အပိုင်း (၁၀၇)
ဒုတိယ ခယ်မ၏ မျက်လုံးများမှာ လင်းရှို့ချင်းစကားကို ကြားသည်နှင့် တောက်ပလာတော့သည်။ သူ(မ)က အဝယ်ဒိုင်ဆီသို့ သွားကာ ဘာခရု အမျိုးအစားလဲဆိုတာနှင့် မည်မျှတန်ကြောင်း သွားမေးတော့မလို့ပင်။
"အထဲမှာ ပုလဲ ရှိ၊ မရှိ သိဖို့က အသားကို ထုတ်ကြည့်ဖို့ လိုသေးတယ်မလား။ အထဲမှာ ပုလဲ မရှိရင် ရှုံးသွားမှာပေါ့"
"အင်းလေ၊ အဲ့ဒါကြောင့်ပဲ တစ်ခါတည်းပဲ ရောင်းလိုက်မလား။ ဒါမှမဟုတ် ကိုယ့်ဘာသာပဲ ပုလဲ ရှိ၊ မရှိ ထုတ်ကြည့်မလားဆိုတာ ကိုယ့်ဘာသာ ဆုံးဖြတ်ပေါ့"
ဒုတိယ ခယ်မက တုံ့ဆိုင်းနေလေပြီး ရီရောင့်သုန်းကတော့ သူ(မ)ကို လျစ်လျူရှုကာ သူ(မ)၏ ခရု နှစ်ခုအား ပုံးထဲ ပြန်ထည့်ပေးလိုက်ပြီး လင်းရှို့ချင်း၏ ခရုကိုတော့ လင်းရို့ချင်းကို ပြန်ပေးလိုက်သည်။
"မင်း ပုံးထဲပဲ အရင်ဆုံး ထည့်ထား၊ စိတ်ပူမနေနဲ့၊ အိမ်ပြန်ရောက်တဲ့အခါကျမှ ဘာလုပ်မလဲ ဆုံးဖြတ်ပေါ့၊ အခုတော့ အရင်ဆုံး ထပ်ရှိဦးမလားဆိုတာ ဆက်ရှာကြည့်ရအောင်"
သူ၏ ဒုတိယ ခယ်မတောင် နှစ်ခု ကောက်ရနေပြီးဖြစ်ကာ အဓိပ္ပါယ်က ယနေ့ ကမ်းခြေတွင် လှိုင်းဖြင့်ပါလာပြီး ထပ်ရှိနိုင်သေးသည့်သဘော။
သူ တစ်ဖက်သို့ လှည့်လိုက်သည်နှင့် ရီရောင့်သုန်း အဝေးရှိ ဒီရေကျနေသည့်နေရာတွင် မီးခိုဖြူရောင်တစ်ခု စိုက်ဝင်နေသည်ကို လှမ်းတွေ့လိုက်ရသည်။ သူက ခပ်သွက်သွက် လျှောက်သွားပြီး သူမိန်းမကောက်ရထားသည့်ဟာနှင့် အနည်းငယ် ပိုသေးသည့် နောက်ထပ် တစ်ခုကို ကောက်ရလိုက်သည်။
"အားချင်း"
"အာ"
"နောက်တစ်ခု ရပြီ ဝေ့"
သူက လက်ထဲရှိ ထန်ကွမ်းလော့ ခရုကို မြှောက်ပြလိုက်ပြီး သူ(မ)ကို လက်ဟန်ခြဟန်ပြကာ လှမ်းပစ်ပေးလိုက်သည်။
လင်းရှို့ချင်းက လက်များကို ဖြန့်ကာ အမိဖမ်းလိုက်ပြီး ပျော်ရွှင်စွာဖြင့် ပုံးထဲထည့်လိုက်သည်။
ဒုတိယ ခယ်မမှာ သူတို့ နောက်တစ်ခု ထပ်ရှာတွေ့သွားသည်ကို မြင်လိုက်ရသဖြင့် နောက်ကောက်မကျစေရန်အတွက် နောက်ထပ်,ထပ်ရှာရန် ဒီရေထဲဆင်းသွားလိုက်သည်။
ဒီရေဖြင့် ပါလာသည့် အရေအတွက်ကပဲ နည်းသလားတော့ မပြောတတ်၊ မည်သူကမှ ထပ်ရှာမတွေ့တော့ချေ။ သူတို့က အရွယ်အစား အမျိုးမျိုးနှင့် ခရုများနှင့် ခုံးများကိုသာ တွေ့ရတော့သည်။
ဒီရေက အခြေထိ ကျလုနီးနီး ဖြစ်နေသည်ကို ရီရောင့်သုန်း တွေ့လိုက်ရပြီး၊ တချို့လူများကပင် ကျောက်ဆောင်များပေါ် ရောက်နေကြသဖြင့် သူလည်း ဒီရေနောက် လိုက်တော့မည့် လင်းရှို့ချင်းကို ဖမ်းဆွဲလိုက်သည်။
"ကျောက်ဆောင်ဘက်ကို သွားကြည့်ကြရအောင်လေ"
"အိုခေ"
