Chapter 86

1K 121 0
                                    

အပိုင်း (86)


တကယ့်တွင် အမေ ရီမှာ ဤအတောအတွင်း အိမ်ဆောက်နေစဉ်တွင် ရီရောင့်သုန်း၏ သူငယ်ချင်းများအပေါ်  အမြင် အနည်းငယ်ပြောင်းလဲစပြုလာ၏။ ထို့အပြင် ယနေ့၌ သူတို့သူငယ်ချင်း တစ်ဖွဲ့က အလေလိုက် ပျင်းရိမနေဘဲ ကြိုးကြိုးစားစားဖြင့် ပင်လယ်ထဲထွက်ကာ ဤမျှများပြားသည့် ပင်လယ်စာများကို ပြန်ယူလာသဖြင့်လည်း နွေးနွေးထွေးထွေး ကြိုဆိုရမည်ပင်။

"လူသူမဲ့ကျွန်းမှာ ပင်လယ်စာတွေ အဲ့လောက်တောင်များတာလား။ အရင်တစ်ခေါက်တုန်းကလည်း အများကြီးယူလာတယ်၊ ဒီတစ်ခေါက်က ပိုတောင် များသေးတယ်၊ အစ်ကိုတို့ အားလုံး အိတ်တွေ အများကြီးနဲ့ သယ်လာကြတာ၊ စမ်းကော (အစ်ကိုသုံး) ညီမလေးကိုလည်း နောက်တစ်ခေါက်ကျ ခေါ်သွားပါလား"

ရီဟွေမိန် တစ်ယောက် စားနေရင်းဖြင့် မျှော်လင့်တကြီးကြည့်ကာ မေးလိုက်၏။

"နေပူက ပူနဲ့၊ နင်က ငါနဲ့ ဘာလိုက်လုပ်မလို့လဲ။ အသားတွေ မဲပြာသွားမှ နင့်ကို လက်ထပ်မဲ့သူ မရှိဘဲနေအုံးမယ်။ ကိုယ့်ကိုယ် အရင် စိတ်ပူအုံး"

"မသိရင် အိမ်ဝိုင်းဆောက်ကူပေးတာကျ နေမလောင်တာကျလို့၊ ညီမလေး လက်မောင်းတွေနဲ့ မျက်နှာကိုလည်း ယှဉ်ကြည့်လိုက်အုံး၊ ညီမလေးမျက်နှာက မဲတောင်မဲနေပြီ"

ရီဟွေမိန်မှာ အလုပ်လုပ်စဉ် လက်ရှည်ကို အသေအချာ ဝတ်ဆင်၏။ မျက်နှာနှင့် ယှဉ်လျှင် လက်မောင်းများက ဖြူဖွေးနေသေးသော်လည်း၊ မျက်နှာမှာ သိသိသာသာကို မဲနေ၏။

အားကွမ် တစ်ယောက် လက်မောင်းဖြူဖြူများကို တစ်ချက်ကြည့်ပြီး ခဏအကြာ မှင်သေသွားပြီးနောက် မျက်နှာကို ကြည့်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"အရမ်းကြီးတော့ မမဲသေးဘူး"

စားပွဲတွင် ကလေး အများအပြား ရှိပြီး အသံဆူနေခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ရာ မည်သူကမှ သူ့ပြောသံကို မကြားလိုက်ကြချေ။ ရီရောင့်သုန်းက ;

"နင် ဒီလောက် မဲမှာ ကြောက်နေရင် ဘာလို့ ငါနဲ့လိုက်နေမှာလဲ။ အိမ်သွားဆောက်တာလည်း မဆိုးပါဘူးကွာ၊ ငါနဲ့ လူသူမဲ့ကျွန်းကို တစ်နေကုန် လိုက်လာတယ်ပဲထား၊ အရိပ်ခိုမဲ့နေရာ မရှိပုံမျိုးနဲ့ဆိုရင်တော့ နင့်တစ်ကိုယ်လုံး မဲပြာပြီသာမှတ်၊ ငါ့ မျက်နှာကိုသာ ကြည့်လိုက်တော့"

