အပိုင်း (၅၉)
ရွယ်ယန်က အသိပြန်ရလာသည့်အချိန် စိတ်မဆိုးသည့်အပြင် အလွန် ဂုဏ်ယူစွာပင် ပြုံးလိုက်သေး၏။
"ကောကော အားယန် ကောင်းကောင်း သင်ယူထားတာ တွေ့လား!"
ဖုန်းချပြီးရုံဖြစ်သော လျို့ဟွားသည် ပြန်ရောက်လာပြီး ထိတ်လန့်သွားသော မျက်နှာဖြင့် ဓာတ်ပုံအား ကြည့်လိုက်သည်။
“အားယန်က ပေါက်ဖက်လေးတစ်ကောင်ဖြစ်အောင် သင်ထားတာလား"
ကလေးမလေးက တက်ကြွစွာဖြင့် အရှေ့သို့ တစ်ဖန် ပြန်ရွှေ့ပြလိုက်ပြီး
"ဟုတ်တယ် ဟုတ်တယ်၊ မေမေ အားယန်သင်ထားတာ မတူဘူးလား"
လျို့ဟွာ : "..."
ဒီကလေးမ ဒီလောက်တခြားဟာတွေ အများကြီး ရှိတဲ့အထဲမှ ဘာလို့ ပေါက်ဖောက်ကိုမှ သင်ထားရတာတုန်း!
ကလေးမလေးက သင်ယူရင်းနှင့် အလွန် ပျော်စရာကောင်းသည်ဟု ထင်နေ၏။ သို့နှင့် လူတိုင်းမှာ သူ(မ)လေး၏ စိတ်အားထက်သန်စွာဖြင့် ဆိုဖာတစ်ဖက်ခြမ်းမှ တစ်ဖက်ဆီသို့ တွားသွားကူးလူးပြလိုက်၊ ပြန်လှိမ့်လိုက် ပြန်သွားလိုက် လုပ်ပြနေသည်အား တွေ့လိုက်ရသည်။
လျို့ဟွားမှာ မျက်နှာကို လက်ဖြင့်အုပ်ရင်း အလေးအနက်တွေးနေမိသည်က သူ(မ) ဘာကြောင့် ဤသို့သော အရူးမလေးအား မွေးထားခဲ့သည်ကိုပင်။
ရွယ်ယွိက တိတ်တဆိတ်နှင့် ဗီဒီယိုမှတ်တမ်းတင်ထားပြီး နောင်အခါများကျမှ ကလေးမလေးအား ပြန်ပြရန် ကြံရွယ်လိုက်သည်။
ရွယ်ယန်မှာ တွားသွားလွန်းရသဖြင့် မောပန်းသွားပြီး သေဟန်ဆောင်ကာ ဆိုဖာပေါ်တွင် မှောက်လျက်လှဲနေတော့သည်။
ဘဝမျှော်လင့်ချက် ပျောက်ဆုံးသွားသော ဝက်ဝံပေါက်စလေးကဲ့သို့ပင်။
......
ဤရက်ပိုင်းများအတွင်း နှင်းများက သည်းထန်စွာ ကျဆင်းလျက်ရှိပြီး ရွယ်ယန်၏ မူကြိုမှာ ယာယီအားလပ်ရက်များကို တစ်ရက်ခြားစီ ပိတ်ပေးနေ၏။
ထို့အပြင် ရွယ်ယွိနှင့် အခြားသူများတွင် နှစ်ဝက်စာမေးပွဲလည်း ရှိသေးသည်။ ဤအယောင်ဆောင် ကလေးများအတွက် အဆင့်များကို ပူပန်နေစရာမလိုပဲ ဆောင်းရာသီအားလပ်ရက်တွင် ရွယ်ယန်ကို ကောင်းကောင်း စောင့်ရှောက်ရတော့မည်ဟု ပြောရင်း လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသည်။
စာမေးပွဲများကြောင့် ဖိစီးနေရသည့် တစ်ဦးတည်းသော ကလေးအစစ်ဖြစ်သည့် လီယွမ်သာ မပျော်ရွှင်ရသောသူ ဖြစ်ဟန်တူ၏။
လက်ရှိတွင် ရွယ်ယန်တစ်ယောက် သူ(မ)အမေနှင့်အတူ အမြန်ချောပို့ပါဆယ်ထုပ်များကို ဖွင့်ဖောက်နေ၏။