ဒုတိယ ခယ်မက သူတို့ လင်မယား နှစ်ယောက် ကျောက်ဆောင်ဘက် လက်ချင်း တွဲကာ လျှောက်သွားသည်ကို မြင်သည်နှင့် အလျင်အမြန် အနောက်မှလိုက်ကာ၊ စိတ်ထဲမှလည်း တစ်ချိန်လုံး ပူးကပ်နေကြသည့် သူတို့ နှစ်ယောက်အား နှာခေါင်းရှုံ့မိတော့သည်။
တစ်ချိန်တည်းဆိုသလို ဘယ်နေရာတွင် ကောက်ရမှန်းလည်း မသိ၊ သူ(မ)နောက်ကိုလည်း လိုက်ရကောင်းမှန်း မသိသည့် ရီရောင့်ဟွာကိုပါ ဆူဆဲမိတော့သည်။
ကျောက်ဆောင် ဧရိယာဘက် လူတစ်ချို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်၏ ကဏန်းပြာ တွေ့ပြီဆိုသည့် စိတ်လှုပ်ရှားနေသောအသံကို ကြားလိုက်ရပြီး အားလုံးမှာ အားကျစွာ လှည့်ကြည့်လာကြသည်။
ရီရောင့်သုန်း အစက ပစ္စည်းကြီးကြီးမားမားများ ရှိလေမလားဟုတွေးကာ လမ်းလျှောက်ကြည့်နေခြင်းဖြစ်ပြီး မဟုတ်လျှင် ကျောက်တုံးများအကြား ဂရုတစိုက် လိုက်ရှာနေမည်ဖြစ်သည်။
သို့သော် သူ ရှေ့သို့ သွားရန် ဟန်ပြင်လိုက်စဉ် သူ့ဘေးနားရှိ ကျောက်ဆောင် နှစ်ခုကြားမှ ကဏန်းပြာ တစ်ကောင်ကို တွေ့လိုက်ရသည်။
သူ အရှေ့သို နှစ်လှမ်းလှမ်းပြီး လှမ်းကုန်းကောက်တော့မလို့ ဟန်ပြင်လိုက်စဉ် ဆယ့်ခြောက်နှစ်၊ ဆယ်ခုနစ်နှစ်အရွယ် ကောင်လေး တစ်ယောက်က သူ့ကို တွန်းထုတ်ပြီး ဖြတ်ခုတ်သွားလေသည်။
"ချီး"
ရီရောင့်သုန်းမှာ ဘေးသို့ ယိုင်ကျသွားပြီး စိတ်ဆိုးစွာ ဆဲရေးပြုလိုက်တော့သည်။
သို့သော် အနှီ ကောင်လေးက အတွေ့အကြုံ မရှိ၊ စိတ်မရှည်ပုံရလေပြီး၊ အလောတကြီး ကောက်ဖမ်းလိုက်စဉ် ကဏန်းပြာ၏ လက်မကြီးဖြင့် အညှပ်ခံလိုက်ရသည်။ ယခုလေးတင် ဝမ်းသာအားရ ဖြစ်နေသည့် မျက်နှာက ငယ်သံပါအောင် အော်ဟစ်လာပြီး လက်ချောင်းတွင် သွေးများ စိမ့်ထွက်လာ၏။
ရီရောင့်သုန်း တစ်ယောက် အားရပီတိ ဖြစ်ကာ စိတ်ထဲတွင် 'နည်းတောင်နည်းသေးတယ်' ရေရွတ်လိုက်သည်။ ထို့နောက် ကဏန်းပြာကို ကုန်းကောက်လိုက်ပြီး သူ့အိတ်ထဲ ပစ်ထည့်လိုက်သည်။
ကောင်လေးက မကျေမနပ်ဖြင့် :
"အဲ့ဒါ ကျွန်တော့်ဟာဗျ"
ကောင်လေး၏ ဘေးနားတွင် သူ့ဒဏ်ရာကို နှစ်ဆင့်တန် ငွေစာရွက်ဖြင့် အုပ်ပေးနေသည့် အစ်မဖြစ်သူလား ဘာလား မသိသည့် သူတစ်ယောက်က ရီရောင့်သုန်းကို စိုက်ကြည့်လာ၏။
"အဲ့ကဏန်းပြာက ကျွန်တော်တို့ ပိုင်တာ၊ ခင်ဗျားက အရှက်မရှိ ကောက်ပြီး ခင်ဗျား အိတ်ထဲ ထည့်လိုက်သေးတယ်"
ရီရောင့်သုန်းက လှောင်ရယ်ပြီး ;
"မင်းဟာတဲ့လား။ သူ့အခွံမှာ မင်းတို့ နာမည် ထိုးထားလို့လား။ ပြီးတော့ ဒါကို သေချာပေါက် ငါအရင် တွေ့လိုက်တာ၊ မင်းကသာ ငါ့ကို တွန်းလိုက်လို့ ငါ့မှာ ပြုတ်ကျလုနီးနီးပဲ၊ ငါ့သာ လဲကျသွားလို့ကတော့ မင်းအိမ်မှာ လာလှဲပြီး ထိုင်စားလိုက်အုံးမယ်"
"သေချာပေါက် ကျွန်တော် အရင် တွေ့တာ..."
