Chapter 15

69 6 0
                                    

အပိုင်း ၁၅။ အချစ်ကိုရှာဖွေခြင်း

"ဒါဆို အစ်ကိုကြီးအနေနဲ့ ဘယ်လိုတွေ စတင်မယ်လို့ အစီအစဉ်ဆွဲထားလဲ..." ပိုင်ယွိလင်သည် ရန်ဖေးအား စိတ်၀င်တစား မေးလိုက်၏။

ထိုအခါ ရန်ဖေးမှာ အောင့်သက်သက်ပြုံး၍ ရှောင်ဖေးထံ မြားဦးလှည့်ပေးလိုက်သည်။ "အစ်ကိုကြီး စဉ်းစားထားသမျှ သူ့ကို ပြောပြထားပြီးသား... မိန်းကလေးကို မေးကြည့်လိုက်... သူ့မှာလည်း သူစဉ်းစားထားတာတွေ ရှိကောင်းရှိနိုင်တယ်..."

ရှောင်ဖေးသည် သူမအား အရေးပေးလိုက်သော ရန်ဖေးကို ကျေးဇူးတင်မိပြီး သူမရှေ့မှ အမျိုးသားနှစ်ဦးလုံးသည် သူမ၏ သုံးသပ်ချက်များကို စိတ်၀င်တစား ရှိကြသဖြင့် တဖြည်းဖြည်း အားတက်လာခဲ့၏။ "အဟမ်း... ကျွန်မ စဉ်းစားသမျှက ရှင့်ရဲ့ လမ်းပြမှုတွေချည်းပါပဲ... ရှင် ပြောသမျှတွေကို သေချာနားထောင်ကြည့်မှ ကျွန်မလည်း တချို့ဟာကွက်လေးတွေကို တဖြည်းဖြည်း စဉ်းစားလာမိတာ‌ပါ... ပထမဦးဆုံးသော အမှုရဲ့ ပြစ်မှုကျူးလွန်တဲ့နေရာကိုပဲ စဉ်းစားကြည့်ရအောင်... သူ ကောင်မလေးကို ကျူးလွန်သွားတဲ့နေရာက အစေခံတွေရော အလုပ်သမားတွေရော အများကြီးရှိတဲ့နေရာမှာနော်... အဲ့ဒီအမှုပြီး နောက်ထပ် ဆက်တိုက် ပေါ်လာတဲ့အမှုတွေမှာလည်း ကျူးလွန်တဲ့နေရာတွေက ပထမဆုံးနေရာလိုမျိုး လူများများစားစားရှိတဲ့ နေရာတွေချည်းပဲ... ဆိုတော့ ကြည့်ရတာ တရားခံက ပြစ်မှုကျူးလွန်ရမဲ့နေရာတွေကို အစတည်းက သတ်မှတ်ထားခဲ့ပြီး ဖြစ်လောက်တယ်...‌ ဒါပေမဲ့ ကျွန်မတို့ မစဉ်းစားမိတာက ကန်နိုင်ငံက အမှုက တကယ်ပဲ တရားခံ ကျူးလွန်ခဲ့တဲ့ ပထမဦးဆုံးအမှုရော ဟုတ်ရဲ့လား?... မဟုတ်ဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ?... အဲ့ဒါကို ကျွန်မတို့ တူးဆွကြည့်ဖို့ လိုတယ်... ပြီးတော့ ကန်နိုင်ငံက စတင်ပေါ်လာတဲ့ အမှုနဲ့ အခု ဆင့်ကဲပေါ်လာတဲ့အမှုတိုင်းရဲ့ လက်သည်က အတူတူပဲလားဆိုတာကို သေချာသထက် သေချာအောင် အတည်ပြုရမယ်..."

