အပိုင်း (၆၁)
လျို့ဟွားသည် တွေးတွေးဆဆဖြင့် ထီကျစ်ကို ကြည့်ရင်း ရုတ်တရက် သူ့ခေါင်းလေးအား လှမ်းကိုင်လိုက်ပြီး သူ(မ)၏ အကြည့်များမှာ ညင်သာမှုနှင့်အတူ ကရုဏာသက်မှုတို့ပါ ရောယှက်နေ၏။
“ထီကျစ်၊ နင် ငါတို့မိသားစုထဲမှာ အရမ်းအလုပ်ကြိုးစားနေခဲ့တာပဲ၊ နင်ကိုယ်တိုင်တောင် လူကြီးမဖြစ်သေးတာကို ကလေးတွေကိုပါ ပျိုးထောင်ဖို့ သင်ယူနေရတယ်”
ထီကျစ်က အမြီးလေးနှံ့ပြပြီး လျို့ဟွား၏ လက်ထဲသို့ သူ၏လက်ဖဝါးလေးအား ထည့်ကာ သူ(မ)ကို လက်ခါလိုက်သည်။
ရွယ်ယန်သည် ပါးများကို စူဖောင်းလာတော့သည်။
“မေမေ အားယန် နားလည်နေတယ်နော်”
လျို့မန်က ဂရုတစိုက်နှင့် ရွှေဝက်ကြီး၏ ‘အလောင်း’ ကို ရှင်းလင်းလိုက်ပြီး ပြုံးကာဖြင့် ကလေးမလေး၏ပါးကို ဆွဲညှစ်လိုက်သည်။
“အားယန်က ဘာကို နားလည်တာတုန်း”
ရွယ်ယန်သည် ခေါင်းကို လှည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။
“မေမေနဲ့ အားမန်တို့က သူများကိုဆို ပြောဖို့ပဲ သိတယ်!”
လျို့ဟွား ကလေးမ၏ ပါးဖောင်းဖောင်းအား လက်ညှိုးဖြင့် ထိုးလိုက်ပြီး
“ဘယ်သူကရော အားယန်ကို နေ့တိုင်း ငတုံးမလေးဖြစ်ခိုင်းလို့လဲ”
အမေဖြစ်သူ ယခင်အကြွေးဟောင်းများအား ပြန်သယ်လာတော့မည်ကို မြင်လျှင် ရွယ်ယန်တစ်ယောက် ခေါင်းစဉ် အမြန်ပြောင်းရတော့သည်။
“မေမေ မြန်မြန်လုပ်ကြရအောင်ဆို ဒီမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ ရေရမယ်! အားယန် အကြာကြီး စုထားခဲ့တာ!”
လျို့ဟွား ပိုက်ဆံအပုံကြီးကို လှမ်းကြည့်လိုက်ပြီး တိတ်တဆိတ်နှင့် အကြည့်ပြန်လွှဲလိုက်သည်။
“ဒီလောက်များတာ ရေမနေနဲ့တော့၊ ပိုက်ဆံတွေအကုန် မေမေ့ကိုပဲ ပေးထားလိုက် နောင်ကျ မေမေက သမီးလိုချင်သမျှ အကုန် ပြန်ဝယ်ပေးမယ်”
ရွယ်ယန်ကလည်း တုံ့ဆိုင်းနေခြင်းမရှိပါချေ။
“အို့ခေ!”
