၁ ရက် ၂ရက် ၃ရက် မြောက်ရောက်ပြီ..
Gem သူ့ဆီရောက်မလာဘူး… သူ ကျောင်းမတတ်တာတောင်မှလေ…
သူ ဒီရက်တွေထဲ ကျောင်းမသွားဘူး… သူရဲ့ ဒီလိုဖြစ်နေတဲ့ ပုံစံကြီးကို ဘယ်သူ့ကိုမှ မပြချင်ဘူး… အမှန်တော့ သူ့ကိုယ်သူလည်း ဘာဖြစ်နေမှန်းကို မသိဘူး…
သူ အခန်းထဲမှာ ရှိနေတုန်း… အိမ်အောက်ထပ်မှ ဘဲလ် တီးသံကြားလိုက်သည်။
“ အန်တီ Fot ရှိလား သူ ကျောင်းမတတ်လို့ သမီး သတင်းလာမေးတာ..”
“အော် Fotလား ရှိပါ့.. ဘာဖြစ်နေမှန်းမသိဘူးကွယ် တရှောင်ရှောင်နဲ့ ကျောင်းလဲမသွားဘူး.. ဒီမှာ ထိုင်ဦးသမီး အန်တီခေါ်ပေးမယ်”
“Fot .. Fot… ခဏလာဆင်းလာဦး သူငယ်ချင်းလာတယ်..”
ဘဲလ်တီးသံကြားပြီးနောက် မေမေ၏ ခေါ်သံပါကြားလိုက်သည်။
သေချာတာကတော့ Gem မဟုတ်ဘူး… Gem ဆိုရင် မေမေက ခေါ်စရာမလိုဘူး .. Gem က သူ့အခန်းထဲကို တန်းဝင်လာမှာ…
သူ အခန်းထဲမှ ထွက်ကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်။
သူတွေ့လိုက်ရတာကတော့ မထင်ထားတဲ့သူ..
Mayဖြစ်နေသည်။
သူ စိတ်ပျက်သွားတဲ့ ပုံ လုပ်ပြလိုက်မိသည်။
“ Fot နင် ကျောင်းမလာလို့လေ နေမကောင်းလို့လား..”
“နင် မြင်တဲ့အတိုင်းပဲ…”
သူစကားကောင်းကောင်း မပြောနိုင်ဘူး ဖြစ်ပြန်ပြီ…
“Fot နင် ငါ့ကို စိတ်ဆိုးနေတာလား… အဲ့တာဆို ငါတောင်းပန်ပါတယ်.. နင်စိတ်ဆိုးစေဖို့ ငါမရည်ရွယ်ပါဘူး…”
May စကားကြောင့် Fot အလိုအလျောက် မျက်မှောက်ကြုတ်မိသွားသည်။
“ဘာလို့ နင့်ကြောင့်လို့ ထင်ရတာလဲ.. နင်နဲ့မဆိုင်ဘူး.. နင်ဘာမှ ပြောစရာမရှိဘူးဆိုရင် ….”
Fot ထိုင်ရာမှ ထကာ အခန်းထဲ ပြန်ဖို့လုပ်လိုက်သည်။
“Fot အာ့ဆို Gem ကို စိတ်ဆိုးနေတာလား.. စိတ်မဆိုးပါနဲ့… သူလဲ နင်စိတ်ဆိုးဖို့ ရည်ရွယ်မှာ မဟုတ်ပါဘူး..”