Chapter 94

1K 112 0
                                    

အပိုင်း (၉၄)


အားကွမ် တစ်ယောက် လှည်းကို ရီရောင့်သုန်း အိမ်ဆီ တွန်းသွားလိုက်သည်။ ထိုအချိန်တွင် အမေ ရီနှင့် အခြားသူများက အိမ်ဝိုင်းသို့ ထွက်သွားနေကြပြီဖြစ်ရာ တံခါး ရှေ့တွင် ဆော့ကစားနေကြသည့် ကလေး တစ်သိုက်ကိုသာ တွေ့လိုက်ရသည်။

"သွား၊ မင်းတို့ ဒေါ်ဒေါ်လေးကို လာကူပေးဖို့ ထွက်လာပါဦးလို့ သွားခေါ်လိုက်။ ဒီမှာ အများကြီးပါလာတော့ ငါတို့နှစ်ယောက်ဆို နေ့တစ်ပိုင်းလောက် အချိန်ပေးရတော့မှာ"

"ဒေါ်ဒေါ်က အိမ်ဝိုင်းကို ကူညီပေးဖို့ ထွက်သွားတယ်၊ အိမ်ထဲမှာ ဘွားဘွားပဲ ရှိတယ်"

"ဘွားဘွားရေ၊ ဘွားဘွားရေ"

သူက ဘွားဘွားကို ဘာလုပ်ရမှာတုန်း။

ရီရောင့်သုန်းကလည်း ရီချန်ဟိုက်ကို အော်ပြီး ;

"မင်းတို့ အဘွားကို သွားမခေါ်နဲ့၊ မင်းတို့ပဲ ပုံးတွေ သွားယူလာလိုက်ပါလား။ ရေဇလုံ ယူလာပြီး ငါးသေးလေးတွေနဲ့ ငါးသလဲထိုးကို လာကူခွဲကြ"

"ဟုတ်ကဲ့ ဦးလေး သုံး"

သူတို့ကို ရှာလကာရှည်တို့၊ ဆော့တို့ ဝယ်ခိုင်းရင်း သူတို့က မဝယ်ချင်ကြပေ။ သို့သော် သည်လိုအရာမျိုးကို ကူလုပ်ခိုင်းရင်တော့ တခြားသူများထက်ကို ပိုမို တက်ကြွလာကြသည်ပင်။ ကလေး တစ်အုပ်က ရေဇလုံ ယူရန် အိမ်ထဲ ပြေးဝင်သွားကြသည်။

အားကွမ်က မျက်မှောင်ကြုတ်ကာ၊ ယိုင်တိယိုင်နဲ့နှင့် အဖွားအို တစ်ယောက် နှေးနှေးကွေးကွေးထွက်လာသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိတော့သည်။ သူ့အတွက် တကယ်ကို မလွယ်ကူပါလားနော်။

အဖွားအိုက ရီရောင့်သုန်း မြေလှောင်ပိုက်ထဲမှ ပစ္စည်းများကို လှည်းထဲ သွန်းချနေသည်ကို ကြည့်ရန်ထွက်လာပြီး အပြုံးဖြင့် ;

"အားသုန်း၊ ပြန်ရောက်လာပြီလား"

"မြစ်ထဲက ပုစွန်နဲ့ ငါးတွေပဲ ဖွား၊ ကျွန်တော်တို့ဘာသာ လုပ်လိုက်ပါ့မယ်၊ အပြင်မှာ နေပူတယ် အိမ်ထဲပြန်ဝင်နေ"

"ရပါတယ်ကွယ်၊ ဖွား ကူကောက်ပေးပါ့မယ်"

"ဦးလေး သုံး၊ ဒီမှာရပြီ၊ ဒီထဲ ဘာတွေ ထည့်ရမှာလဲ"

"ငါသေးလေးတွေနဲ့ ပုစွန်တွေကို ကောက်ထည့်၊ မင်းတို့ အကုန်လုံး တူတူကောက်ကြ"

