ဒုံဟျွန်း ဒီနေရာကိုမကြိုက်ဘူး။
ဒီကလူတွေက ဒုံဟျွန်းကို " ဘာလို့လုပ်တာလဲ " ဆိုတဲ့မေးခွန်းကို ထပ်ကာထပ်ကာမေးနိုင်ကြလွန်းတယ်။
သူဖြေရတာလည်း မောလှပါပြီ။ ချစ်လို့ပါဆိုနေတာကို....။အရာအားလုံးက ချစ်လို့ဖြစ်ရတာကြီးပဲလေ။
မောင့်ကို သူက အရမ်းချစ်လို့။
ဒါကြောင့်မို့.. ဒါကြောင့်မို့လို့လေ။ အဲ့တာကြောင့်ပဲ..... ။•••
( ၁ )
" အမေရီကာနိုတစ်ခွက် "
သံပြိုင်ထွက်လာတဲ့ အမှာစကားရဲ့အဆုံး ဒုံမင်းဟာ သူ့ဘေးမတိမ်းမယိမ်း၌ ထွက်ပေါ်လာလေတဲ့ အသံ၏ လာရာကို မရည်ရွယ်ပဲ လှည့်ကြည့်လိုက်မိတယ်။ ပါးစပ်ဖျားကတစ်ဆင့် အာမေဋိတ်တစ်ခုထွက်ပေါ်လာစေတဲ့ တိုက်ဆိုင်မှုကတော့ သူ့ဘေး၌ ရပ်နေသောကောင်လေးက သူနှင့် မာဖလာဆင်တူ၊ ကုတ်အင်္ကျီဆင်တူ၊ ဖိနပ်ဆင်တူကို စီးထားလျက်ရှိတာပဲ။
ပြောရရင် ဒီလိုတိုက်ဆိုင်တာမျိုးက မဖြစ်နိုင်ဘူးလေ။ ဟုတ်တယ်မလား... ??။ ဒုံမင်းအတွက်တော့ တအားကို ဆန်းကျယ်လွန်းတယ်။
ကုတ်အင်္ကျီ တစ်ခုလောက်ပဲ ဆင်တူနေရင်တောင်မှ ဘယ်သူနဲ့မှ ဆင်တူမဖြစ်ချင်တဲ့ တစ်ဖက်စောင်းနင်း ကန့်လန့်သမားလေး ဒုံမင်းက မျက်စောင်းခဲပြီး ကျော်သွားမိမှာ။ ဒါပေမယ့် အခုက ထူးခြားတယ် သူနဲ့တစ်ကိုယ်လုံး တမင်တကာတိုက်ပြီး ဝတ်လာတယ် ထင်ရလောက်အောင်ကို ချွတ်စွတ်ဖြစ်နေလို့ တစ်မေ့တမောငေးကြည့်နေမိတာ။
အင်း.. ထူးဆန်းနေတာကလည်း ထူးဆန်းနေတာဆိုပေမယ့်လို့ အကြောင်သား ငေးကြည့်မိတဲ့ အကြောင်းရင်းတွေထဲ သူ့ရဲ့ လှပသေသပ်တဲ့ မျက်နှာကြောင့်ဆိုတဲ့အချက် မပါရင် ဒုံမင်းက လိမ်နေတာဖြစ်မှာ။ ရွှေအိုရောင် ဆံပင်တွေ ကပိုကရိုဝဲကျနေတဲ့ အဲ့ကောင်လေးရဲ့ မျက်နှာဟာ အချိန်တွေ အများကြီးပေးပြီး ထုဆစ်ထားတဲ့ ဖယောင်းရုပ်ကလေးလိုမျိုး လှတယ်။ လှလွန်းတယ်။
ကြည်လင်နေတဲ့ မျက်ဝန်းလေးတွေ ဝိုင်းဆက်သွားတဲ့ အနှီသက်ရှိဖယောင်းရုပ်လေးဟာလည်း သူ့နည်းတူ အံဩနေဟန်ပြုပါတယ်။