ပိုင်ယွိလင်သည် အစောပိုင်းက ရှောင်ဖေးကို အမြင်မကြည်သည့်စိတ်ကြောင့် ပြောသမျှကို သေချာနားမထောင်ခဲ့သော်ငြား ယခုအချိန်၌ အစ်ကိုကြီး၏ ထောက်ခံမှု ရှိနေသဖြင့် သေသေချာချာ နားထောင်ကြည့်ရာ ကျိုးကြောင်းဆီလျော်လှသည်ဟု ထင်မိ၏။ "အစ်မကြီး ပြောတာ ကျိုးကြောင်းသင့်ပါတယ်... ဒါဆို ဒီလို လုပ်ရအောင်လား... အခုတော့ အရင်ဆုံး လျို့ကျမိန်းကလေး ပြောပြထားတဲ့အတိုင်း ပုံတူဓာတ်ပုံ အရင်ဆွဲကြမယ်... ပုံအချောထွက်လာတော့မှပဲ ကျူးလွန်ခံရတဲ့မိန်းကလေးတိုင်းကို တစ်ချက် ပြကြည့်ကြတာပေါ့... အဲ့ဒီမှာ ကျူးလွန်တဲ့လူ တူလား မတူလားဆိုတဲ့ အချက်တစ်ချက် အတည်ပြုနိုင်လိမ့်မယ်... ဒါပေမဲ့ အဲ့ဒီမိန်းကလေးတွေရော သူတို့အိမ်တော်တွေမှာ လုပ်တဲ့ အစေခံတွေရော တစ်ယောက်မှ တရားခံကို မမှတ်မိဘူးဆိုရင်တော့ အဲ့တရားခံက အိမ်တွေကို လွယ်လွယ်ကူကူ ဖောက်ထွင်းပြီး ၀င်ခဲ့တာပဲ ဖြစ်ရမယ်... ဘာလို့လဲဆိုရင် သူသာ အိမ်မဖောက်တတ်ရင် မိန်းကလေးတွေ ရှိတဲ့နေရာဆီ သွားဖို့တစ်နည်းက အစေခံယောင်ဆောင်ဖို့ပဲ ရှိတာမလား... ဒါဆိုရင်တော့ သေချာပေါက် အစေခံတွေနဲ့ ရောရောနှောနှောတော့ နေရမှာပဲလေ... တစ်ယောက်မဟုတ် တစ်ယောက်တော့ သူ့ကို သေချာပေါက် မျက်မှန်းတန်းမိမှာပဲ..."

ပိုင်ယွိလင်၏ သုံးသပ်မှုကို စုရှောင်ဖေး ခေါင်းညိတ်ထောက်ခံကာ ဆက်လက်ပြောလိုက်သည်။ "စိတ်ပညာရှင်တစ်ဦးရဲ့ ရှုထောင့်ကနေ ကြည့်ရမယ်ဆိုရင် ဒီပြစ်မှုတွေအကုန်လုံးက ဒေါသတစ်ခုအပေါ် အခြေခံပြီး ဖြစ်လာခဲ့တာလို့ သုံးသပ်မိတယ်... ပြီးတော့ မိန်းကလေးတွေရဲ့ မမြင်အပ်တဲ့နေရာက အမွှေးတွေကို ရိတ်ဖို့အတွက်လည်း သူ့အနေနဲ့ အားသုံးရမှာပဲ မဟုတ်လား... ဒေါသအပေါ် အခြေခံပြီး ဒေါသတကြီး ရိတ်ပစ်တာမျိုးပေါ့... ဒုက္ခရောက်နေတဲ့လူကို စိမ်ပြေနပြေ ညှဉ်းဆဲနေသလိုနဲ့တောင် တူသေးတယ်... ပြီးတော့ ကျူးလွန်ခံရတဲ့လူ‌တိုင်းမှာ အမွှေးတွေ ကိုယ်စီ မရှိကြတော့ဘူး... ပြီးတော့ မတရားခံရတဲ့ မိန်းကလေး‌တိုင်းမှာ ကောင်းမွန်တဲ့ မိသားစုအသိုင်းအဝိုင်းရှိတယ်... လူလွတ်တွေဖြစ်တယ်... ပြီးတော့ ကျူးလွန်ခံခဲ့ရတဲ့အိမ်တော်တိုင်းဆီကနေ ဘာပစ္စည်းမှ မခိုးသွားဘူး... ဆိုတော့ သူ့ရဲ့ဦးတည်ရာက သေချာပေါက် မိန်းကလေးတွေကို ညှဉ်းပန်းဖို့သက်သက်ပဲ..."

"အာ... ဟုတ်တယ် ဟုတ်တယ်... အခုနောက်ဆုံးအမှုက လျို့ကျမိန်းကလေးအပါအဝင် ကျန်တဲ့အမှုငါးခုလုံးက မိန်းကလေးတွေကလည်း ချမ်းသာကြတဲ့လူတွေချည်းပဲ..."