"မင်း အရင်တွေ့တယ်ဆို ဘာလို့ ငါ့ကို တွန်းထုတ်လဲ။ အညှပ်ခံရတာတောင် နည်းသေးတယ်။ ကဏန်းကိုတောင် မမြင်ဖူးဘဲနဲ့များ"
သူက စကားပြောပြီးသည်နှင့် လှည့်ထွက်သွားရန် ဟန်ပြင်လိုက်စဉ် ထိုအမျိုးသမီးက သူ့ကို လှမ်းဆွဲထား၏။ တော်တော် အတင့်ရဲတာပဲ။
"ဘာလဲ။ ငါက လက်ထပ်ပြီးသားနော်။ ဘာပြောချင်လို့လဲ?"
အမျိုးသမီးလေးက ချက်ချင်း မျက်နှာများ နီမြန်းလာပြီး သူ့လက်ကို ဆွဲထားရမှတစ်ဆင့် သူ့ အဝတ်စထောင့်အား ပြောင်းဆွဲလိုက်ပြီး ;
"မသွားနဲ့ဦး။ ကဏန်းပြာကို ကျွန်မတို့ကို ပြန်ပေးပါ"
"သရဲပဲ မင်းတို့ဟာ၊ ငါ အရင်တွေ့တာလေ။ ငါတောင် ဘာမှပြောမနေတော့တာ ငါကဖြင့် အိတ်ထဲထည့်ပြီးနေပြီ။ အဲ့ဒါလည်း မင်းတို့ဟာ ဖြစ်သွားပြန်ရောလား။ မျက်နှာလေး ဘာလေးလည်း ရှိကြပါဦး"
နှစ်ယောက်သား၏ စကားများသံက ရှာဖွေနေကြသည့် ဘေးပတ်ဝန်းကျင်ရှိ လူများကို ဆွဲဆောင်နေပြီး လင်းရှို့ချင်းက ခပ်သွက်သွက် ပြေးလာကာ ;
"ဘာဖြစ်လို့လဲ"
"ဒီမှာလေ၊ မင်းရဲ့လူကို ဆွဲထားပြီး မလွှတ်ပေးလို့"
အမျိုးသမီးလေးက မျက်နှာ နီမြန်းပြီး ချက်ချင်း ရှင်းပြလာ၏။
"မဟုတ်ပါဘူး။ သူက ကျွန်မ မောင်လေး ရှာတွေ့ထားတဲ့ ကဏန်းပြာကို မောင်လေး လက်ညှပ်ခံရတုန်း လုယူသွားလို့"
သူတို့ကို လူတွေ အများကြီး ဝိုင်းကြည့်လာကြသည်ကို မြင်သည်နှင့် ကောင်ငယ်လေးက အနည်းငယ်ရှက်ရွံ့လာသဖြင့် သူ့အစ်မအား တီးတိုးစွာ ;
"ထားလိုက်တော့ အစ်မလတ်..."