ကလေးမလေးက ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ရင်း သူ(မ)ထက်ပင် ကြီးမားသည့် အရှေ့ရှိ ပါဆယ်ဘူးများကို ကြည့်ကာ ထိတ်လန့်သွားရသည်။
"မား ဘာလို့ ဒီလောက်အများကြီး ဝယ်ထားတာလဲ"
ရွယ်ယန်က သူ(မ)အရှေ့ရှိ ဘူးကို ထိုးကြည့်ပြီး ပြင်းပြနေသော သိချင်စိတ်ကြောင့် မနေနိုင်အောင် လှမ်းမေးလိုက်သည်။
လျို့ဟွားက ရှင်းချက်ထုတ်ပေးလာ၏။
"ဒါတွေအကုန်လုံး မေမေချည်းပဲ ဝယ်ထားတာ မဟုတ်ပါဘူး၊ သမီးအတွက် ဘေးအိမ်က အန်တီတွေရဲ့ လက်ဆောင်တွေလည်း ပါတယ်"
ရွယ်ယန်၏မျက်လုံးများ တောက်ပသွား၏။
"ချောကလက်လား"
လျို့ဟွားက ပြတ်သားစွာ ခေါင်းခါပြ၏။
"သူတို့ပြောတာတော့ အဝတ်တွေတဲ့၊ ဖြစ်နိုင်တာကတော့ အကောင်အရုပ်လေးတွေဒီဇိုင်းပဲ နေမှာ"
ရွယ်ယန်က တုံ့ဆိုင်းစွာဖြင့်ပင် လက်ခံလိုက်သည်။
"အန်တီတို့ကရော အားယန် အကောင်ဝတ်စုံလေးတွေ ဝတ်တာကို ကြိုက်တာလား"
လျို့ဟွားက ဘဝင်ခိုက်စွာ ပြုံးပြီး
"ဘယ်သူက အမွေးဖွားဖွား အကောင်ပေါက်လေးတွေကို မကြိုက်ကြလို့လဲ"
ရွယ်ယန်က လက်သီးလေးကို ဆုပ်လိုက်ပြီး မာနကြီးစွာ နှာမှုတ်လိုက်သည်။
လျို့ဟွား သူ(မ)ကို ဆက်စမနေတော့ဘဲ ကလေးမလေး၏ ခေါင်းအား ပွတ်သပ်လိုက်သည်။
"စိတ်ကောက်မနေပါနဲ့တော့၊ မြန်မြန်လုပ် မေမေ့ကို ကူပြီး ပါဆယ်တွေ ဝိုင်းဖောက်ပေး"
ရွယ်ယန်က ကော်ဇောပေါ်တွင် နာခံစွာဖြင့် ခြေချိတ်ထိုင်လိုက်သည်။
"အို့!"
လျို့ဟွားမှာ အနည်းအငယ်သာ ဖောက်ပြီးနောက် ပျင်းရိငြီးငွေ့လာကာ ဘေးတွင် ထိုင်ချလိုက်ပြီး သမီးဖြစ်သူ ပါဆယ်များ ဖွင့်ဖောက်နေသည်ကို ကြည့်နေလိုက်သည်။
သူ(မ)က ရွယ်ယန်၏ မျက်နှာကို လှမ်းညှစ်လိုက်ပြီး
"အားယန် ဒီနှစ် ခရစ္စမတ်ကျ မေမေတို့နဲ့အတူ လူတွေအများကြီး ဆင်နွှဲကြလိမ့်မယ်နော်"
ရွယ်ယန် ထိုအကြောင်း တွေးမိချိန် သူ(မ)၏ မျက်လုံးများ ကျဉ်းမြောင်းသည်အထိ ပြုံးသွား၏။
"ဒါဆို မေမေ ဒီနှစ်အတွက် ခရစ္စမတ်ပင်အကြီးကြီးကို ဝယ်ပေးမှာလား"
လျို့ဟွား စဉ်းစားကြည့်လိုက်သည်။
"ကောင်းပြီလေ၊ ပြီးရင် အဲ့ဒါကို ခြံထဲမှာ ထားမယ်၊ သမီးရဲ့လက်ဆောင်သေးသေးလေးတွေကို ချိတ်ကြမယ်"
ရွယ်ယန်က လက်ညှိုးလေးတစ်ချောင်း ထောင်ပြလာပြီး
"အားယန် အကုန်လုံး အတူတူစုပြီးတော့ ကိတ်မုန့်အကြီးကြီးလုပ်တာကိုလည်း လိုချင်သေးတယ်!"