ရီရောင့်သုန်းက အမျိုးမျိုးသော ငါးများနှင့် ပုစွန်များကို ပုံးအသီးသီးစီ ထည့်ပြကာ ညွှန်ကြားလိုက်သည်။

ကလေး တစ်အုပ်က ပျော်ရွှင်စွာဖြင့် စတင်ကောက်ကြပြီး ‌အိမ်ဘေးနားမှ ကလေးများကပင် ပျော်ပွဲရွှင်ပွဲကြီးကို ဝင်ဆင်နွှဲလေ၏။

ကျောက်ပုစွန်၏ လက်မကြီးများက လူများကို ကိုက်မည်စိုး၍ ကလေးများ၏ လက်များက နူးညံ့သည်ဖြစ်ရာ အကိုက်ခံလိုက်ရလျှင် ကောင်းမည်မဟုတ်ချေ။ သူနှင့် အားကွမ်က တွားသွားထွက်လာသည့် ကျောက်ပုစွန်များကို အထူးတလည် လိုက်လံဖမ်းဆီးနေ၏။

တစ်ခဏလေးအတွင်း ပုံး နှစ်ပုံး ပြည့်သွားပြီး ခန့်မှန်းခြေ ကျင်းနှစ်ဆယ်၊ ကျင်း သုံးဆယ်ခန့် ရလာခဲ့သည်။

ရီရောင့်သုန်းက အရင်ဆုံး သူ့အိမ်တွင် ယူထားမည့်ငါးများကို ဖယ်လိုက်ပြီး အိမ်နောက်ဖေးတွင် သွားထားကာ ကျန်သည့် ငါးများကို အားကွမ်ကို သူ့အိမ်ယူသွားရန် ပြောလိုက်သည်။ အားလုံးမှာ သူ့အိမ် သွားနေရသည်ကို အသားကျနေပြီ ဖြစ်ပြီး တခြားလူများ နိုးလာချိန်တွင်လည်း သေချာပေါက် အားကွမ်အိမ်ကို ရောက်လာကြမည်သာ။ ထို့ကြောင့် လှည်းကို သူ့အိမ်ကိုသာ တွန်းသွားလိုက်သည်က ပိုအဆင်ပြေလိမ့်မည်။

အချိန်အတန်ကြာ ကြန့်ကြာနေပြီးနောက်တွင် သူ အိမ်ဝိုင်းဆီ အလုပ်လုပ်ရန် သွားရပေတော့မည် သို့မဟုတ်ပါက အမေ ရီ သူ့ကို ဆူပူနေတော့မည်ပင်။

အိမ်ဝိုင်းသို့ သူခြေချပြီး သိပ်မကြာခင် အားကွမ်ဆိုတဲ့အကောင်က ရောက်လာပြန်ပြီလားဟ။

"ငါဘာလို့ ငါ့အိမ်ဆောက်နေတယ်လို့ မထင်ဘဲ မင်းအိမ်ဆောက်နေတယ်လို့ ထင်နေရတာလဲ။ ငါ့ထက်တောင် တက်ကြွလှချည်းလား မင်း"

"ငါတို့ အကုန်လုံးက ညီအစ်ကိုတွေပဲဟာ၊ အချင်းချင်း ကူညီရမှာပဲပေါ့"

အားကွမ်က ပြုံးရင်းဖြင့် အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး မျက်လုံးကလည်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေးနေသော်လည်း တွေ့ချင်သူကို မတွေ့ရသေးချေ။

ငါတော့ ကံဆိုးလှချည်းလားဟ။

ယခု အတိုင်းသာဆို သူ ညစာ စားမည့်အချိန်ကိုပဲ အားကိုးရတော့မည်။ သံသယဝင်ခံရမည်ကို မကြောက်နေလျှင် သူ သည်လောက် အစောကြီး လာမည်မဟုတ်ပြီး၊ သူ အလုပ်မလုပ်ဖူး၊ နေလောင် မခံဖူးသည်လို့လည်း မဟုတ်ပေ။

