ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၉၉) : ချစ်ခြင်းမေတ္တာ
ဒေါသက ကောင်းကင်အထက် ပျံသန်းလာရင်း တောအုပ်ထဲမှ ထုံရို့ပင်းကို လှမ်းကြည့်လိုက်သည်။ သူမက နောက်ကျသွားကာ ဘက်ပြောင်းသူကို တစ်စုံတစ်ယောက်က သတ်သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်၏။ သူမက ဒေါသကို ဖိနှိပ်ဖို့ ကြိုးစားနေရသည်။ မျှော်လင့်ချက် မရှိသည်က ကိစ္စတစ်ခု ဖြစ်သော်လည်း စိတ်ပျက်မှုက ပိုမိုဆိုးရွားသည်။
သူမက ဓားကို ထုတ်ကာ မြေပြင်ပေါ် ဆင်းသက်လာ၏။ သူမ၏ အပြုအမူကို ထုံရို့ပင်းက အာရုံခံမိကာ သတိကြီးကြီး ထားထားပြီး သူမ၏ တာအိုသက်သေပြပစ္စည်းကို ချက်ချင်းဆိုသလို အသက်သွင်းလိုက်သည့်အတွက် သူမ၏ နဖူးအထက် ခရမ်းရောင်သလင်းကျောက် တစ်ခု ထွက်ပေါ်လာသည်။
"ရှင်က ဘယ်သူလဲ" ထုံရို့ပင်းက မေးလိုက်သော်လည်း အဖြေမရခဲ့ပေ။
ကောင်းကင်သုတ်သင်ရေး ဓားချက်
အနီရင့်ရင့်ဓားစွမ်းအားက ဒေါသ၏ ဓားမှ ထွက်ပေါ်လာပြီး ထုံရို့ပင်းထံ ကျရောက်လာသည်။ ထို့ကြောင့် သူမက ကာကွယ်ရေးအဆောင်များနှင့် လမ်းကြောင်းလွှဲပြောင်းရေး အဆောင်များကို အသုံးပြုကာ တိုက်ကွက်ကို ရန်သူထံ ပြန်လည်ပို့ဆောင်လိုက်သည်။
သူမ၏ နည်းဗျူဟာက ဆိုးဆိုးရွားရွား ကျရှုံးသွား၏။ အကြောင်းမှာ လမ်းကြောင်းပြောင်းလွှဲရေး အဆောင်က ဓားချက်၏ စွမ်းအားအောက်တွင် ပျက်စီးသွားလေသည်။ ထိုစဉ် သူမ၏ အဆောင်က တိုက်ကွက်ကို တားဆီးနိုင်ရုံမျှသာဖြစ်သည့်အတွက် နောက်ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
"ရှင်က မိစ္ဆာပဲ" ထုံရို့ပင်းအနေဖြင့် ဒေါသသည် မိစ္ဆာမျိုးစိတ်၏ လက္ခဏာရပ်များ မရှိသည့်အတွက် အံ့အားသင့်သွားမိ၏။ သူမ၏ သွေးမျိုးဆက်ကပင် ဇစ်မြစ်ကို မပြောနိုင်ပေ။ ထိုမိစ္ဆာ၏ ဝိညာဉ်ထဲအထိ ကိန်းအောင်းနေပြီး သူတို့၏ အပျက်သဘောဆောင်သော ကံကြွေးများကို စုပ်ယူထားသည့် ပင်ကိုရက်စက်မှုကြောင့်သာ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၏။