"ဒါပေါ့... ဆိုတော့ ဒီအချက်က တရားခံကို ဖမ်းဖို့အတွက် လုံး၀ကို အရေးကြီးတဲ့အချက်ပဲ..." စုရှောင်ဖေး ဆက်ပြောလိုက်၏။ "ပြီးတော့ ကျွန်မထင်တာကတော့ သူ့ရဲ့ ဒေါသတကြီး လက်စားချေချင်တဲ့စိတ်က ဒီလိုမျိုး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ထင်တာပဲ... ဥပမာပြောရမယ်ဆိုရင် သူက ဒေါသထွက်လွယ်တယ်... အဲ့ဒီ‌အကျင့်ကြီးကြောင့် ပတ်ဝန်းကျင်က လူတွေနဲ့ စကားများမယ်... ဒါမှမဟုတ် လူတွေကို ရိုက်ချင်ရိုက်မယ်... မဟုတ်ရင် တိရစ္ဆာန်တွေကို နှိပ်စက်ချင် နှိပ်စက်မယ်... ဆိုတော့ အဲ့ဒီအကျင့်ကြီး တရားခံဆီရှိနေရင် လူ‌တွေနဲ့ သေချာပေါက်ကို ရောနှောပြီး နေလို့ရမှာ မဟုတ်ဘူး... သူ့ဘာသာ တသီးတသန့်နေတဲ့လူ ဖြစ်ကောင်းဖြစ်နိုင်တယ်" ထို့နောက်တွင်မူ ရှောင်ဖေးသည် ဒီအတောအတွင်း သူမ‌ တွေ့ကြုံရသော ဤကာလ၏ လူနေမှုဘ၀များကို သုံးသပ်မိသည်။ ထန်မိန်းကလေး ထန်အိမ်တော်သို့ ပြန်ရောက်စဉ်က အိမ်နီးနားချင်းအားလုံးသည် ထန်အိမ်တော်သို့ လာရောက်စုဖွဲ့ကြပြီး ထန်မိန်းကလေး၏ ဖခင်သည်ပင် အိမ်နီးနားချင်းများမှ အလုအယက် သတင်းသွားပို့သောကြောင့် လာရောက်အတည်ပြုရသည် မဟုတ်ပါလော။ သူမတို့ ၂၁ ရာစု၌ ဤမျှလောက်ထိ စပ်စပ်စုစုနိုင်လှသော အိမ်နီးနားချင်းများ မရှိတော့ပါ။ ရှိခဲ့သည့်တိုင် အနည်းအကျဉ်းမျှသာဖြစ်၏။ ထို့ကြောင့် သူမတို့ ၂၁ ရာစုနှင့် ယှဉ်လျှင် ဤကာလမှ လူများသည် အိမ်နီးနားချင်းများနှင့်ပို၍ အရောတဝင် ရှိကြပေလိမ့်မည်။

"ပြောရရင် ဒေါသထွက်လွယ်တဲ့လူ‌တွေရဲ့ အကျင့်စရိုက်တွေကို သူတို့ရဲ့ အိမ်နီးနားချင်းတွေကလည်း သေချာပေါက် သတိပြုမိမှာပဲ... တကယ်လို့ အကြမ်းဖက်မှု ဆိုးဆိုးဝါးဝါးတွေ လုပ်တတ်တဲ့လူ‌ဆို ရုံးတော်မှာတောင် ပြစ်မှုမှတ်တမ်း ရှိနေလောက်တယ်..."
ရှောင်ဖေးသည် ပြောရင်းဖြင့် စိတ်မလုံသလို ခံစားလိုက်ရသောကြောင့် ဘေးဘီ စူးစမ်းကြည့်လိုက်ရာ သူမအား တအံ့တဩ စိုက်ကြည့်နေသော ပိုင်ယွိလင်အား တွေ့လိုက်ရသည်။ ရှောင်ဖေးပင် ကြောင်အအ ဖြစ်သွား၏။ သူမစကား၌ အမှားများ ပါသွားသည်လော။ သူမ၏အတွေးကို အတည်ပြုရန် ရှောင်ဖေးသည် သူမ၏ခေါင်းကို ကိုလူချောဘက်သို့ လှည့်ကြည့်လိုက်ရာ အနှီလူသည်လည်း သူမကို ကြောင်အအ ကြည့်နေပြန်၏။ ရန်ဖေးသည် ရှောင်ဖေး၏ အနေခက်နေမှုကို ရိပ်မိသဖြင့် ချောင်းအသာဟန့်ကာ စကားပြန်ဆက်ပေးလိုက်သည်။ "ဆက်ပြောလေ မိန်းကလေး..."

'တကယ်ကြီး ဆက်ပြောရမှာလား?...' ရှောင်ဖေး တွေးလိုက်၏။ အစောပိုင်းက သူမအား အံ့ဩတကြီး ကြည့်နေကြသဖြင့် ရှောင်ဖေးမှာ သူမ၏စကားများကို ရှေ့ဆက်ပြောရန် ခပ်လန့်လန့်ပင်။


