ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း စာစဉ် (၄၈)
မူရင်းရေးသားသူ - lazySageDao
ဘာသာပြန်သူ - Fortuna(ကြည်ဖြူ) (ရိုးရာ)
အခန်း (၆၇၀) : စွဲလမ်းခြင်း
တိထျန်းက စားပွဲတစ်လုံးပေါ် မြေပုံတင်ထား သည့် တဲအတွင်း ထိုင်ကာ တပ်ဖွဲ့၏ လမ်းကြောင်းကို ကြည့်နေသည်။ သူက သူ့တပ်ဖွဲ့၏ လုပ်ဆောင်ချက်နှင့် ပတ်သက်ပြီး မကျေနပ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က အလုပ်ပြီးမြောက်နိုင်ပြီး သူ့အမှတ်အသားပြားကို အသက်သွင်းပေးနိုင်သည်။
ငါ လီကျွင်းနဲ့ ထျဲ့ကန်တို့ကို ရင်ဆိုင်ဖို့ စစ်သူကြီးကောင်းကောင်း လိုတယ်...
အိပ်စက်သူများ မပျက်သုဉ်းခင် ထိုတပ်ဖွဲ့နှစ်ခုအကြောင်း သိထားခဲ့၏။ အထူးသဖြင့် ထျဲ့ကန်၏ မသေနိုင်သော တပ်ဖွဲ့ ဖြစ်၏။ ပြောရလျှင် စစ်သူကြီးနှင့် သူတို့အဖွဲ့ကို အနည်းငယ်သာ အာရုံစိုက်ခဲ့မိသည်။ သူက သူတို့သည် ဤမျှအရေးပါလာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ ထို့ကြောင့် သူက အိပ်စက်သူများကို စောင့်ကြည့်ခိုင်းထားပြီး ဖြစ်နိုင်လျှင် သူတို့တပ်ဖွဲ့ထဲ ကျူးကျော်ဖို့သာ ပြောထားခဲ့၏။
ဒီအလုပ်တွေအကုန်လုံးက မျက်စိတစ်မှိတ်အတွင်း အကုန်ပျက်စီးသွားတာပဲ...
တိထျန်းက ဆုံးရှုံးမှုနှင့် ပတ်သက်ပြီး စိတ်တိုနေဆဲဖြစ်၏။ သူက အိပ်စက်သူများကို ပြန်လည်တည်ဆောက်ထားခဲ့သော်လည်း ယခင်လူများနှင့် မယှဉ်နိုင်သေးပေ။
နောက်လှုပ်ရှားမှုကို စီစဉ်နေရင်း သူက အဝေးတစ်နေရာမှာ တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။
တစ်ယောက်ယောက်က ငါ့ကို ဖြားယောင်းဖို့ ကြိုးစားနေတာလား...
သူက နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက်တွင် တဲထဲမှ ထွက်လာပြီး သူ ခံစားမိသည့် နေရာဆီ ဦးတည်လိုက်၏။
တိထျန်းက ရပ်တန့်လိုက်ပြီးသည့်နောက်တွင် လရောင်ခြုံလွှမ်းထားပြီး ကောင်းကင်ကို မော့ကြည့်နေသည့် မိန်းမလှတစ်ဦးကို မြင်လိုက်ရသည်။ သူမအနီးရှိ သစ်ပင်ကြီးက ညလေအေးများထံမှ ကာကွယ်ပေးထားပြီး သူမဘေးနားတွင် ကာကွယ်သူအလား မားမားမတ်မတ် ရပ်တည်နေဟန်ပေါ်သည်။