လျို့ဟွားက ခေါင်းခါလိုက်သည်။
"ကိတ်မုန့်အကြီးကြီးတော့ လုပ်လို့ မရဘူး၊ စားမကုန်ရင် အလကားဖြစ်ကုန်မယ်"
စဉ်းစားကြည့်ပြီးနောက် ရွယ်ယန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို အာယန်တို့ စားကုန်လောက်မယ့် ကိတ်မုန့်ကြီးကြီးပဲ လုပ်ကြတာပေါ့!"
လျို့ဟွား ကျေနပ်စွာ ပြုံးလိုက်သည်။
"ဒါဆို မေမေ ဒီနေ့လယ်ကျရင် ပါဝင်ပစ္စည်းတွေကို သွားဝယ်ဖို့ သမီးလေးကို ခေါ်သွားပေးမယ်"
သူ(မ)အရှေ့ရှိ ပါဆယ်ထုပ်အပုံလိုက်ကို ကြည့်ပြီး ရွယ်ယန်တစ်ယောက် ရုတ်တရက် အတွေးရသွား၏။
"မေမေ အားယန်လည်း အားလုံးအတွက် လက်ဆောင်ဝယ်ပေးချင်တယ်!"
လျို့ဟွားက မျက်ခုံးများကို မြှင့်လိုက်သည်။
"ရှင်လေးရဲ့ စူပါရွှေဝက်ကြီးဆီက ပိုက်ဆံတွေကို သုံးပြီးတော့လား"
ကလေးမလေးက ဂုဏ်ယူဝံ့ကြွားလျက်
"ဒါပေါ့! အဲ့ဒီဝက်ကြီးက ပြည့်နေပြီ၊ အကုန်လုံးအတွက် အဲ့ဒီပိုက်ဆံတွေနဲ့ လက်ဆောင်ဝယ်မှာ၊ ပြီးရင် အားယန်အတွက် ဒီထက်ကြီးတဲ့ ဝက်ကြီးတစ်ကောင်ကို ပြန်ဝယ်မယ်!"
လျို့ဟွားက သူ(မ)သမီးအား အံ့အားတသင့်ကြည့်လိုက်သည်။
"အဲ့ဒီဝက်ကဖြင့် မနှစ်ကမှ ဝယ်ထားတာမလား၊ ပြည့်တာ ဒီလောက်မြန်ရသလား၊ ပိုက်ဆံတွေ ဒီလောက်အများကြီး ဘယ်ကရတာလဲ"
ကလေးမက မြို့ထဲမှာ အကြီးဆုံးသော ကစားကွင်းကို ပိုင်တယ်ဆိုပေမယ့် ရလာတဲ့ဝင်ငွေရဲ့ ဘဏ်ကတ်ကလည်း ကလေးမရဲ့ လက်ထဲမှာ ဆိုပေမယ့် ဘဏ်ကတ်ပဲလေ! ငွေသားမှ မဟုတ်တာ!
ရွယ်ယန်က ယုံကြည်ချက်ရှိစွာ ဆိုလာ၏။
"ဖေဖေပေးတာ! ပြီးတဲ့အခေါက် သမီးတို့ အိမ်ပြောင်းတုန်းက ဖေဖေက အားယန်ရဲ့ ဝက်စုဘူးကို မြင်သွားတာလေ၊ နောက်တော့ အားယန်ကို မုန့်ဖိုး ခဏခဏပေးတာ!"
လျို့ဟွားက ပြောစရာစကားမဲ့စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ဘာလို့ မေမေ့ကို ဘာမှ မပြောတာလဲ"
ရွယ်ယန်က နှုတ်ခမ်းစူကာ
"အားယန်က မေမေနဲ့ အကုန်လုံးကို လက်ဆောင်ဝယ်ပေးဖို့ စုထားတာလေ!"
လျို့ဟွား ကလေးမလေး၏ နဖူးကို တောက်ချလိုက်သည်။
"နင်တော့လေ! ကလေးဆိုးလေး!"