ထိုအခါမှ အခြေအနေကို ရိပ်စားမိသွားသော ပိုင်ယွိလန်မှ စတင်၍ စကားထောက်လာ၏။ "ဒါဆို အစ်မကြီး ပြောတာက ပြစ်မှုကျူးလွန်တဲ့လူက အကြမ်းဖက်တာတွေ လုပ်လေ့လုပ်ထရှိတဲ့လူ ဖြစ်ကောင်း ဖြစ်နိုင်တယ်... ပြစ်မှုမှတ်တမ်းတွေလည်း ရှိချင်ရှိနေနိုင်တယ်လို့ ပြောချင်တာလား..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်..." ရှောင်ဖေးဘက်မှ ခေါင်းတဆတ်ဆတ် ညိတ်ပြကာ ထောက်ခံလိုက်သည်။

"အိုး... ကျွန်တော် နားလည်ပါပြီ..." ထို့နောက်တွင်မူ ပိုင်ယွိလင်မှ မဝံ့မရဲ မျက်နှာထားဖြင့် ဆက်မေးလာ၏။ "ဒါနဲ့ အစ်မကြီးက ဘယ်မြို့တော်ကနေ လာခဲ့တာလဲဟင်..." အနှီအစ်မကြီး၏ လေယူလေသိမ်းမှာ ထူးဆန်းလှပြီး အသုံးပြုသော စကားလုံးများမှာလည်း သူတို့သုံးသည့် စကားလုံးများနှင့် မတူလှပါ။ ထို့ကြောင့် တစ်ခါတစ်လေ အချို့သော စကားလုံးများအား နားလည်ရန် ခန့်မှန်းရသည်။

ရုတ်တရက်ကြီး အမေးခံလိုက်ရသည့် ရှောင်ဖေးမှာ မည်ကဲ့သို့သော အဖြေမျိုး ပေးရမည်မှန်း ချက်ချင်း စဉ်းစားမရပဲ ရှိနေ၏။ ရန်ဖေးမှာ ခပ်အေးအေး နေတတ်သူတစ်ဦး ဖြစ်သောကြောင့် သူမ၏မူလဇာစ်မြစ်နှင့် ပတ်သက်၍ ဖာသိဖာသာနေပြီး မမေးသည့်တိုင် အနှီ ပိုင်ယွိလန်ဟူသော ကောင်ငယ်လေးမှာ လွန်စွာ စပ်စပ်စုစုနိုင်လိမ့်မည့် လူငယ်မျိုးလေး မဟုတ်ပါလော။

"ကဲ ထားပါကွာ... ဒါတွေက အရေးမကြီးသေးဘူးမလား လောလောဆယ်က... အစ်ကိုကြီး‌တို့ တရားခံကို ဖော်ထုတ်တဲ့အပေါ်ပဲ အာရုံစိုက်ထားရင် မကောင်းဘူးလား..." ရန်ဖေးသည် ရှောင်ဖေး၏အနေခက်မှုကို သိသည့်အားလျော်စွာ ကြားထဲမှနေ၍ ၀င်ရောက် ဖျန်ဖြေပေးလိုက်သည်။

ပိုင်ယွိလင်သည်လည်း အစ်ကိုကြီးဖြစ်သူမှ ပြောလာသောကြောင့် အနှီမိန်းကလေးနှင့် ပတ်သက်ပြီး ခံစားနေရသည့် ထူးဆန်းမှုများကို မျက်ကွယ်ပြုထားရန်သာ ဆုံးဖြတ်လိုက်၏။

ရှောင်ဖေးသည်လည်း ကိုလူ‌ချောအား ကျေးဇူးတင်သကဲ့သို့ ကြည့်လိုက်ပြီး ပြောလက်စ စကားကို ထပ်မံ ရှေ့ဆက်လိုက်သည်။ "ဒါပေမဲ့ ကျွန်မတို့အထင်တွေအပေါ်ပဲ ကောက်ချက်ချလို့ မပြီးဘူး... တရားခံ ရောက်ခဲ့တဲ့နေရာတွေအထိ ကိုယ်တိုင်ကိုယ်ကျ သွားစုံစမ်းနိုင်ရင် ဒီထက်ပိုပြီး သဲလွန်စတွေ ရလိမ့်မယ်... နင်အန်းမြို့တော်ကို သွားလို့ သဲလွန်စ မတွေ့ရင် အဲ့မြို့ရဲ့ ပတ်ပတ်လည်က မြို့တွေဆီ သွားပြီးတော့ သက်သေစု‌တာမျိုး လုပ်ရမယ်... ဘာလို့လဲဆိုတော့ တရားခံက နင်အန်းမြို့တော်ကို ၀င်ဖို့အတွက်က တခြားမြို့တွေကိုလည်း ဖြတ်လာခဲ့ရမှာပဲလေ... ပြီးတော့ ဒီတလော မြို့အသီးသီးက တရားခံကို အပူတပြင်း ရှာနေတာဆိုတော့ သူ့အကြောင်းနဲ့ ပတ်သက်ပြီး တီးမိခေါက်မိထားတဲ့လူတွေလည်း ရှိကောင်းရှိနေနိုင်တယ်... အာ ပြီးတော့ ပြစ်မှုကျူးလွန်တဲ့နေရာမှာ တရားခံ အသုံးပြုခဲ့တဲ့ လက်နက်က ဓားမြှောင် ဟုတ်တယ်ဟုတ်..."