"မင်း မြင်တာလည်း မဟုတ်ဘဲနဲ့ လျှောက်ပြောမနေနဲ့၊ ငါ့ ဒူးခေါင်းကို မြင်လား။ သူတွန်းလိုက်လို့ ငါ့ခြေထောက်ကို ရွံ့တွေ သဲတွေ ပေကုန်တာ မြင်လား။ ငါ အရင်တွေ့လို့ ကောက်မလို့ လုပ်နေတဲ့အချိန် သူက တွန်းထုတ်လိုက်တာလေ၊ အို့၊ ပြီးတော့ စိတ်မရှည်ဘဲ အတင်းကောက်ဖို့ လုပ်တော့ ညှပ်ခံတောင် ထိလိုက်သေးတယ်မလား၊ အသက်ကဖြင့် ငယ်ငယ်လေးရှိသေး၊ ကောင်းကောင်းမွန်မွန် မလေ့လာဘဲနဲ့ ငါ့ကိုများ တွန်းထုတ်ရဲသေးတယ်၊ ငါ ပြန်သွားရင် မင်းတို့ အိမ်က လူကြီးတွေကို မင်းတို့ကို ငါ့အစား ကောင်းကောင်းရိုက်ဖို့ ပြောလိုက်အုံးမယ်"
သူက ပြောပြီးသည်နှင့် လင်းရှို့ချင်းဘက်သို့ လှည့်ကာ ;
"ဒီနှစ်ယောက်က ဘယ်သူ့****ကလေးတွေလဲ"
လင်းရှို့ချင်းက အသံတိုးတိုးဖြင့် ;
"အဲ့ဒါ ဟုန်းရှန်လမ်းပေါ်က ပင်လယ်ထဲ ကျသွားပြီးသေသွားတဲ့ ဦးလေး လင်း အိမ်က ကလေး နှစ်ယောက်"
ရီရောင့်သုန်းမှာ အံ့အားသင့်သွားရတော့သည်။
သူတို့ မိသားစုကလား။
"ထားလိုက်တော့၊ မင်းတို့ကို ဂရုစိုက်မနေတော့ဘူး၊ မြန်မြန် ပြန်ယူသွား၊ ပြီးရင် iodophor နဲ့ အရင်ပိုးသတ်လိုက်၊ မင်း လက်သည်းက ကျိုးသွားလောက်တယ်။ ပြီးတော့ ငွေစာရွက်နဲ့ အုပ်မနေနဲ့။ အရမ်းညစ်ပတ်တယ်။ ဒဏ်ရာထဲ ဘတ်တီးရီးယားတွေ မဝင်သွားစေနဲ့"
အစ်မလတ်က တစ်ခုခု ပြောချင်နေသေးသော်လည်း သူ(မ) မောင်လေးက လှမ်းတားလိုက်ပြီး ;
"ထားလိုက်ပါတော့ အစ်မရယ်၊ သွားကြရအောင်"
သူ့ ဒုတိယ အစ်မ၏ တုံဆိုင်းနေပုံကို ကြည့်ပြီး သူက အသံတိုးတိုးဖြင့် ;
"တကယ်ပဲ၊ သူ့ကို ကျွန်တော် အရင် တွန်းလိုက်တာ"
သူတို့ နှစ်ယောက် တီးတိုးနေကြသည်ကို ကြည့်ပြီး ရီရောင့်သုန်း တစ်ခဏ တုံ့ဆိုင်းနေပြီးနောက်မှ အိတ်ထဲမှ တစ်ကျင်းခန့်သာ အလေးချိန်ရှိသည့်ထိုကဏန်းပြာကို ညှပ်ထုတ်ကာ သူတို့ ပုံးထဲ ပစ်ထည့်ပေးလိုက်သည်။
"မင်းတို့ကို ပြန်ပေးလိုက်ပြီ"
ပစ်ထည့်ပေးပြီးသည်နှင့် သူက လှည့်ထွက်လာခဲ့သည်။ မည်သို့ဆိုစေ တစ်ကောင်တစ်လေပင်ဖြစ်ပြီး၊ ဖတဆိုးလေးများနှင့် မုဆိုးမ တစ်ယောက်က ပို၍ပင် သနားစရာ ကောင်းလေ၏။ ထိုနေ့ကလည်း သူတို့ကို ရွှက်ပြန်လွှင့်လာပေးခဲ့သူက သူပင်။
မောင်နှမ နှစ်ယောက်မှာ ချက်ချင်းဆိုသလို အံ့ဩဝမ်းသာသွားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာပြောရမှန်းပင် မသိကြချေ။
ရီရောင့်သုန်း တစ်ယောက် ဤဖြစ်ရပ်ကြီး တစ်ခုလုံးကြောင့် စိတ်ပျက်သွားပြီး ပင်လယ်ထဲသွားဖို့ပင် စိတ်မပါတော့ကာ သူ့မိန်းမ နောက်ကိုသာ လိုက်နေလိုက်သည်။
"ဘာဖြစ်လို့လဲ"