ရွယ်ယန် သူ(မ)ပါးပြင်များကို ကိုင်ကာ ပျော်ရွှင်စွာဖြင့် ရူးရူးအအလေး ပြုံးနေ၏။ သူ(မ) အရမ်းအရမ်း ပျော်တာပဲ!
ရွယ်ယွိ အိမ်ပြန်ရောက်လာသည့်အချိန် ဧည့်ခန်းမအလယ်ရှိ အပုံလိုက်ပုံနေသော ပါဆယ်ပုံကြီးကို ကြည့်ပြီး ထိတ်လန့်သွားရသည်။ သူ နှစ်စက္ကန့်ခန့် တွေးကြည့်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ အပေါ်သို့ တက်ရန် ပြင်လိုက်သည်။
"ရပ်လိုက်! မင်း ဘယ်ပြေးဖို့ စဉ်းစားနေတာလဲ၊ ဒီမှာလာပြီး ပါဆယ်လာဝိုင်းဖွင့်"
လျို့ဟွားက မျက်လုံးများကို ကျဉ်းမြောင်းကာ သားဖြစ်သူကို လှမ်းခေါ်လိုက်သည်။
ရွယ်ယွိမှာ ထိုပါဆယ်ထုပ်များကို လုံးဝ မဖောက်ချင်နေပေ။
"အမေ ကျွန်တော် အပေါ်ထပ်သွားပြီး အိမ်စာသွားလုပ်တော့မလို့"
လျို့ဟွား သူ့ကို အမြင်ကတ်စွာ ကြည့်လိုက်ပြီး
"ဘာအိမ်စာလဲ၊ မင်းမှာ နေ့တိုင်း အိမ်စာလုပ်ဖို့ ရှိနေတာပဲလား၊ ရတယ် ဒီနေ့တစ်ရက် မလုပ်လည်း ဘာမှမဖြစ်ဘူး၊ ဒီကိုလာခဲ့!"
ရွယ်ယွိတစ်ယောက် သက်ပြင်းချမိတော့သည်။
"ကောင်းပါပြီ၊ လာပါပြီ"
ဒီနေ့အချိန်ထိ သူ့အမေ ကလေးတွေကို ဘယ်နည်းလမ်းနဲ့ သွန်သင်ဆုံးမလဲဆိုတာ သူ တကယ် နားမလည်နိုင်သေး!
ရွယ်ယန်ကပါ သူ(မ)အစ်ကိုကို လှမ်းခေါ်လိုက်၏။
"ကိုကို ဒီကိုလာ!"
ရွယ်ယွိတစ်ယောက် အနှီပေါက်စီလုံးကို သတိထားမိလိုက်ပြီး တစ်ခဏ တိတ်ဆိတ်သွား၏။
"အမေ၊ အမေ အခု ကလေးလုပ်သားကိုပါ အသုံးချနေပြီလား"
လျို့ဟွားက ချောင်းဟန့်လိုက်ရင်းဖြင့်
"ဘာကို ကလေးလုပ်သားကို ခိုင်းတယ်ပြောရတာလဲ၊ အားယန်ကိုယ်တိုင်က ငါ့ကို လိုလိုလားလားနဲ့ ပါဆယ်တွေ ကူဖွင့်ပေးတာ"
ရွယ်ယန်က ကြောင်အမ်းသွား၏။
"ဟမ်?" သူ(မ)ကလား?
လျို့ဟွားတစ်ယောက် သူ(မ)၏ အသည်းအသက်ဆိုသူလေးအား ခြိမ်းခြောက်စွာ လှမ်းကြည့်လိုက်ပြီး အသည်းအသက်လေးသည်လည်း ရုတ်တရက် သဘောပေါက်သွား၏။
"ကိုကို၊ အားယန်က ကြည်ဖြူတာပါ"
ရွယ်ယွိ : "အင်း ကိုကို ယုံတယ်"
သို့နှင့် လျို့ဟွားတစ်ယောက် ကလေးနှစ်ယောက် ပါဆယ်ထိုင်ဖွင့်နေသည်ကို ဘေးကနေပြီး ကြည့်နေလိုက်သည်။
ထီကျစ်တစ်ကောင် ဘယ်အချိန်ကမှန်းမသိ ရောက်နေပြီး လျို့ဟွား၏မျက်လုံးများက သူ့ကို မြင်သည့်အချိန် တောက်ပသွား၏။
"ဒီကိုလာခဲ့!”