"ဟုတ်ပါတယ်ဗျ..."

"ဓားမြှောင်နဲ့ဆို သေချာပေါက်ကို ထိုးသွင်းပြီးမှ သတ်လို့ရမှာပဲ... ထိုးသွင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကို တစ်နည်းအားဖြင့် လိင်မှုကိစ္စမှာလည်း သုံးလို့ရတယ် မဟုတ်လား... ထိုးသွင်းတယ်ဆိုတဲ့ စကားကို လိင်ပိုင်းဆိုင်ရာ ရှုထောင့်အမျိုးမျိုးကနေ အဓိပ္ပာယ်ဖွင့်လို့ရတယ်... တချို့လူသတ်သမားတွေကျတော့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတစ်ခုခုကြောင့် ဓားမြှောင်ကို သုံးကြတာတွေလည်း ရှိတယ်... အေးအေးဆေးဆေး ထိုးသွင်းသတ်ပြီးတော့ အဲ့ဒါကြီးကို အရသာခံပြီး ကြည့်ကြတာမျိုးပေါ့..."

စုရှောင်ဖေးသည် ပြောနေရင်းဖြင့် ပိုင်ယွိလင်၏ ကြောက်လန့်တကြား ဖြစ်နေသော အမူအရာအား ရိပ်ခနဲ မြင်လိုက်သောကြောင့် စကားလမ်းကြောင်းလွှဲကာ ကိုလူချောထံ စကားစလိုက်သည်။ "မိန်းကလေးတွေက ဘယ်အချိန်မှာ သူတို့ရဲ့ဆံပင်မွေးတွေကို ရိတ်တတ်ကြလဲ..."

ထိုအခါ အမျိုးသားနှစ်ယောက်လုံးသည် စုရှောင်ဖေးအား အထူးအဆန်းကဲ့သို့ ပြိုင်တူကြည့်လာကြ၏။ ထိုအခါ ရှောင်ဖေးပင် မလုံမလဲ ဖြစ်သွားရတော့သည်။ "ကျွန်မ မရိတ်ပါဘူး... ကျွန်မမေးတာ ရှင်ရဲ့ ထင်မြင်ယူဆချက်ကို မေးနေတာ... ဘယ်လိုအခြေအနေမျိုးမှာ မိန်းကလေးတွေက သူတို့ရဲ့ ဆံပင်မွေးတွေကို ရိတ်လေ့ရှိလဲ..."

ထိုအခါမှ ရန်ဖေးသည် တစ်ခုခုကို သဘောပေါက်သွားကာ ရှောင်ဖေးကို ကြည့်ရင်း ပြောလိုက်၏။ "အာ သီလရှင်၀တ်ရင် ဆံပင်ရိတ်ကြတယ်လေ..."

ရှောင်ဖေးသည် သူမရှေ့မှ လူနှစ်ဦးအား ထပ်ပြောလိုက်သည်။ "မုဆိုးမတွေကရော သူတို့ရဲ့ သေသွားတဲ့လင်သားအပေါ် သစ္စာရှိမှုကို ပြတဲ့အနေနဲ့ ကတုံးမရိတ်ကြဘူးလား..."


"မုဆိုးမ?..." ရှောင်ဖေးသည် ပြောသာပြောလိုက်ရသော်ငြား ယခုကာလ၏ ဓလေ့များကို သေချာမသိသောကြောင့် ဤအချက်ကို ထည့်သွင်းစဉ်းစားရန်ပင် ဝေခွဲရ ခက်နေ၏။

ထို့ကြောင့် ကိုလူချောနှစ်ဦးထံမှ စကားပြန် စောင့်နေသည့်တိုင် တစ်ယောက်မှ အဖြေပြန်မပေးလာကြပါ။ ခဏအကြာ‌တွင်မူ ပိုင်ယွိလင်ထံမှ စကားသံ ထွက်လာ၏။ သို့သော်ငြား ရှောင်ဖေး လိုချင်သည့် အဖြေတစ်ခု မဟုတ်ခဲ့ပါချေ။ "ဆိုတော့ ကျွန်တော်တို့ အခုချက်ချင်း လုပ်ရမှာက တရားခံ ရောက်ခဲ့တဲ့မြို့တိုင်းကို သွားပြီး လိုက်မေးကြည့်ရမှာမလား..."

