေ၏။ သူ ရောက်လာရုံကာ ရှိသေး၊ အချီကြီး ဖမ်းမိလိုက်ရာ အလွန်ကို စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now