သူ(မ)က နှုတ်ခမ်းဆူပြီး ;

"စမ်းကောက ညီမလေးကို အစကတည်းက မခေါ်ချင်ဘဲနဲ့များ"

"ငါ နင့်ကို အဲ့ဒီကို မခေါ်သွားချင်လို့ မဟုတ်ဘူးလေ။ ငါတို့ အားလုံးက ယောင်္ကျားလေးတွေချည်းပဲ၊ နင်က ဘာလိုက်လုပ်မှာလဲ။ နင် အပေါ့အပါး သွားချင်တဲ့အခါကျ အခက် မတွေ့ဘူးလား"

အမေ ရီကလည်း ဝင်ပြောလာ၏။

"နင်က ဘာလိုက်သွားမလို့လဲ။ အိမ်မှာ ဒီလောက်လုပ်စရာတွေ တပုံကြီး ရှိနေတဲ့ဟာကို"

ရီဟွေမိန် တစ်ယောက် သူ(မ) အစ်ကိုငယ်ကို စိုက်ကြည့်လိုက်ပြီး စကား ဆက်မပြောတော့ချေ။ ဘာပဲဖြစ်ဖြစ် သူကသာ အဓိက အကြောင်းပြချက်။

သူသာ ခေါ်သွားချင်ရင် အဖေနဲ့ အမေက ဘာမှတောင် ပြောနေမှာ မဟုတ်ဘူး။

အကျင့်ပုတ် စမ်းကော။

အားကွမ်က သူ(မ)၏ မျက်လုံးလှလှလေးနှင့် အမူအရာလေးများကို ကြည့်ပြီး မနေနိုင်အောင် ခိုးခိုးကြည့်နေမိသည်။ လက် ဖြူဖြူဖွေးဖွေးလေးတစ်စုံက မကြာခဏဆိုသလို ဆန့်ထုတ်လာတတ်ပြီး ကြည့်နေရင်းဖြင့် သူ့မှာ နားရွက်ထိပ်ဖျားလေးများ အနည်းငယ်လေး နီမြန်းလာ၏။

မိသားစုဝင် အားလုံး ထမင်း စားသောက်ပြီးနောက်တွင် အားလုံးက ပစ္စည်းတွေ စီစဉ်ရန် အိမ်နောက်ဖေးကိုသွားကြသည်။ မိသားစုမှ အမျိုးသမီးများက ကမာကောင်များကို ဖွင့်ရန် တာဝန်ယူရပြီး၊ အမျိုးသားများက ရောင်းချနိုင်သည့် ကမာကောင်များကို ရွေးထုတ်ကာ ဝိုင်းကူညီကြ၏။

ရီရောင့်သုန်းက လိပ်ဥနှင့် ပင်လယ် ကြက်ခြေထောက်ပုံးကို သူ့အဖေထံ ယူသွားပြီး ;

"အဖေ၊ ဒါ ဘာလဲ သိလား"

"ဘာကိုလဲ။ အဲ့ဒါ လက်ဝါးကောင် မဟုတ်လား။ ဘာဖြစ်ရဦးမှာလဲ"

"အဖေ၊ ပင်လယ် ကြက်ခြေထောက်ဆိုတာရော ကြားဖူးလား"

"ဘာကြီးတုန်းဟ။ ဒါက သေချာပေါက် လက်ဝါးကောင်လေ၊ ဘယ်ဟာကို ဘာက ပင်လယ်ကြက်ခြေထောက်တုန်း"

သွားပြီပဲ။ သူ့အဖေတောင် မသိတာ အားချိုင်လည်း လက်ဝါးကောင်လို့ပဲ ထင်မှာ၊ သေချာပေါက် ဈေးကောင်းရမှာ မဟုတ်တော့ဘူး။

သူက မြေပြင်ပေါ်မှ လက်ဝါးကောင် တစ်ကောင်ကို ကောက်လိုက်ပြီး သူ့အဖေကို ယှဉ်ပြကာ ;

"အခုရော အတူတူပဲလို့ ထင်သေးလား"