"ဟုတ်တယ်... ပြီးတော့ လျို့ကျမိန်းကလေး ပြောတဲ့ထဲမှာ သူမကို ကျူးလွန်ဖို့ ကြံစည်ခဲ့တဲ့လူက အသက်နှစ်ဆယ်ကျော်၀န်းကျင်လောက် ရှိလိမ့်မယ်လို့ ပြောထားတယ်မလား... ဆိုတော့ကာ ကျွန်မတို့အနေနဲ့ အသက်နှစ်ဆယ်ကျော်၀န်းကျင်နဲ့ ပြစ်မှုမှတ်တမ်းရှိတဲ့လူတွေကို အဓိက ဦးစားပေး စဉ်းစားရမယ်... ဆိုလိုချင်တာက တရားခံက ဒေါသမထိန်းချုပ်နိုင်တဲ့လူမျိုးဆို တခြားလူတွေနဲ့ ရန်ဖြစ်တာမျိုးကတော့ သေချာပေါက် ရှိကိုရှိမှာပဲ... တရားခံက မိသားစုကြောင့် စိတ်ဒဏ်ရာရနေတဲ့လူလည်း ဖြစ်နိုင်တယ်လို့ ထင်မိတယ်... ဥပမာ သူရဲ့အမေက မုဆိုးမ ဖြစ်ပြီး တခြားအမျိုးသားနဲ့ မထင်မှတ်ပဲ လက်ထပ်လိုက်တယ် ဆိုပါစို့... ဒါဆို သူ့စိတ်ထဲမှာ သူ့အဖေအတွက် အားနာစိတ် သေချာပေါက် ၀င်သွားမှာပဲ... သိတယ်မလား... ဘယ်ကလေးကမှတော့ ပထွေးကို ဖခင်အရင်းလိုတော့ ဆက်ဆံနိုင်ကြမှာ မဟုတ်ဘူးလေ... အဲ့သဘောအတိုင်းပဲ ဘယ်‌ပထွေးကမှ မယားဘက်က ပါလာတဲ့ သားသမီးကို ကိုယ့်သားသမီးအရင်းလို ဆက်ဆံနိုင်ကြမှာ မဟုတ်ဘူး... တကယ်လို့ ပထွေးကမကောင်းပဲ တရားခံကို တစ်ချိန်လုံး နှိပ်စက်နေတာမျိုးဆိုရင်ရော... ဒီလို နှိပ်စက်ခံရပါများလာရင် ခံရတဲ့လူရဲ့စိတ်ထဲမှာ တဖြည်းဖြည်း အကြောက်တရားတွေ ကြီးစိုးလာမယ်... ဒီထက်ပိုဆိုးလာရင် စိတ်ရောဂါအထိပါ ဖြစ်လာမယ်... ပြီးတော့ နောက်ထပ် တစ်ချက်က သူရဲ့မိသားစုက ‌ချမ်းသာတဲ့အသိုင်းအဝိုင်းက ဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါကြောင့်မို့သာ ကြွယ်၀တဲ့ ‌အိမ်တွေကို ဖောက်၀င်နိုင်ခဲ့ပေမဲ့ ဘယ်ပစ္စည်းကိုမှ မခိုးခဲ့ဘူးလေ... ဆိုတော့ သူ့ရဲ့ တစ်ခုတည်းသော ဦးတည်ချက်က မိန်းကလေးတွေပဲ... ဒါကတော့ စိတ်ပညာရှင်တစ်ယောက်ရဲ့ ရှုထောင့်ကနေ ကောက်ချက်ချကြည့်တာပါ..."

"အင်း... အကျဉ်းချုပ် ပြောရရင် တရားခံက ချမ်းသာကြွယ်၀ပေမဲ့ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး စိတ်ရောဂါတစ်ခုခု ခံစားနေရလောက်တယ်လို့ ပြောချင်တာလား..." ပိုင်ယွိလင်မှ သူ၏ အထင်ကို သေချာအောင် ထပ်မေးလိုက်သည်။