ရီရောင့်သုန်း တစ်ယောက် အလွန် ပဟေဠိဖြစ်နေရပြီး ဤရက်များအတွင်း အားကွမ်၏ ပုံမှန် မဟုတ်သည့် အပြုအမူများကို စဉ်းစားပြီး :

"မင်း ပိုက်ဆံ ပြတ်နေတာ ငါတို့ကို ပြောမထွက်လို့များလား။ အဲ့ဒါကြောင့် ဒီမှာ အလုပ် လာလုပ်ပြီး ငါ့မှာ အသိစိတ်ရှိရင် မင်းကို ပိုက်ဆံပေးမှာပဲဆိုပြီးတော့လေ။ မင်း ဘယ်လောက်လိုချင်လို့လဲ"

"ငိုးဟ။ မင်းရဲ့ ပိုက်ဆံ နည်းနည်းလောက်ကို ငါက မှန်းနေစရာလား။ မင်းက မင်းရဲ့ညီအစ်ကိုကောင်းကို သံသယ ဝင်နေတာပဲ"

"မင်း တကယ်ပဲ ဘာအကြံအစည်မှ မရှိဘူးပေါ့"

"ငါ....ငါက ဘာအကြံ ရှိရမှာတုန်း"

အားကွမ် တစ်ယောက် မလုံမလဲ ဖြစ်နေရသည်။

"တကယ်ပဲ ဒီကို ကူညီဖို့လာတာလား"

ရီရောင့်သုန်း အလွန်ကို င်္သကာမကင်း ဖြစ်နေမိသည်။ သူ အားကွမ်၏ အတွေးများကို မခန့်မှန်းနိုင်သည်က အဆန်းတော့ မဟုတ်ချေ။ မည်သို့ဆိုစေ သူ၏ ယခင်ဘဝတွင် အားကွမ်က အိမ်ဝိုင်းကို လာကူဆောက်ပေးခြင်းမျိုး မရှိပြီး သူ့မိသားစုဝင်များကလည်း အားကွမ်ကို အတော်လေး ကြည့်လို့ရကြသည် မဟုတ်။ ထို့ကြောင့်လည်း သူ့ သူငယ်ချင်းများက ဆူငေါက်ခံရမည်ကို ကြောက်တတ်သဖြင့်  သူ့အိမ်သို့ လာဖို့ မဝံ့ကြချေ။

သည်လို အရာတွေက သူ့ အရင်ဘဝကမှ မဖြစ်ပျက်ခဲ့ပဲ သူက ဘယ်လိုလုပ်ပြီး အားကွမ်ရဲ့အကြံတွေကို သိနေပါ့မလဲ။

"ငါကဖြင့် မင်းကို စေတနာနဲ့ အစွမ်းကုန် ကူညီပေးနေတာကို မင်းက ငါ့လာပြီး သံသယ လာဝင်နေတယ်၊ မင်းက ဘာကို စိတ်ပူနေရတာလဲ။ မင်းမှာ ပိုက်ဆံ တပြားတောင် မရှိဘဲနဲ့ ငါ့ဆီကတောင် ဆေးလိပ် လာလာတောင်းနေရပြီးတော့များ"

အားကွမ်က ပိုပြီး ပြောလေ သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှု ရှိလာလေပင်။ သူ့မှာ ယခုထိ ဇာတာခွင် မစစ်ရသေးသဖြင့် သူ့နေရာကို သွားပြီး နှောင့်ယှက်လို့ မရပေ။

ရီရောင့်သုန်း တစ်ယောက် အားကွမ် ထိုသို့ ပြောလာချိန်တွင် ရှက်လာရပြီး အမေ ရီကလည်း အချိန်ကိုက်ဆိုသလိုပင် ကျောက်များ သယ်ပြီး ထွက်လာကာ အပြုံးဖြင့် ;