"ခြေထောက် ပုံစံကတော့ အတူတူပဲ။ ဒါပေမဲ့ ညှာတံပုံက နည်းနည်း ရှည်နေသလိုပဲ။ ဘာကွာသွားလို့လဲ"

"အဲ့ဒါပဲလေ အဖေရ။ ဒီပင်လယ် ကြက်ခြေထောက်က လက်ဝါးကောင်ထက်တောင် ဈေးပိုကြီးသေးတယ်"

သည်ခေတ်မှာ နာမည်ကြီးရဲ့လားကိုတော့ သူလည်း သေချာမသိ။

အခြားသူများလည်း သူတို့ စကားပြောသံကို ကြားပြီး ခေါင်းထောင်ကြည့်လာကြသည်။ ဘယ်ပြန်၊ ညာပြန် ကြည့်ပြီးတာတောင် သူတို့ စိတ်ထဲမှာလည်း အနှီနှစ်ကောင်မှာ သိပ်ပြီး မကွာခြားလှချေ။ အကယ်၍ သူတိုသာ တွေ့ခဲ့လျှင် သေချာပေါက် လက်ဝါးကောင်များနှင့် ရောထားလိမ့်မည်ပင်။

"ဘယ်လောက် ဈေးကြီးမှာမို့လို့လဲ"

ရီရောင့်သုန်းက သူ့လက်ကို ဖြန့်လိုက်ပြီး ;

"ကျွန်တော် မသိဘူး၊ ဒီအကောင် ဈေးကြီးတာကိုပဲ သိတာ"

အဖေ ရီမှာလည်း သူပဲ မှားနေသလားဆိုတာကို မသေချာချေ။ မည်သို့ဆိုစေ၊ ပင်လယ်ပြင်မှာ ကျယ်ပြောလှပြီး၊ သူ မသိသည့် မျိုးစိတ် မျိုးစုံလည်း ရှိနေသေးသည်ပင်။ သူက တုံ့ဆိုင်းစွာဖြင့် ;

"အားချိုင်ဆီ ယူသွားပြီး မေးကြည့်ပါလား"

"ဟုတ်"

အားချိုင်က မေးလို့မှ သူလည်း မသိဘူးဆိုရင် မနက်ဖြန်ကျ သူကိုယ်တိုင် မြို့ပေါ်ကဟုန်းရှန်ဟိုတယ်ဆီ သွားပြီး မေးရတော့မှာပဲ...

"သွန်းချလိုက်။ ဘယ်နှကောင်လောက် ရှိမလဲ ကြည့်ရအောင်"

"အား၊ မရဘူး။ သွန်းချလို့ မရဘူး"

သူက သူ့အဖေ၏ လှုပ်ရှားမှုကို အမြန် တားလိုက်ပြီး;

"အောက်မှာ လိပ်ဥတွေ ရှိသေးတယ်"

"လိပ်ဥ ... မင်း လိပ်ဥတွေပါ ရလာခဲ့တာလား။ ဘယ်နှလုံးတောင်လဲ"

သူက စနောက်ဟန် အပြုံးဖြင့် ;

"အစက ရတာက ၇၈ လုံးဗျ၊ ဒါပေမဲ့ ၆၈ လုံးလောက် နားထောင်လို့ ကောင်းမနေတာနဲ့ အားကွမ်နဲ့ကျွန်တော် ဆယ်လုံးထုတ်ပြီး ဖုတ်စားလိုက်တယ်"

[T/N : 78 ဆိုတဲ့ ဂဏန်းထက် 68 က ပိုနားကြားကောင်းတယ်လို့ ဆိုလိုတာပါ။]


သူ၏ အလေးအနက် မရှိသည့် စကားများကို ကြားရချိန်တွင် အားလုံး၏ နှုတ်ခမ်းစွန်းမှာ လှုပ်သွားကြသည်။ ဆယ်လုံး စားတယ်ဆိုလည်း စားတယ်ပေါ့၊ ဘာကို ၇၈ က မမိုက်ဘူးဆိုပြီး ၆၈ လုပ်လိုက်တယ်တဲ့လေ။ ၇၈ က ဘာများဖြစ်နေလို့လဲ။