"ဟုတ်ပါတယ်... ဒါပေမဲ့ ဒါက ဖြစ်နိုင်ချေအများကြီးတွေထဲက တစ်ခုပဲ ရှိပါသေးတယ်... နောက်ထပ်ဖြစ်နိုင်ချေက သူ့မှာ နဂိုတည်းက ရက်စက်တတ်တဲ့အကျင့်တစ်ခု ဗီဇပါလာတာမျိုးလည်း ဖြစ်နိုင်သေးတယ်... သူ့ရဲ့ အထီးကျန်မှု၊ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်၀င်တာတွေကို တခြားလူတွေ နာကျင်တာကို ကြည့်ပြီး ဖြေဖျောက်တတ်တဲ့ အလေ့အကျင့်ရှိတဲ့လူ‌ဆိုရင်လည်း ဒီလိုအမှုတွေကို ကျူးလွန်နိုင်တယ်..."
ပိုင်ယွိလင်သည် ရှောင်ဖေး၏စကားများကို မနည်းပင် ခန့်မှန်းနေရ၏။ "နောက်တစ်မျိုးကတော့ အဲ့ဒီလူ‌က မိန်းကလေးတွေကို သက်သက်ကြီး မုန်းနေတာမျိုးလည်း ဖြစ်နေနိုင်တယ်... ဥပမာ အဲ့ဒီလူ ငယ်ငယ်က မိန်းကလေးတစ်ယောက်ကို ကြိုက်တယ်... အဲ့ဒီမိန်းကလေးကလည်း သူ့ကို ကြင်ကြင်နာနာ ဆက်ဆံပေးတာမို့ သူ့ဘက်ကလည်း မိန်းကလေးပျော်ဖို့ အစွမ်းကုန် ကြိုးစားပေးခဲ့တယ်... သူနဲ့ အဲ့ဒီမိန်းကလေး ပေါင်းဖက်ရမယ်လို့လည်း သေချာပေါက် တွေးကို တွေးထားခဲ့မှာပဲ... ဒါပေမဲ့ နောက်ဆုံးမှာ အဲ့ဒီမိန်းကလေးရဲ့အချစ်ကို ရသွားတဲ့လူက သူမဟုတ်ပဲ တခြားတစ်ယောက် ဖြစ်နေတယ်... အဲ့မှာ စတင်ပြီး မိန်းကလေးတွေအပေါ် သူမြင်တဲ့အမြင်က ဆိုးဝါးလာမယ်... ဒါမှမဟုတ် အဲ့မိန်းကလေးက သူ့ကို မျှော်လင့်ချက်တွေပေးပြီး သီလရှင်၀တ်သွားခဲ့တာမျိုးတွေရော စသည်ဖြင့် ရှိနိုင်သေးတယ်... အခု ကျူးလွန်ခံရတဲ့ မိန်းကလေးတွေကလည်း ဆံပင်တွေ ရိတ်ခံထားရတာမို့ ဒီအချက်ကိုလည်း အရေးကြီးအနေနဲ့ ထည့်စဉ်းစားရမှာပဲ... ဒါကြောင့်သာ မိန်းကလေးတွေကို သီလရှင်လိုသဘောဖြစ်အောင် ခေါင်းမွေးတွေ အရင်ရိတ်ပြီးမှ သူ လုပ်ချင်တာတွေ လုပ်ခဲ့တာပေါ့..." (သီလရှင်တွေကို စော်ကားလိုခြင်း မရှိပါရှင်... ၀တ္ထုထဲကအတိုင်း ဆီလျော်အောင် ဘာသာပြန်ထားတာပါ)

"ဆိုတော့ အစ်မကြီး ပြောချင်တာက သူကြိုက်နေတဲ့ မိန်းကလေးက သီလရှင်လည်း ဖြစ်ချင် ဖြစ်နေနိုင်ဝာာပေါ့နော်..." ပိုင်ယွိလင် ပြောလိုက်၏။

"ဟုတ်တယ်... သူ့လက်ကနေ လွတ်အောင်လုပ်တဲ့နည်းလမ်းကလည်း သေရင်သေ မသေရင် သီလရှင်၀တ်ရုံပဲ ရှိနိုင်တာမလား... ယောက်ျားယူရင်လည်း ဒုက္ခမပေးနိုင်ဘူးလို့ အာမခံချက် မရှိဘူးလေ... ဆိုတော့ တရားခံကလည်း သူ့ရဲ့ချစ်ရသူကို မလုပ်နိုင်လို့ အဲ့ဒီမခံချင်စိတ်တွေကို တခြားမိန်းကလေးတွေရဲ့အပေါ်မှာ အငြိုးထားပြီး တုံ့ပြန်တယ်လို့လည်း ထင်မိတယ်... ပြောရမယ်ဆို ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်စရာတွေက အများကြီးပါ..."

ပိုင်ယွိလန်သည် ရှောင်ဖေး၏စကားများကို နားထောင်ရင်း အနှီမိန်းကလေး၏ ထက်မြက်မှုကြီးအား တဖြည်းဖြည်း အံ့ဩလာသကဲ့သို့ ထိုမိန်းကလေး၏ နောက်ကြောင်းကိုလည်း သိလိုစိတ်များ ပြင်းပြလာ၏။ ဤသို့ဖြင့် ဆက်လုပ်ရမည့် အစီအစဉ်အသီးသီး ချမှတ်ပြီးနောက် အိမ်ပြန်ရမည့်အချိန်၌ အစ်ကိုကြီးအား တိတ်တဆိတ် မျက်ရိပ်ပြ၍ အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ "အစ်ကိုကြီး ... အစ်မကြီးက ဘယ်နေရာကနေ လာခဲ့တာလဲ..."