"အားကွမ် ရောက်နေတာလား၊ နေပူက ပူနဲ့ကွယ်၊ လာထိုင်ပြီး ပဲဟင်းချိုလေး ဘာလေး သောက်သွားအုံး"

အမေ ရီမှာ ယခုရက်ပိုင်းတွင် အားကွမ်ကို ပိုပိုပြီး အမြ င်ကြည်လာတော့သည်။ သူက အရမ်းကို လုံ့လရှိတဲ့ လူငယ်လေးပဲ၊ ငါ အရင်က သူ့ကို နားလည်မှု လွဲခဲ့တာပဲ။

အားကွမ်ကလည်း ပြုံးရင်းဖြင့် ;

"အဒေါ် အလုပ်တွေ ပင်ပန်းနေပါအုံးမယ်၊ ထားထားလိုက်ပါ။ ကျွန်တော် ခဏနေ သယ်သွားပေးပါ့မယ်၊ အဒေါ် ခဏ နားနေလေ"

အမေ ရီက ကျောက်များသယ်ထားသည့် ထမ်းပိုးနှင့် ကော်ကို ဘေးချထားလိုက်ပြီး အရင်ဆုံး အားကွမ်ကို ပဲဟင်းချိုလေး ခပ်ပေးကာ အပြုံးဖြင့် :

"လာလာ...ပဲဟင်ချိုလေး အရင် လာသောက်"

ဘေးတွင် ရပ်နေသည့် သူ့သားကို ကြည့်ကာ ;

"အားသုန်း၊ မင်းက အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ အလုပ် မလုပ်သေးဘူးလား။ အခုမှလည်း ရောက်လာသေးတယ်။ အလုပ်ကိုကျ အချိန်ဆွဲပြီး လုပ်နေတယ်"

"အမေ၊ ကျွန်တော် ဘာလို့ အားကွမ်က အမေ့ သားအရင်းလို့ ခံစားမိနေတာလဲ"

တကယ့်ကို မျက်နှာလိုက်တာပဲ။

"ဘာပေါက်တက်ကရတွေ ပြောနေတာလဲ။ နင့်မိသားစုမလို့လည်း နင့်ကို ဆူငေါက်နေရတာပေါ့၊ ဘာလို့ မသွားသေးတာလဲ"

ရီရောင့်သုန်း ပါးစပ်ကို ပိတ်ထားလိုက်ပြီး လက်အိတ်ဝတ်ကာ သူ့အမေချထားခဲ့သည့် ထမ်းပိုးနှင့်ကော်ကို ကောက်ထမ်းလိုက်သည်။

အားကွမ်က အမေ ရီနှင့် စားရင်းဖြင့် စကားပြောနေပြီး လုံလုံခြုံခြုံ ဝတ်ဆင်ထားသည့် ရီဟွေ့မေ တစ်ယောက် မီးခိုးရောင်ပုံး တွန်းလှည်းအား တွန်းနေသည်ကို မြင်သည်နှင့် ပဲဟင်းချိုကို တစ်ချိုက်တည်း မော့သောက်လိုက်ပြီး အရှေ့သို့ ပြေးသွားကာ ကူညီလိုက်သည်။

"ပေးပေး၊ ငါ့ကို ပေး၊ မင်း သွားထိုင်ပြီး ခဏနားလိုက်ဦးလေ"

"အား၊ ကျေးဇူးပါ၊ အစ်ကို အားကွမ် ဒီကို ရောက်လာပြန်ပြီပဲ"

"အင်း၊ လာပြီး ကူညီတာလေ၊ ဘာလို့ နေပူကြီးထဲ ထွက်လာရတာလဲ။ နေလောင်တာ မကောင်းဘူးနော်၊ ဒီမှာ အလုပ်သမားတွေ အများကြီး ရှိနေတာပဲကို၊ ဘာလို့ အိမ်မှာပဲ ဟင်းချက်မနေခဲ့လိုက်တာလဲ"