လျို့မန်တစ်ယောက် လျို့ဟွား၏ အကြည့်ကို လက်ခံရရှိလိုက်ပြီးနောက် နောင်ကျမှ ကလေးမလေး၏ ဘဏ်ကတ်ထဲ ထည့်ပေးရန် ငြိမ်သက်စွာဖြင့် ပိုက်ဆံများကို သိမ်းလိုက်သည်။
ရွယ်ယွိနှင့် အခြားသူများမှာ အချိန်အတန်ကြာ ကြည့်နေကြပြီးနောက် ပိုက်ဆံများကို ကူသိမ်းပေးလိုက်သည်။
“အမေ ကျွန်တော်တို့ အခု ထွက်ကြတော့မလား”
လျို့ဟွားတစ်ယောက် ဂနာမငြိမ်ဖြစ်နေသော အသေးလေးကို ချီထားရင်း သူ(မ)အိတ်ကို ကောက်လွယ်လိုက်သည်။
“သွားစို့၊ ငါတို့လူအုပ်အတွက် ကားတစ်စီးလောက်နဲ့ ဆံ့မယ်ထင်တယ်”
ရွယ်ယန်က မော့ကြည့်ကာ မေးလာ၏။
“မေမေ ထီကျစ်ရော လိုက်လို့ရလား”
လျို့ဟွား မျက်မှောင်ကြုတ်လိုက်သည်။
“ဟင့်အင်း မရဘူး”
ရွယ်ယန် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တော့သည်။ ထီကျစ်က ကလေးမလေးကို ပွတ်သပ်ရန် ရောက်လာပြီး စိတ်မပူဖို့ အချက်ပြ၏။
ကလေးမလေးက ဆောင့်ကြောင့်ထိုင်ကာ ထီကျစ်အား ပွတ်ပေးလိုက်သည်။
“ထီကျစ် ဘာမှမဖြစ်ဘူးနော် အားယန်က ထီကျစ်အတွက် အကောင်းဆုံး ခရစ္စမတ်လက်ဆောင်ကို သေချာပေါက် ဝယ်လာခဲ့ပေးမယ်”
ထီကျစ်က သူ(မ)ထံ တိုးဝှေ့လိုက်ပြီးနောက် သူ၏ခေါင်းဖြင့် သူ(မ)ကို ပွတ်သပ်လိုက်သည်။ လျို့ဟွားက သူတို့ကို အမြန်လုပ်ရန် ဆိုလာ၏။
လျို့ဟွားသည်လည်း ထီကျစ်အပေါ် အနည်းငယ် အားတုံ့အားနာဖြစ်မိသော်လည်း လက်ရှိတွင် သူ(မ)ထံ၌လည်း နည်းလမ်းမရှိချေ။ မည်သို့ဆိုစေ ဝံပုလွေတစ်ကောင်အား ရှော့ပင်ခေါ်ထွက်သည်ဆိုသော ကိစ္စမှာ အနည်းငယ် ထိတ်လန့်စရာပင်။
ထို့အပြင် ထီကျစ်က ယခုတွင် အရွယ်ရောက်နေပြီးဖြစ်ရာ ခွေးတစ်ကောင်နှင့် တူမနေတော့ချေ။
သူ့အား အပြင်ခေါ်ထုတ်သွားသည်က ကျီးလန့်စာစားဖြစ်ရမည်ပင်။
အချိန်ဖြုန်းမနေတော့ဘဲ လျို့ဟွားတစ်ယောက် ကလေးပေါက်စအား ဆွဲခေါ်လိုက်သည်။
“သွားစို့ မဟုတ်ရင် ညဘက်နောက်ကျမှတောင် ပြန်လာလို့ရအုံးမှာ မဟုတ်လောက်ဘူး”
ရွယ်ယန်သည်လည်း အချိန်ဆွဲမနေတော့ဘဲ ထီကျစ်ကို လက်ပြနှုတ်ဆက်လိုက်သည်။
ရွယ်ယန်တစ်ယောက် လမ်းတစ်လျှောက်လုံးတွင် အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး တစ်ကိုယ်တည်း စကားတွေ များနေခဲ့သည်။
လျို့ဟွားမှာ အတန်ကြာသည်အထိ သည်းခံခဲ့သည့်တိုင် နောက်ဆုံးတွင် ကလေးမကို မခြိမ်းခြောက်ဘဲ မနေနိုင်တော့ချေ။
“အားယန် စကားဆက်များနေမယ်ဆိုရင် မေမေ သမီးကို ချောကလက် မဝယ်ကျွေးတော့ဘူး”
ရွယ်ယန်တစ်ယောက် တစ်စက္ကန့်စာ ငြိမ်ကျသွားပြီး မကျေနပ်စွာ နှုတ်ခမ်းစူကာ ပြန်လည်ချေပလာ၏။
“မေမေပဲပြောတော့ ကလေးတွေက စကားများများပြောသင့်တာဆို!”