"တောင်ပေါ်မှာ သူမကို တွေ့ခဲ့တာ..."

"အာ..." ပိုင်ယွိလင် အံ့ဩသွား၏။

"ဒါဆို အစ်မကြီးက အစ်ကိုကြီးနဲ့ ဘာလို့အတူတူ ရှိနေတာလဲ..."

"သူ ဒုက္ခရောက်နေလို့ အစ်ကိုကြီးက စောင့်ရှောက်ပေးထားတာပါ"

"အစ်ကိုကြီးက တကယ့်ကို ကြင်နာသနားတတ်တဲ့ လူပဲဗျ... ဒါပေမဲ့လေ အစ်မကြီးက တကယ် ထူးဆန်းနေတာကို... အစ်ကိုကြီးက မကြောက်ဘူးလား..."

"သူ့ရဲ့မျက်လုံးလေးတွေက ကြည်လင်နေဝာာပဲ... ပြီးတော့ သူ့မှာ တရားမျှတမှုကို ရှာဖွေချင်တဲ့စိတ် အပြည့်အ၀ရှိတယ်... အစ်ကိုကြီးအနေနဲ့ ကမ္ဘာပေါ်က နေရာ‌မျိုးစုံကို သွားခဲ့ပြီးပြီ... အဲ့ဒီကနေ အစ်ကိုကြီး သိလာရတာ တစ်ခုရှိတယ်..."

"ဘာလဲ‌ဗျ ..." ပိုင်ယွိလင်မှ သိလိုစိတ်ဖြင့် စကားထောက်လိုက်၏။

"ကမ္ဘာပေါ်က လူတွေအားလုံးက သူ့ဟာနဲ့သူ ထူးဆန်းနေကြတာကိုပေါ့... ဆိုတော့ ထူးဆန်းမှုက ကောင်းသော ထူးဆန်းခြင်းဆို ဘာကိုမှ အနှောင့်အယှက် အပျက်အစီး မရှိနိုင်လောက်ပါဘူး... ပြောချင်တာကတော့ ကိုယ့်စိတ်ကိုယ် အနှောင့်အယှက် အဖြစ်ခံပြီး ရှည်ရှည်ဝေးဝေး တွေးမနေနဲ့..."

"ဟုတ်ကဲ့ပါ အစ်ကိုကြီး... ကျွန်တော် နားလည်ပါပြီ..." ရန်ဖေးသည် ပိုင်ယွိလင်ကို အိမ်ရှေ့သို့ လိုက်ပို့ပေးပြီးနောက် အနောက်ခြံထဲသို့ ပြန်၀င်လာခဲ့၏။ သူမ အရမ်း အိုဗာဖြစ်သွားသည်လားဟု ‌‌တွေးမိ၍ လမ်းကို ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက် လုပ်နေသော ရှောင်ဖေးသည် ကိုလူချောကို တွေ့သောအခါ သူမ သိလိုသည့် မေးခွန်းကို မေးကြည့်လိုက်သည်။ "ဒီနေ့ ကျွန်မ စကားပြောတာတွေ အဆင်ပြေတယ်ဟုတ်... ပြီးတော့ ကျွန်မတို့သာ တရားခံဖမ်းမိရင် ရုံးတော်က ကြေညာထားတဲ့ ဆုကြေးငွေအတိုင်း ရမှာမလား..."

ရန်ဖေးဘက်မှ ဘာမှမပြောပဲ ခေါင်းညိတ်ပြလာ၏။

"ကောင်းတယ် ကောင်းတယ်... ကျွန်မက ပါးစပ်လေးနဲ့ပဲ အကြံပေးရတယ်ဆိုပေမဲ့ ကျွန်မရဲ့စိတ်ကူးတွေ မရှိရင် အဆင်ပြေချင်မှ ပြေမှာလေ... ဟုတ်တယ်မလား... အဲ့ဒါကြောင့် တရားခံ ဖမ်းမိပြီး ဆုကြေးငွေတွေ ရလာရင် တစ်ယောက်တစ်ဝက် ယူကြမယ်နော်... အဲ့ဒါမှ တရားမျှတမှာလေ... ဟုတ်တယ်မလား... နော် နော်..."


















အချစ်ကိုရှာဖွေခြင်းWhere stories live. Discover now