ဖြစ်တည်မှု၏ မျက်လှည့်ပွဲ

35 2 0
                                    

I


တိုက်ခန်းတံခါအား ပိတ်လိုက်ပြီးသည့်နောက်တွင် အရုပ်ကြိုးပျက်သွားသည့်အလား လဲကျသွားခဲ့သည်။ ဤသည်က အီသန့်အတွက် မစိမ်းတော့သောအခြေအနေဖြစ်လေသည်။ ထိုနေ့… ပျော်ရွှင်မှုများ စတင်လမ်းပိတ်သွားခဲ့သော ထိုနေ့ကတည်းက စတင်ခဲ့သော အခြေအနေပင်။

အခြားသူများသည်တော့ ပြောကြပါလိမ့်မည်။ အီသန်သည် ပျော်ပျော်နေတတ်သည့် လူငယ်လေးဖြစ်ပြီး အမြဲတစေ ပြုံးရယ်နေတတ်သည်ဟုပင်။ ထိုသည်မှာ သူဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကြောင်းကိုတော့ မည်သူမျှ ရိပ်မိခြင်း မရှိကြပေ။

မည်သို့ပင် ဟန်ဆောင်ကောင်းစေကာမူ အရည်လဲ့လဲ့မျက်ဝန်းများသည်တော့ အသက်မဲ့နေသည့် ပင်ပန်းရိပ်များကို ပြသနေတတ်လေသည်။ ထို့ကြောင့် တစ်ခါတလေ သူတွေးမိပါသည်။ လူတွေက သတိမထားမိအောင် သူပဲဟန်ဆောင်ကောင်းနေတာလား၊ ဒါမှမဟုတ် သိလျက်သားနဲ့ လျစ်လျူရှုထားတာလား ဟုပင်။

ဤပုစ္ဆာ၏ အဖြေကိုတော့ ပထဝီမြေကြီးပေါ်မှ ထွက်ခွာသွားမှသာလျှင် သူသိနိုင်မည်ဟု တစ်ထစ်ချယုံကြည်ထားလေသည်။

II


ဒီနေ့သည် အီသန်၏ ၁၁ နှစ်ပြည့်မွေးနေ့ဖြစ်လေရာ သူသည်အလွန်ကိုမှ ပျော်ရွှင်နေ၏။ ကျောင်းကားဖြင့် အိမ်ပြန်လာနေသည်ဖြစ်ပြီး မီးပွိုင့်တစ်နေရာ၌ ရပ်နေသည်ဖြစ်ရာ ပြတင်းပေါက်အပြင်ဘက်သို့ အကြည့်ကစားနေမိသည်။

သို့သော် သူမသိလိုက်မိသည်က ထိုအမူအရာသည် သူ့ဘဝတစ်စစ်ချိုးရန် လမ်းစဖြစ်ကြောင်းကိုပင်။ သူသာ သူငယ်ချင်းများနှင့် စကားပြောနေခဲ့လျှင် ဝမ်းနည်းမှုနှင့် အထီးကျန်ဆန်မှုတို့ကို လမ်းခင်းပေးခြင်းမှ ရှောင်လွှဲကောင်း ရှောင်လွဲနိုင်ပေလိမ့်မည်။

ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်နေစဥ် ရင်းနှီးလွန်းသောအမျိုးသားတစ်ဦးနှင့်အတူ မရင်းနှီးသောအမျိုးသမီးတစ်ဦးအား မြင်လိုက်ရသည်။ ထိုအမျိုးသားသည် မည်သို့ပင် ကြည့်စေကာမူ အီသန်၏အဖေပင်ဖြစ်သည်။

ဖြစ်တည်မှု၏ မျက်လှည့်ပွဲWhere stories live. Discover now