လျို့ဟွားသည် သူ(မ)အား မျက်နှာသာ နည်းနည်းလေးပင် မပေးချေ။
“အမေပြောတာ စကားပိုပြောသင့်တယ်လို့ပဲ၊ တရစပ် ပေါက်ပေါက်ဖောက်နေဖို့တော့ မပြောဘူး”
ရွယ်ယန်မှာ ပိုလို့ပင် မကျေမနပ်ဖြစ်လာ၏။
“အဲ့လို မဟုတ်ဘဲနဲ့! မေမေ လိမ်နေတာ! မေမေက အားယန်ကို အရင်လို မချစ်တော့ဘူး!”
လျို့ဟွားတစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ကားမောင်းလို့နေ၏။
“မေမေက ရှင်လေးကို မချစ်မှဖြင့် အစောကြီးကတည်းက လွှင့်ပစ်ပြီးနေပြီ”
ရွယ်ယန် : “...”
ကလေးမလေးသည် အလွန် ငယ်သေးလွန်းလှ၍ အမေဖြစ်သူအား မည်သို့ နိုင်အောင် ဆန့်ကျင်နိုင်မှာတဲ့လဲ?
သို့နှင့် သူ(မ)သည် ခရီးစဉ်တစ်လျှောက် စိတ်ဆိုးစွာဖြင့် နှုတ်ခမ်းကို စေ့၊ ပါးကို စူဖောင်းပြီး ပြတင်းပေါက်ကိုသာ ငေးကြည့်နေတော့သည်။
သူတို့တွေ အိမ်နှင့်အနီးဆုံးသော ရှော့ပင်းမောသို့ ရောက်ပြီး လျို့ဟွား ကလေးမလေး၏ ခေါင်းကို ပုတ်ပေးလိုက်သည့်အခါတွင်မှ သူ(မ)က အမေဖြစ်သူ၏ လက်ကို ပျော်ရွှင်စွာဖြင့် ဦးအောင် ဆွဲထားတော့သည်။
ကလေးမလေး ခုန်ပေါက်နေသည်ကို မြင်လျှင် ရွယ်ယွိနှင့် အခြားသူများမှာ မနေနိုင်စွာဖြင့် နှုတ်ခမ်းထောင့်များ ညွှတ်တက်မိတော့သည်။
ရှောပင်းမောထဲသို့ ဝင်သည်နှင့် ရွယ်ယန်က လျို့ဟွားအား သရေစာမုန့်များထားရာ အကန့်ဆီ ဆွဲခေါ်သွား၏။
“မေမေ မေမေ! ချောကလက် ချောကလက်!”
လျို့ဟွားမှာ ကူကယ်ရာမဲ့စွာဖြင့် နဖူးကို ကိုင်မိတော့သည်။
“အားယန် ဖြည်းဖြည်း၊ သမီးကိုကိုတွေတောင် မရောက်လာသေးဘူးလေ!”
ကလေးမလေးက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရွယ်ယွိနှင့် အခြားသူများအား စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေတော့သည်။ နောက်ဆုံးတွင် ကလေးမလေးက စိတ်မရှည်နေပုံရပြီး မနေနိုင်အောင် သူတို့အား လက်များ ဝှေ့ယမ်းပြလေ၏။
“ကိုကို! အားမန်! မြန်မြန်!”
ကလေးက အမွေးထူထူဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ချစ်စဖွယ်မျက်နှာလေးက ယှဉ်လျက်ဖြင့် လူတွေ၏ အာရုံကို ဖမ်းစားနိုင်နေပြီးပင်ဖြစ်သည်။ ထို့အပြင် သူ(မ)၏အော်သံက လူအများအား ကြင်နာသော အကြည့်များဖြင့် သူတို့အား ကြည့်လာစေ၏။
ရွယ်ယွိနှင့် အခြားသူများမှာလည်း ခပ်သွက်သွက်လျှောက်လာကြပြီး
“အားယန် ဘာတွေ ဒီလောက်လောနေရတာလဲ၊ ကိုကိုတို့မှာ အချိန်တွေ အများကြီးရှိပါသေးတယ်ကွာ”
ရွယ်ယန်က ယုံကြည်ချက်ရှိစွာ ဆိုလာ၏။
“ဒါပေမယ့် အားယန်တို့မှာက ဝယ်စရာတွေ အများကြီလေ!”