"အချိန်ပြည့် ဟင်းချည်းပဲ ချက်နေလို့ မရဘူးလေ၊ အရင်တုန်းက လာမကူပေးရဘူးဆိုတာက အိမ်မှာ အခွံမာငါးတွေ အပုံလိုက်ဖြစ်နေလို့ အမေက ညီမလေးကို အခွံတွေခွာပြီး အခြောက်လှမ်းဖို့ အိမ်မှာနေခိုင်းတာ"

နှစ်ယောက်သားက စကား တပြောပြောနှင့်ပင်။ အားကွမ်က သူ(မ) အနောက်လိုက်ကာ တောင်ပေါ်တက်သွားပြီး မြေကြီးများ ကော်ထိုးပေးလေသည်။

အမေ ရီကတော့ များများစာစာ မတွေးနေပြီး တစ်ခဏနားပြီး အလုပ်ပြန်လုပ်လေသည်။

အခြားသူများကလည်း အားကွမ်၏ အိမ်ကို တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပြီး ခွဲထားသည့် ပုံးများကို တွေ့လိုက်ရကာ အံ့သြ ဝမ်းသာသွားကြသည်။ တစ်ညတည်းဖြင့် ဤမျှ အများကြီး ရလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ကာ စောစော ထပြီး  ကွန်မဆွဲမိလေခြင်းဆိုပြီး နောင်တရလာကြတော့သည်။

ညနေဘက်တွင် ငါးသတ်သူက သတ်၊ လိပ်သတ်သူက သတ်၊ ကျောက်ပုစွန်များ ဆေးသူက ဆေးနှင့် ချက်ပြုတ်ရေး တာဝန် ယူသူက ယူဖြင့် တာဝန်ကိုယ်စီခွဲကာ လုပ်ဆောင်ကြသည်။

အားကွမ် အလုပ်မှ အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် အိမ်ခန်းထဲတွင် ဟင်းနံ့ မျိုးစုံဖြင့် ပြည့်နှက်နေပြီး ဖြစ်သည်။

အားလုံးက သူ့ကို စနောက်ဟန်ဖြင့် ကြည့်ကာ ;

"အလုပ် လုပ်ရတာကို စွဲလန်းနေတာလား။ ငါ့အိမ်မှာ စပါး လာကူစိုက်ပေးရင်ရော"

"ငါ့အိမ်ကို မြေတူးဖို့လည်း လာလို့ရတယ်နော်~"

"ငါ့အိမ်မှာလည်း အလုပ်ရှိ....."

"သွားစမ်းပါ"

အားကွမ် တစ်ယောက် ထိုင်ခုံပေါ်တွင် ထိုင်ပြီး အမောဖြေနေ၏။ ပင်ပန်းလွန်းသဖြင့် မျက်လုံးတောင် မဖွင့်ချင်တော့ပေ။

"မင်းတို့ အားလုံး ဒီဟာတွေကို ခွဲလိုက်ကြ၊ ညစာစားလို့ ပိုတဲ့ ဟင်းရှိရင်လည်း အိမ်ပြန်ယူသွားကြဦး"

"အင်း၊ ခုနောက်ပိုင်း မင်း ဘာဖြစ်နေတာလဲ။ မင်းကျတော့ အားသုန်းရဲ့အိမ်ကို နေ့တိုင်းသွားဝိုင်းကူနေပြီး ငါတို့ကျ မသွားတော့ ဘယ်မြင်ကောင်းမလဲ"

"ငါ ရူးလို့ နေမှာပေါ့။ ငါ ရေသွားချိုးအုံးမယ်"

"ချီး..."

"မဟုတ်မှ အားသုန်တို့ အိမ်က ကောင်မလေးကို ချစ်မိသွားလို့များ အရမ်းတွေ တက်ကြွ....."

"ဟားဟားဟား၊ ဖြစ်နိုင်တယ်၊ ခြေတစ်လှမ်း ဦးပြီး ယောက္ခမလောင်းကို အရင်ခယ‌ထားတာ..."

