Unicode
ရင်နင့်.......
အပိုင်း(၄)မေလ၉ရက်နေ့...။
သည်နေ့ အေးရိပ်စောစောထသည်။ (၁၀)နှစ်ပြည့်မွေးနေ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေ၍ဖြစ်မည်။ နိုးနိုးချင်း မျက်နှာပင် မသစ်ဘဲ ဧည့်ခန်းရှိရာ အပြေးလာကြည့်မိ၏။
မျှော်လင့်ထားသလို ပူစီဖောင်းလှလှလေးတွေရှိမနေသလို ဖယောင်းတိုင်ထွန်းထားသည့်ကိတ်မုန့်လည်းရှိမနေခဲ့ပါ။ တိတ်ဆိတ်မည်းမှောင်ပြီး ဟောင်းမြေ့နေသော ဧည့်ခန်းအိုကသာ ခပ်လှောင်လှောင်အပြုံးတွေနှင့် သူမကိုကြိုနေခဲ့သည်။ ပုံမှန်ထက် ထူးမခြားနားသည့် နေ့တစ်နေ့၏အသွင်ဒဏ္ဍာန်ကြောင့် သည်အတိုင်း တွေတွေလေးရပ်နေမိသည်။
တကယ်တော့ တိတ်တခိုးမျှော်လင့်ခဲ့မိသည့် သူမကပဲ ရယ်စရာဖြစ်ခဲ့သည်။ အသက်(၁၀)နှစ်ပြည့်မှမဟုတ်ပါ။ ဘယ်တုန်းကများ မွေးနေ့ဆိုတာ သူမအတွက်ထူးခြားခဲ့လို့လဲ။ အခြားကလေးတွေလို မွေးနေ့လက်ဆောင်ရခဲ့ဖူးတာမရှိခဲ့သလို ကိတ်မုန့်လှလှလေးပေါ်တွင် ဖယောင်းတိုင်ထွန်းညှိပြီး Happy Birthdayဟုဆိုကာ ပျော်ပျော်ရွှင်ရွှင် မှုတ်ခဲ့ရခြင်းလည်း တစ်ကြိမ်တစ်ခါမှပင် မရှိခဲ့ပါ။ အဝတ်အစားသစ်ပင် ဝတ်ရခြင်းမရှိခဲ့ပါ။ သူမကသက်သက်စိတ်ကူးယဉ်နေမိတာပဲ ဖြစ်သည်။
သို့သော်လည်း ကလေးဆိုတော့ မျှော်လင့်ချက်လေးထားခဲ့မိသည်။ အခြားအိမ်မှကလေးတွေမွေးနေ့လုပ်တိုင်း၊ မွေးနေ့ကိတ်ပေါ်တွင် ဖယောင်းတိုင်လှလှလေးထွန်းပြီး ပျော်ရွှင်စွာ ကခုန်တီးမှုတ်ကြသည်ကို ငေးကြည့်မိတိုင်း အားကျခဲ့ရ၏။ ထို့ကြောင့်လည်း ကိုယ့်အိမ်အခြေအနေမသိတာမျိုးမဟုတ်ဘဲ မွေးနေ့လေးတွင် တစ်စုံတစ်ရာများ သူမအတွက် ရှိမလားဆိုသည့် မျှော်လင့်ချက်သေးသေးလေးထားခဲ့မိခြင်းသာဖြစ်သည်။
ရောင်စုံပူစီဖောင်းတွေအပြည့်နှင့် ကိတ်မုန့်လှလှပါသော မွေးနေ့ပါတီမျိုးမဟုတ်ရင်တောင် အင်္ကျီအသစ်လေးဝတ်ရပြီး လက်ဆောင်သေးသေးလေးရသည်ဆိုရင်ပဲ ပျော်လိုက်မိမှာ သေချာပါသည်။
အခုတော့ မီးပျက်နေသဖြင့် မှောင်ဖျော့ဖျော့ဧည့်ခန်းထဲတွင် အဝတ်အစားနွမ်းနွမ်းလေးဝတ်ဆင်ထားရင်းပင် သူမက(၁၀)နှစ်ပြည့်မွေးနေ့ကို ကြိုဆိုခဲ့ရ၏။
YOU ARE READING
ရင်နင့်... (Normal Version)
Aktuelle Literatur"အစ်ကိုလို့ ခေါ်လိုက်တာနဲ့ နင့်ကိုငါ့ညီမလေးအနေနဲ့ ငါတစ်သက်လုံးကာကွယ်စောင့်ရှောက်ပေးမယ်" သုတဉာဏ် "ငါနင့်ညီမလေး မဖြစ်ချင်ဘူး နင့်မိန်းကလေးဖြစ်ချင်တာပါ နင့်ချစ်သူဖြစ်ချင်တယ် အမြဲဖြစ်ချင်ခဲ့တယ်...