လျို့ဟွားက စိတ်မပါတပါ ဝင်ပြောလာ၏။
“အဲ့ဒါ ရှင်လေး ချောကလက်ဝယ်ဖို့ပဲ စိတ်အားထက်သန်လွန်းနေတာကြောင့် မဟုတ်ဘူးလား”
ရွယ်ယန် : “..."
မေမေ ဘာလို့ သမီးဇာတ်ရှိန်တက်နေတာကို အမြဲ လာလာဖျက်ရတာလဲ?
လျို့မန်မှာ မနေနိုင်စွာ ရယ်မိတော့သည်။ သူ(မ)က ကလေးမလေးနှင့် အလွန် လိုက်လျောပေးလိုက်၏။
“နေပါစေ၊ အားယန်လည်း သူ့ဘာသာသူ မုန့်တွေ လာမဝယ်ဖြစ်တာ တော်တော်ကြာ သွားပြီပဲဆိုတော့၊ ပြီးခဲ့တဲ့အခေါက် အားမန် ဒီကိုလာတုန်းက တံဆိပ်သစ်နဲ့ ချောကလက်ကို တွေ့ထားသေးတယ်”
ရွယ်ယွိကလည်း လှည်းလေးတစ်စင်းကို ထုတ်ထား၏။
“ဒါဆို သွားစို့လေ”
လျို့ဟွားက ၎င်းကို စဉ်းစားပြီးနောက်တွင်
“လှည်းနောက်တစ်ခြင်း ထုတ်လာခဲ့အုံး၊ မဟုတ်ရင် အကုန်လုံး ဆံ့လောက်မှာ မဟုတ်ဘူး”
သို့နှင့် လူကြီးနှစ်ယောက်၊ လူငယ်သုံးယောက်နှင့် ကလေးတစ်ယောက်က တွန်းလှည်းနှစ်စီးကို တွန်းကာ မောထဲ ဝင်လိုက်ကြသည်။
ခရစ္စမတ်အကြိုအနေဖြင့် ခရစ္စမတ်အပင်ကြီးအား ရှောပင်းမော အဝင်တွင် အလှဆင်ထားသည်က လူတွေအား တစ်ချက်ကြည့်ရုံဖြင့် ကြည်နူးပျော်ရွှင်သွားစေ၏။
ကလေးမလေး၏ ဂနာမငြိမ်နေသော နှလုံးသားအား ဖြေဖျောက်ပေးရန် ဦးစွာအနေဖြင့် သရေစာမုန့်တန်းဘက်ကို သွားရန် ရွေးချယ်လိုက်သည်။
မမျှော်လင့်ထားစွာဖြင့် ကလေးမလေးက ချောကလက်ဘူးအနည်းငယ်ကို ယူပြီးနောက် ငြိမ်သက်သွားပြီး ဘေးပတ်လည်ရှိ မုန့်မျိုးစုံအား လက်နောက်ပစ်၍ လျှောက်ကြည့်နေ၏။
လူကြီးပေါက်စလေးလို သရုပ်ဆောင်နေသည့် ကလေးမ၏ အပြုအမူကို ကြည့်ပြီး လျို့ဟွားတစ်ယောက် သဘောတွေ့နေတော့သည်။
“အားယန်၊ သမီးတခြားလိုချင်တဲ့မုန့်တွေရှိရင် ယူနော်၊ ဒီနေ့ သမီးစိတ်ကြိုက် အကုန် ယူလို့ရတယ်”
ရွယ်ယန်က သူ(မ)အမေကို လှည့်ကြည့်လိုက်သည်။
“မေမေ အားယန် ထီကျစ်အတွက် မုန့်ဝယ်ပေးချင်လို့”
လျို့ဟွားမှာ အံ့အားသင့်သွား၏။
“သမီး အခု ထီကျစ်စားလို့ရမယ့် မုန့်ကို ရှာနေတာလား”
ကလေးမလေးက မျက်ခုံးလေးများကို မြင့်ကာ ခေါင်းညိတ်ပြ၏။
“အွန်း!”