နောက်ဖေးသို့ သွားနေသည့် အားကွမ်၏ ခြေလှမ်းများက မနေနိုင်အောင် ရပ်တန့်သွားပြီး ဂရုမစိုက်ချင်ဟန်ဆောင်ကာ ;

"ပေါက်ကရတွေ ပြောမနေနဲ့။ အားသုန်း ကြားရင် ငါ့ကို လာသတ်နေအုံးမယ်"

ငါ သေလို့ မရသေးဘူးလေ၊ ဒီကောင်တွေကို ပေါက်ကရလို့ ပြောလိုက်တာ မှန်တယ်။

"ဟားဟား၊ ဘာဖြစ်လဲ။ အားသုန်းရဲ့ညီမက အဲ့လောက် မငယ်တော့ပါဘူးကွာ...."

"အေး၊ ငါ သတိမထားမိခဲ့ဘူး ကြည့်၊ အားသုန်း လာမှပဲ သူ့ညီမလေး အသက် ဘယ်လောက်ရှိပြီလဲဆိုတာ မေးရဦးမယ်..."

အားကွမ်က မျက်မှောင်ကြုတ်ပြီး သူတို့ကို စိုက်ကြည့်ကာ ;

"ပေါက်ကရတွေ ပြောပြီး လျှောက်လုပ်မနေနဲ့၊ မဟုတ်တဲ့ သတင်းတွေ ပြန့်သွားလို့ကတော ငါတို့ရွာမှာ သူများ အတင်းပြောစရာတွေချည်း ဖြစ်နေလိမ့်မယ်"

သူ၏ ရှားရှားပါးပါး လေးနက်နေဟန်ကို ကြည့်ပြီး တခြားသူများကလည်း ငြိမ်ကျသွားကာ ;

"အေးဆေး ပြောကြရအောင်လေ၊ အဲ့ကြောင်း မပြောတော့ဘူး။ မပြောတော့ဘူး....."

အားကွမ်က နောက်ဖေးထဲ ဝင်သွားပြီး အားလုံးကလည်း ထွေရာလေးပါး ဆက်ပြောကြသည်။ သူ ပြန်မ‌ဖြေလျှင် သူတို့လည်း ခဏလောက်နေ မေ့သွားကြလိမ့်မည်ပင်။

သူ မျှော်လင့်မထားသည်မှာ သူ ထွက်သည်နှင့် တခြားသူများက အချင်းချင်း မျက်လုံး မှိတ်ပြလာကြသည်ကိုပင်။

နှပ်ချေးတွဲလောင်း အရွယ်ကတည်းက သိလာကြတာ ဘယ်သူက ဘယ်သူ့အကြောင်း မသိဘဲနေမလဲ။

အားကွမ် သေချာပေါက်ကို မူမမှန်နေဘူး။

ရီရောင့်သုန်း ရောက်လာချိန်တွင် အားလုံး၏ အဓိပ္ပါယ်ပါပါ အမူအရာများကို ကြည့်ပြီး အနည်းငယ် နားမလည်နိုင် ဖြစ်သွားရကာ ;

"မင်းတို့ အားလုံး ဒီနေ့ ဆေးစားများ မှားထားကြလား"

"မဟုတ်ပါဘူး ဟားဟား~ ဟင်းတွေက အကုန်ကျက်ပြီ။ ငါတို့ မင်းကို စောင့်နေတာ"

"ဟုတ်တယ်၊ ငါတို့ မင်းကို စောင့်နေတာ၊ မင်း မလာတော့ရင် လိပ်စွပ်ပြုတ် မပြောနဲ့၊ လက်ဆေးရေပဲကျန်တော့မှာ။ ပြီးတော့ 37℃ ရှိတဲ့ လိမ္မော်ရည်တော့ ရအုံးမယ်နော်..."

"အော်ဂလီဆန်စရာတွေ...."



၁၉၈၂ ခုနှစ်မှတံငါရွာလေးဆီသို့Where stories live. Discover now