အဖေ ရီမှာလည်း စိတ်ဆိုးစွာဖြင့် ;

"ငါ မင်းအမေအတွက် လက်ဖက်ကြက်ဥ လုပ်ပေးမလို့၊ ဒီပင်လယ်လိပ်ဥတွေနဲ့ လက်ဖက်ကြက်ဥ လုပ်ရင် ပိုအရသာ ရှိတယ်"

"အဖေပဲ ယူလိုက်ပါဗျာ"

တန်ဖိုးရှိ ပစ္စည်းများ အားလုံး ခွဲထုတ်ပြီးသည်နှင့် ရီရောင့်သုန်း တစ်ယောက် ပင်လယ် ကြက်ခြေထောက်ပုံးပါ ယူကာ အားချိုင်ဆီ ထွက်လာလိုက်သည်။

သေချာပေါက်ကိုပင်၊ အားချိုင်ကလည်း ပင်လယ် ကြက်ခြေထောက်ကို လက်ဝါးကောင်လို့ ထင်နေ၏။ မည်သို့ဆိုစေ အညှာတံမှ လွဲ၍ အားလုံးက ဆင်တူနေသည် မဟုတ်ပါလား။

ရီရောင့်သုန်း ထပ်ပြီးလည်း ရှင်းမပြနိုင်တော့ချေ၊ အခြားသူများကိုလည်း သူ၏ စကားချည်းသက်သက်ဖြင့် ဈေးမြှင့်ပေးဖို့ တောင်းဆိုရန် မဖြစ်နိုင်ပေ။ အဓိကက သူကိုယ်တိုင်ကိုယ်က ယခုခေတ်တွင် ဈေးမည်မျှ ပေါက်ကြောင်း သိမနေခြင်းပေ။

အချိန်အတိုင်းအတာ တစ်ခုထိ ဤအကောင်များကို ရောင်းဖို့ မဖြစ်နိုင်သေးချေ၊ အခြားပစ္စည်းများ ရောင်းချပြီးမှသာလျှင် အိမ်ပြန်ယူသွားရပေတော့မည်။

အဖေ ရီက သူ ပြန်ယူလာခဲ့သည်ကို မြင်ပြီး ;

"သူ ဘာပြောလဲ"

"သူလည်း မသိဘူးတဲ့"

"မင်းပဲ အမှတ် မှားတာလားကွာ။ နှစ်ခုစလုံးက အတူတူပဲ နေမှာပေါ့"

"လုံးဝကို မဟုတ်ဘူးဗျ၊ မနက်ဖြန်ကျမှ ဟုန်းရှန်မှာသွားမေးမယ်"

"လိုက်လျှောက်သွားဦးမယ်...အိမ်မှာ လုပ်စရာတွေ ဒီလောက်များတာ မင်းက အရည်မရ အဖက်မရတဲ့ဒီဟာလေးနဲ့ ဟုန်းရှန်အထိ သွားအုံးမယ်ပေါ့"

ရီရောင့်သုန်း သူ့အဖေကို စွေကြည့်ကာ၊ သူ့အခန်းထဲကိုသာ ပုံးကို ပြန်သယ်သွားခဲ့သည်။  မကြိုးစားကြည့်ဘဲနဲ့များ ဘာလို့ အရှုံးပေးရမှာလဲ။

လင်းရှို့ချင်း သူအခန်းထဲကို ဝင်လာပြီး ပင်လယ် ကြက်ခြေထောက်ပုံးကို အခန်းထောင့်နားထားလိုက်သည်ကို မြင်သည်နှင့် ;

"အားချိုင်ကလည်း လက်ဝါးကောင်လို့ပဲ ပြောတာလား"

"အမ်း"

"ဒါဆိုလည်း ထားလိုက်ပါတော့လား။ ရှင် အမှတ်မှားတာနေမှာပေါ့"

"ငါ မနက်ဖြန်ကျ ဟုန်းရှန်ဆီ သွားပြီး မေးမလို့"