ရွယ်ယွိမှာ သက်ပြင်းချကာ
"အမေ အခုဟာက ကလေးလုပ်သားတောင် မဟုတ်တော့ဘူး လူသား မဟုတ်တဲ့သူကိုတောင်နော်..."
လျို့ဟွာ : "အို့"
ရွယ်ယန်က သူ(မ)ဘေးနားရှိ နေရာလွတ်ကို ပုတ်ပြကာ
"ထီကျစ် ဒီကိုလာ!"
ထီကျစ်က ပြေးလာပြီး လှဲလျောင်းကာ သူတို့၏ အပြုအမူများအား စူးစမ်းစွာ ငေးကြည့်နေ၏။
ထီကျစ်က ရွယ်ယန်ကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် ပါဆယ်တစ်ထုပ်ကို သူ့အရှေ့သို့ ဆွဲယူလိုက်သည်။
"ထီကျစ်ကရော ဆော့ချင်တာလား၊ အထဲကပစ္စည်းတွေ မပျက်စီးအောင် ဂရုစိုက်နော်!"
ထီကျစ်က နာခံစွာ ခေါင်းညိတ်ပြပြီး ပါဆယ်ဘူးကို အကြိမ်အနည်းငယ် ကုတ်ခြစ်ကာ ဂရုတစိုက် ကြည့်လိုက်သည်။
ထို့နောက် ၎င်း၏လက်ဖဝါးကို ထုတ်လိုက်ပြီး ထက်ရှသော လက်သည်းတစ်ချောင်းဖြင့် ပါဆယ်ဘူးပေါ်ရှိ တိပ်ကို ခြစ်ချလိုက်သည်။
ပြဲသွားသည့်အသံနှင့်အတူ ဘူးမှာ လူတိုင်း၏ အရှေ့တွင် ပွင့်သွား၏။
သုံးယောက်သားမှာ ထိတ်လန့်သွားကြသည်။ ရွယ်ယန်က ဦးစွာ တုံ့ပြန်လာသူဖြစ်သည်။
"ထီကျစ်က အရမ်းမိုက်တာပဲ!"
လျို့ဟွားက သူ(မ)သမီးလေး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး
"ဘာကို မိုက်တာလဲ၊ ထီကျစ်က သမီးပြောတာကို နားလည်ပြီး ပါဆယ်တွေကို ဖွင့်နေရင် ဘယ်လိုလုပ်မလဲ၊ ဒီလိုသာဆို သူ့လက်သည်းတွေ နာကုန်မှာပေါ့"
ပြောရင်းဖြင့်ပင် သူ(မ)က ထီကျစ်၏ လက်သည်းများကိုပါ သွားစစ်ဆေးလိုက်သည်။ ထီကျစ်၏ မျက်လုံးများထဲတွင် အပြုံးများအပြည့်ဖြင့်၊ သူ၏ လက်သည်းချွန်ချွန်များကို ဂရုတစိုက် ပြန်ဖွက်ထားလိုက်၏။
လျို့ဟွား ထီကျစ်၏ အမွေးများဖြင့် လက်ဖဝါးလေးကို ပွတ်သပ်ပြီး သက်သောင့်သက်သာရှိစွာ မျက်လုံးများကို မှိတ်ထားလိုက်ရင်း တွေးတွေးဆဆဖြင့် ဆိုလာ၏။
"ထီကျစ်လက်သည်းတွေက ပြန်သိမ်းလို့ရတာပဲ၊ ညှပ်ဖို့ မလိုလောက်တော့ဘူး"
ရွယ်ယန်တစ်ယောက် လက်ဖဝါးကို ပြန်ဆွဲယူလိုက်ပြီး
"မေမေ ထီကျစ်လက်သည်းကို အစကတည်းက မညှပ်သင့်တာလေ!"
လျို့ဟွား ပေါက်စလေးနှစ်ယောက်၏ ခေါင်းလေးများကို ပွတ်သပ်ပေးလိုက်ပြီး
"မေမေကလည်း ညှပ်ချင်တယ်လို့ မပြောမိပါဘူး၊ ဘာတွေ လန့်ဖျပ်နေရတာတုန်း"