"မပျော်တော့ဘူး"
"ဒါဆို..ကျွန်မတို့ အိမ်ပြန်ကြတော့မလား"
"ရပါတယ်။ မင်း သွားချင်နေသေးရင် သွားလေ၊ ဒီရေက ကျတုန်းဆိုတော့ ကောက်ဖို့ တစ်ခုခု ရှိချင် ရှိဦးမှာပေါ့"
သူ့စကားသံ ဆုံးသည်နှင့် သိပ်မဝေးလှသည့်နေရာမှ ရုတ်ရုတ်သဲသဲ အသံကို ကြားလိုက်ရသည်။
"သွားပြီး ကြည့်ရအောင်။ ဘယ်သူကတော့ ပစ္စည်းကောင်းလေး ရှာတွေ့သွားလဲ မသိဘူး"
နှစ်ယောက်သားက လျှောက်သွားလိုက်ပြီး တစ်စုံတစ်ယောက်၏ စစ်ရှင်ပန်းဆိုသည့် အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ရီရောင့်သုန်း မျက်မှောင်ကြုတ်လိုက်သည်။
တစ်ယောက်ယောက်က တကယ်ပဲ စစ်ရှင်ပန်းကို ကောက်ရတာလား။
သူ့မိန်းမကို ဆွဲကာ အမြန်လျှောက်သွားပြီး အစက်ပြောက် ငါးကြီးကို အားလုံးမြင်ရအောင်ပြနေသည့် မျက်နှာထက်တွင် အပြုံးများဖြင့် သူ့အစ်ကိုကြီးအား တွေ့လိုက်ရသည်။ ငါး၏ အမြီးက လှုပ်နေသေးပြီး သူ့လက်ထဲကပင် ခုန်ထွက်လုနီးနီးပင်။
စစ်ရှင်ပန်းကို ရှာတွေ့သွားတာ သူ့အစ်ကိုကြီးလား။
လူအုပ်ထဲမှ လူများက သူ့အား ကံကောင်းလေကြောင်း ချီးမွန်းနေကြပြီး သူက အနီးကပ် သေချာကြည့်လိုက်ပြီး အမှန်တကယ်ကို စစ်ရှင်ပန်းပင်။
အပြာရောင်၊ မီးခိုရောင်နှင့် အစိမ်းရောင်အကွက်ကွက်များဖြင့် မှတ်မိရ အလွန်လွယ်ကူ၏။
ရီရောင့်သုန်းလည်း မနေနိုင်အောင် အားကျမိပြီး အနည်းငယ်လေးလည်း နောင်တရနေမိသည်။ သူသာ ကဏန်းပြာကို စောစော ဖမ်းမိပြီး ထိုမောင်နှမ နှစ်ယောက်ကြောင့်နှင့် မကြန့်ကြာနေလျှင် သေချာပေါက် သည်ကို လာကြည့်မိမည်ပင်။
ကံကောင်းလို့ ကောက်ရသွားတဲ့သူက သူ့အစ်ကိုကြီးဖြစ်နေလို့ပေါ့။
"အစ်ကိုကြီးကတော့ အရမ်းကံကောင်းတာပဲဗျာ၊ ခုဏတုန်းကတောင် အစ်ကို ရောက်လာတာ မမြင်မိပါဘူး ဘယ်တုန်းက ဘယ်လို ဒီဘက်ကို ရောက်လာတာလဲ"
"ဟားဟား၊ အဲ့ဒါက ပြီးခဲ့တဲ့အခေါက်တွေတုန်းက မင်း မြီးဝါနဲ့ ကကတစ်ကို ဒီနေရာမှာ ဖမ်းမိခဲ့တာဆိုတော့ ငါလည်း ဒီရေကျတာနဲ့ ဒီနေရာကို တစ်ခါတည်း တန်းလာလိုက်တာ...."
"ဟားဟား...."
ရီရောင့်သုန်းကတော့ ကို့ရို့ကားယားသာ ရယ်လိုက်မိတော့သည်။ သူ့အစ်ကိုကတော့ တကယ့် ငတုံး။
သူ့ဘေးနားရှိ လူများ၏ တွေးခေါ်နေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး ရီရောင့်သုန်းမှာ စိတ်ထဲတွင် ကွန်ပလိန်း မတတ်ဘဲ မနေနိုင်တော့ချေ။ တွေးမိတယ်ဆိုလည်း ထုတ်မပြောနဲ့ပေါ့။
ယခုတွင် လူတွေကလည်း အများကြီး ရှိနေပြီး တိုင်ဖွန်ကလည်း ဝင်လာတော့မည်။ ဒီရေကျသွားသည့်အချိန်တွင်တော့ သည်နေရာမှာ သေချာပေါက် လူတွေ များလာတော့မှာပဲ။