လင်းရှို့ချင်းမှာ သူ မျက်မှောင်ကြုတ်ထားသည်ကိုမြင်ရာ ဘာမှ ထပ်မပြောရဲတော့ချေ။

ရီရောင့်သုန်း အင်္ကျီ ချွတ်လိုက်ပြီး ;

"ကမာတွေ အကုန် ဖွင့်ပြီးသွားပြီလား"

"ဟင့်အင်း၊ တစ်ဝက်ပဲ ဖွင့်ထားရသေးတယ်၊ အမေက ပြောတယ် မနက်ဖြန်ကျမှ ဆက်ဖွင့်တော့တဲ့ လတ်လတ်ဆတ်ဆတ်လေး ရှိအောင်လို့လေ"

"မင်း ဒီကို အမြန် ပြန်လာခဲ့တာလား။ ဟိုမှာ အကူအညီ မလိုတော့ဘူးလား၊ အိမ်ထဲမှာ အခွံမာငါးတွေ အများကြီးရှိနေတော့ ပြုတ်ပြီး အခြောက်လှန်းရဦးမှာပေါ့"

"အဲ့ဒါတွေကိုက အမေက ညီမလေးကို မနက်ဖြန်ကျမှ လုပ်ခိုင်းထားတယ်၊ အဲ့ဒါကြောင့် အလုပ်အရမ်း မရှုပ်နေတာ"

"အို့"

သူက အင်္ကျီနှင့် ဘောင်းဘီကို ချွတ်လိုက်ပြီး ပိုက်ဆံအိတ်ကို ထုတ်ကာ သူ(မ)ကို ငွေဖြတ်ပိုင်းကမ်းပေးလိုက်ပြီး ;

"ဒါက အခွံမာငါးတွေနဲ့ တခြားပင်လယ်စာတွေ အခုလေးတင် ရောင်းရတဲ့ငွေ။ စုစုပေါင်း ၈ ယွမ်နဲ့ ၂၀ ဆင့်၊ မင်း အားချိုင်ဆီမှာ နောက်နှစ်ရက်နေရင် ထုတ်လို့ရပြီ"

"ဒီလောက်တောင် ရတယ်ပေါ့"

လင်းရှို့ချင်း တစ်ယောက် ပျော်ရွှင်စွာဖြင့် လှမ်းယူလိုက်ပြီး တစ်ချက်ကြည့်ကာ ပြဿနာ မရှိဘူးဆိုမှ အံ‌ဆွဲထဲ သော့ခတ်သိမ်းလိုက်သည်။

"ခဏနေဦး။ နောက်တစ်စောင် ရှိသေးတယ်"

သူက ယနေ့ ပင်လယ် ဝံပုလွေ ရောင်းရသည့် ပြေစာကို ခေါင်းအုံးအောက်ကနေ ထုတ်ကာ လင်းရှို့ချင်းကို ပေးလိုက်သည်။ သူ ရေချိုးနေတုန်း လင်းရှို့ချင်း မသိလိုက်ဘဲ လျှော်ဖွပ်မိမည်စိုးသဖြင့် ညစ်ပတ်နေသည့် အဝတ်၏ အိတ်ကပ်ထဲမှ ထုတ်ပြီး ခေါင်းအုံးအောက်ထဲ ထိုးထည့်ထားခဲ့ခြင်းဖြစ်သည်။

"ဘာကြီးလဲ။ ဘာလို့ နောက်တစ်ရွက် ရှိနေတာလဲ"

လင်းရှို့ချင်း သူ့ကို င်္သကာမကင်း ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားရသည်။ ဘာတွေ ထပ်ရောင်းလာသေးလို့လဲ။

ရလဒ်အနေဖြင့် သူ(မ)မှာ ဘောင်ချာမှ ငွေပမာဏကို မြင်လိုက်ရချိန်တွင် ထိတ်လန့်သွားရတော့သည်။ ဒီလောက် ငွေတွေ အများကြီးက ...

