နှိုင်း၏ ဘဝလဲပြိုနေချိန်တွင် ကဗျာသည် သူမ၏ အလင်းရောင်ဖြစ်ခဲ့သည်။ လမ်းစပျောက်နေသည့်သူအနား ရောက်လာသော မီးပြတိုက်ငယ်လေးပင် ဖြစ်နေသောကြောင့် နှိုင်းဘယ်နည်းဖြင့်မဆို ဆုပ်ကိုင်ထားဦးမည်ဖြစ်သည်။ပထမဆုံးအကြိမ်အဖြစ် ညင်သာသိမ်မွေ့စွာ ကဗျာ့အား သူမအချစ်များ ဖွင့်ဟခဲ့ပြီးပြီ။ သို့သော် အခြေနေသည် မကောင်းခဲ့။ ဆိုးယုတ်မှုများလည်း ဖြစ်မသွားခဲ့။ နှိုင်းအတွက် မဆုံးရှုံးသလို အောင်မြင်မှုရယ်လည်းမရခဲ့။
ကဗျာသည် နှိုင်းအား ငြင်းဆန်ခဲ့ပြီးနောက် ထိုကိစ္စရပ်အား မဖြစ်ခဲ့သလို သဘောထားလိုက်သည်။ ကဗျာ့အတွက် ဤကိစ္စသည် အထူးဂရုစိုက်ရမည့် ကိစ္စမဟုတ်ပေ။ ပန်းချီအား အသိပေးရန်လည်း မလိုအပ်ဟု သူမ တွေးထားသည်။ ထို့ကြောင့် ပန်းချီနှင့်အတူ ပုံမှန်သာနေဖြစ်၍ နှိုင်းအားလည်း ယခင်ကအတိုင်းပင် ဆက်ဆံနေမြဲ။
သို့သော် ကဗျာနှင့်ပန်းချီအား တွဲမြင်လိုက်ရချိန်တွင် သူမ စိတ်ထဲမှ မနာလိူမှုအရိပ်အယောင်များသည် သိသာစွာ ယှက်သန်းသွားသည်။ တခြားအမျိုးသမီးတစ်ယောက်နှင့် သက်ဆိုင်သော အမျိုးသမီးအား နက်နက်ရှိုင်းရှိုင်း ချစ်မိခဲ့သည့် သူမ၏ ပူလောင်ခြင်းသည် ငရဲမီးတမျှပင်။ မနာလို ဝန်တိုမှုများ ပြင်းထန်လာသောအခါ ထိုပူလောင်မှုများသည် မျက်ရည်များအဖြစ် ပြောင်းလဲလာရသည်။
ထိုသို့ပြောင်းလဲလာရခြင်းအပေါ် နှိုင်းမကျေမနပ်ရှိရသည်။ နှိုင်းသည် ငိုကြွေးခြင်းအား မနှစ်သက်။ အထူးသဖြင့် လူအများမြင်နိုင်သည့် ဧရိယာအတွင်းတွင် ငိုချင်လာရခြင်းပင်။ ဝမ်းနည်းမှု မျက်ရည်များ ပြည့်လျှံလာသောအခါ ထိုဝမ်းနည်းမှုအား ဖြေဖျောက်ရန် ဒေါသအဖြစ်ပြောင်းလိုက်ရသည်။
ဝမ်းနည်းမှုကြောင့် ရစ်သီလာသော မျက်ရည်များသည် ဒေါသ၏ မီးတောက်အဖြစ် ပြောင်းလဲခြင်း ခံလိုက်ရသည့်အခါ သူမမျက်ဝန်းတို့သည် ကြောက်စရာကောင်းအောင် စူးရှလာသည်။ နှိုင်းသည် သူမ၏ စိတ်ခံစားချက်အား ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည်။
YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)