လျို့ဟွားမှာ သူ(မ)အသက်ကလေး၏ အကျင့်ကို ကြည့်ပြီး ဂုဏ်ယူကာ စိတ်ကျေနပ်ရ၏။ သူ(မ)က ချက်ချင်း လက်ခါပြကာ
“အားယန်က အားယန်လိုချင်တဲ့မုန့်ကိုသာ အရင်ဝယ်၊ ထီကျစ်အတွက်က မေမေ ခဏနေ ဝယ်ပေးလိုက်မယ်”
ကလေးများ၏ မျက်ခုံးများ တွန့်ချိုးထားမှုက နောက်ဆုံးတွင် ပြေလျော့သွားသော်လည်း အခြား မည်သည့်သရေစာကိုမှ မယူသေးချေ။
ကလေးမလေးက အမေဖြစ်သူ၏လက်ကို ဆွဲကာ ဆိုလာ၏။
“မေမေ၊ ပြီးခဲ့တဲ့အခေါက်က မေမေ အားယန်ကို မုန့်တွေ အများကြီးဝယ်ထားပေးထားတယ်လေ၊ အခု မုန့်တွေ မဝယ်ကြတော့ရအောင် တခြားဟာ သွားကြည့်ကြမယ်နော်!”
လျို့ဟွား ညင်သာစွာ ပြုံးလိုက်သည်။
“အိုခေ၊ ဒါဆို သမီးရဲ့ ကိုကိုနဲ့မမတွေအတွက် လက်ဆောင်တွေ သွားရွေးကြတာပေါ့”
ကလေးမလေးက တက်ကြွလာ၏။
“ရေး!”
သို့ရာတွင် ကြီးမားသော လက်ဆောင်ထားရာ အကန့်မှ လက်ဆောင်များကို ရင်ဆိုင်လိုက်ရချိန် ရွယ်ယန်မှာ ရှုပ်ထွေးသွားရဆဲ။
လက်တစ်ဖက်စီတွင် ဘူးတစ်ဘူးစီကိုင်ပြီး ကလေးမလေးက အသေးစိတ် စစ်ဆေးကြည့်နေ၏။
လျို့ဟွားက သူ(မ)လက်ထဲမှ ဘူးများကို ယူလိုက်ပြီး
“ဘာတွေကြည့်နေတာလဲ၊ ဘာရွေးရမှန်း မသိရင် အကုန်လုံးသာ ယူလိုက်”
ကလေးမလေးသည် ယခင်က ဤကဲ့သို့ အခြေအနေကို မတွေ့ကြုံဖူးပြီး ချက်ချင်း သူ(မ)အမေ၏ ပေါင်ကို ပြေးဖက်လိုက်သည်။
“မေမေ နောင်ဆို အားယန်တို့မိသားစု မမွဲသွားလောက်ပါဘူး နော်?”
လျို့ဟွာ : “..."
ဒီကလေးမ ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ?
“Pfft…”
အမျိုးသားတစ်ယောက်၏ မသဲမကွဲ ရယ်သံက သူတို့ဘေးနားမှ ထွက်လာ၏။
ရွယ်ယန်တစ်ယောက် စူးစမ်းစွာဖြင့် ခေါင်းလေး စောင်းကာ အနှီဦးလေးကြီးအား လှမ်းကြည့်လိုက်သည်။
တစ်မိသားစုလုံး၏ အကြည့်များကို ရင်ဆိုင်လိုက်ရချိန် ရွှီယိမှာ အနည်းငယ် စိတ်လှုပ်ရှားသွားရ၏။ သူက ချောင်းခြောက်တစ်ချက် ဟန့်လိုက်ရင်းဖြင့်
“ဟဲလို သူငယ်ချင်းလေးတို့”
ရွယ်ယန်သည် သူ့ကို ဗလာကျင်းစွာ ငေးကြည့်နေပြီး စက္ကန့်အနည်းငယ် ကြာသည့်အခါတွင်မှ သူ(မ)က အာမေဍိတ်သံပြုလိုက်၏။
“ဦးက မေမေ့ကို ဖုန်းခေါ်လာတဲ့သူပဲ! အားယန်နာမည်ကိုတောင် သိနေတယ်လေ!”