"ဒီနေ့က အခွံမာငါးတွေနဲ့ ကဏန်းပြာဘဲ ရလာခဲ့တာမဟုတ်ဘူး၊ ငါတို့ ကျင်း ထောင်ကျော် ရှိတဲ့ ပင်လယ် ဝံပုလွေငါးတွေကိုလည်း ကွန်နဲ့ ဖမ်းမိခဲ့သေးတယ်။ ပြီးတော့ ငါးမုတ်ဖြူ ၆၈ ကျင်းရောပဲ၊ အဲ့က ရတဲ့ငွေက အဓိက"

သူ(မ) လက်ထဲမှ စာရင်းကို သေချာကြည့်လိုက်သည်။ စကားလုံးများကို အနည်းငယ် ဖြစ်ကတက်ဆန်း ရေးထားသော်လည်း၊ တကယ့်ကို ပင်လယ် ဝံပုလွေနှင့် ငါးမုတ်ဖြူဟူ၍ ရေးထားပုံ‌ပေါ်သည်။

"ဒီလောက် ပိုက်ဆံ အများကြီး၊ ၄၇၈ ယွမ်နဲ့ ၄ ဆင့်တောင်၊ ရှင်တို့ ဘယ်နှယောက် ဝေစုခွဲရမှာလဲ"

အကုန်လုံးသာ သူတို့ အပိုင်ပဲ ဆိုရင်တော့။

အတွေးများက မျက်နှာပေါ်တွင် သိသာလှစွာ အတိုင်းသား‌ ရေးထားသည့် သူ(မ) ပုံလေးကို ကြည့်ရင်း ရီရောင့်သုန်း ရယ်လိုက်မိ၏။ သူလည်း ပိုက်ဆံကို သူ့ တစ်ယောက်တည်း ပိုင်ချင်တာပေါ့။ ဒါပေမယ့် သူ့မှာ ပိုက်ကွန်မှ ရှိမနေတာ၊ အားလုံးအတူတူသွားကြမှတော့ အတူတူ အညီအမျှ ခွဲရမှာပေါ့။

"လေးယောက် ခွဲရမှာ၊ မင်း အချိန်ရှာပြီး ပိုက်လှောင်အိမ်ကို မြန်နိုင်သမျှ မြန်အောင် ရက်ပေး၊ ဒါဆို ငါ ယူသွားပြီး ထောင်ထားလိုက်ရင် ပိုက်ဆံကို သူများနဲ့ ခွဲစရာ မလိုတော့ဘူး"

"ဒီရက်ပိုင်းက လုပ်စရာတွေ အများကြီး ရှိနေတာနဲ့ အလုပ် အရမ်းများနေတာ၊ နောက်ဖေးမှာလည်း ငါးပုံကြီးက ရှိနေသေးတယ်၊ ပိုက်လှောင်အိမ် အမြန်ပြီးလောက်မှာ မဟုတ်ဘူး"

"ဒါဆိုလည်း ရပါတယ်ကွာ။ အချိန်ယူပြီးသာ လုပ်၊ ဒါနဲ့ ဒီနေ့က ဘောင်ချာ နှစ်ခုတောင် ငွေတွေကလည်း အများကြီးပဲ၊ တစ်ချက် တွက်ပေးပါဦး။ တစ်ယောက် ဘယ်လောက်ဆီ ရမလဲလို့"

"အင်း"

သူ(မ)ကို ငွေတွက်ခိုင်းမှဖြင့် သူ(မ)က ပျော်ပျော်ကြီးတွက်မှာပေါ့၊ အကုန်လုံး ကိုယ့်ပိုက်ဆံတွေသာဖြစ်နေရင် ပိုတောင် ကောင်းအုံးမယ်။

"တစ်ယောက်ကို ၁၁၉ ယွမ် ၅၀ ဆင့်"

"အဲ့လောက်တောင် များတယ်လား"

ရီရောင့်သုန်း တစ်ယောက် မျက်လုံးများ ဝင်းလက်လာ၏။ သူ သည်နေ့ အများကြီး ရှာနိုင်ခဲ့တာပဲ။

"အမ်း"

လင်းရှို့ချင်းကလည်း ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်၏။

၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now