ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၅၉) : ဒုစရိုက်ခုနစ်ပါး
" ငါတို့မျိုးနွယ်က အခုအချိန်အတွက် မျိုးဆက်ပေါင်းများစွာ ပုန်းအောင်းပြီး ကြံစည်နေခဲ့ရတာ" ဒေါသက ပြောလိုက်၏ " အဲဒါဆိုတော့ အားလုံးချောမွေ့အောင် သေချာလုပ်ထား"
အားလုံးက ဒေါသ၏ ကြီးကျယ်သည့် စကားများကို အသားကျနေသည့်အလား နားထောင်နေကြသည်။
" တိထျန်းနှင့် ဝမ်ဝေ့တို့က ဘယ်သူ့ပိုင်နက်ထဲမှာလဲ"
" တိထျန်းက ငါ့ပိုင်နက်ထဲမှာ" တဏှာက ပြောလိုက်သည်။
" ဝမ်ဝေ့က ငါ့ဆီမှာ" ပျင်းရိခြင်းက ထပ်ပြောလိုက်၏။
" မင်းတို့တွေ အစီအစဉ်ကို သိတယ်မလား။ သူတို့ကို ဘယ်လိုဖြစ်ဖြစ် ရှောင်ရမယ်"
" အဲဒါဆိုရင် ငါတို့လူတွေကို သတ်နေတာကို ဒီအတိုင်း လွှတ်ထားမှာလား" မနာလိုမှုက ဝင်ပြောလိုက်သည်။
" နဝမ အဆုံးစွန် အုတ်မြစ်ကို ဖြေရှင်းနိုင်မဲ့ နည်းလမ်း မရှိသရွေ့တော့ ဘာရွေးချယ်စရာ ရှိမှာလဲ" လောဘက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
" ငါတို့တွေ စိတ်လွတ်လက်လွတ် သတ်ဖြတ်တာကို ခွင့်ပြုထားမှာ မဟုတ်ဘူး" ဒေါသ ပြောလိုက်သည် " ငါတို့တွေ သူတို့အတွက် ခက်ခဲပြီး အရည်အချင်း ကန့်သတ်ထားနိုင်မဲ့ နည်းဗျူဟာကျကျ သုံးဖို့ပဲ လိုတယ်။ ငါတို့ရဲ့ ရည်ရွယ်ချက်က သူတို့ရည်မှန်းချက်ကို အနည်းဆုံး လိုအပ်ချက်နဲ့ ပြီးမြောက်သွားဖို့ပဲ။ တကယ်လို့ မင်းတို့တွေက အဲဒီနှစ်ယောက်နဲ့ သွားပြီးတော့ ထိပ်တိုက်တွေ့ဆုံမယ်ဆိုရင် ရလဒ်က မင်းတို့ရဲ့ အကျိုးမရှိတဲ့ သေခြင်းတရားပဲ ဖြစ်သွားလိမ့်မယ်"
" အဲဒါက မျှတတယ်" မနာလိုမှုက အသိအမှတ် ပြုလိုက်၏။
" တခြားအကြွင်းမဲ့ ဘုရင်တွေကရော ဘယ်လိုလဲ။ သူတို့ကို ဘာလုပ်မှာလဲ" မာနက မေးလိုက်သည်။