စက်တင်ဘာလ ။
လမ်းမီးရောင်က လူရှင်းနေသော လမ်းတစ်လျှောက်ကို လင်းချင်းနေအောင် စွမ်းဆောင်ပေးနိုင်သည် ။ မိုးဖွဲဖွဲရွာတဲ့ သာမန်နေ့ပဲမို့ ထီးမယူလာမိတာကိုလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေမိတော့ပါ ။ အိမ်ရောက်ဖို့လည်း နည်းနည်းလိုသေးတာကြောင့် မလောတော့ဘဲ မိုးဖွဲဖွဲအောက်မှာ ဖြေးဖြေးမှန်မှန်ပဲ လျှောက်လာမိတော့သည် ။ လွယ်အိတ်ကိုတော့ အရှေ့မှာ ပိုက်ထားရသည် ။ Laptop ရေစိုလျှင် အဖေ့ပါးစပ်နှင့် တွေ့မှာကိုတော့ ကြောက်သည် ။
" ကျွီ "
တစ်ခုခုကို တိုက်မိသွားတဲ့ အသံရယ်လို့ မကြားရဘဲ ပေါ်ထွက်လာသော ဘရိတ်အုပ်သံ ခပ်ကျယ်ကျယ်ကြောင့် လမ်းမဘက်ကို လှမ်းကြည့်လိုက်သည် ။
" ဟာ ကြောင်လေး "
အဖြူရောင် ကြောင်လေး တစ်ကောင်ဟာ သွေးအလိမ်းလိမ်းဖြင့် ကားရှေ့ကို လွင့်စင်သွားသည် ။ ခြေလှမ်းများကို ဦးတည်ရာ ပြောင်းပစ်လိုက်ပြီး ကြောင်လေးဆီသို့ အလျင်အမြန် ပြေးသွားလိုက်မိသည် ။
" ဟေ့ ကလေးလေး "
ကားထဲမှ ထွက်လာသော မိန်းကလေးက ကြောင်ကို စကားပြောလိုက်သော ခွန်းကို တအံ့တဩဖြင့် ကြည့်နေသည် ။ ကြောင်လေးက အသက်ရှူနေသေးသော်လည်း သတိကောင်းကောင်းလည်ဟန်မရှိ ။
" ဒီကြောင်က ကားရှေ့ကို ဖြတ်ပြေးတာကွာ "
" အန်တီ စကားကို ပြီးစလွယ်မပြောပါနဲ့ ! "
ကြောင်ကို လက်ထဲ ပိုက်ထားရင်း အော်လိုက်မိတော့ ထိုမိန်းကလေးကလည်း လန့်သွားဟန် ။ ခွန်း၏ တီရှပ်အဖြူသည်လည်း သွေးများဖြင့် ပေကျံနေပြီ ဖြစ်သည် ။
" အေးပါကွာ ၊ တို့ တာဝန်ယူမှာပါ ။ ဒီနားမှာ ဆေးခန်း ... "
ဖျက်ခနဲ သတိရလိုက်သော မှတ်ဉာဏ်တစ်ခုကြောင့် ကြောင်လေးကို ပွေ့ကာဖြင့် ထိုနေရာမှ ပြေးထွက်လာခဲ့လိုက်သည် ။ မိုချိ မနက်က ပြောသော တိရစ္ဆာန်ဆေးခန်းက ခွန်းတို့ ရပ်ကွက်ထဲမှာပဲ ဖြစ်လောက်သည် ။ တည်နေရာကို လှမ်းမေးရန်လည်း အချိန်မရသောကြောင့် တဖြေးဖြေး သည်းထန်လာသော မိုးရေကြား လမ်းမီးရောင်ကို အမှီသဟဲပြုကာ ဆေးခန်းကို ရှာနေမိသည် ။
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Romanceအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။