ဘရူနက်နှင့် ရောမမြို့။
( နိဒါန်း )ခပ်ဖွားဖွားကျလာနေတဲ့ မိုးရေစက်တွေက အညိုစေးရောင် ကတ္တရာလမ်းပေါ် တပေါက်ပေါက်။ ခရီးသွားတွေကတော့ ရောမရဲ့ မိုးစက်တွေလို့ အမည်တပ်ပြီး အလွတ်မပေးတမ်း ဓာတ်ပုံရိုက်ယူနေကြတယ်။
ဆေးပေါ့လိပ်ကို ခပ်ဆွေးဆွေးလေးမှုတ်ထုတ်လိုက်တော့ အနှေးပြေးလေး ကခုန်နေတဲ့ မိုးရေစက်တွေကြား လွှမ်းခြုံပြန့်လွင့်သွားတဲ့ ဝေဝေဝါးဝါး မီးခိုးငွေ့တွေ။
နေရာတိုင်းမှာ အနုပညာရှိတဲ့ ဗိသုကာမြို့တော် ရောမ။ ဘီစီ ၇၅၃ ခန့် သက်တမ်းရှိနေတဲ့ ဟောင်းနွမ်းအိုဆွေးနေတဲ့ မြို့တော်ကြီးမှာ အချစ်ဇာတ်လမ်းတွေ ဘယ်နှပုဒ်ရှိလောက်မလဲပဲ။
ချောကလက်နှစ်ထားတဲ့ မိုခါးကော်ဖီရဲ့ အညိုရောင်အရသာ ချိုဆိမ့်ဆိမ့်က သူ့ရင်ထဲကို ပူပြီးသက်ဆင်းသွားတယ်။
အညိုရောင်တွေမှာ ရာဇဝင်ရှိတယ်။ ဒုံမင်းက အညိုရောင်တွေကို ကြိုက်လှတယ်တော့မဟုတ်ပေမယ့် သူ့ရင်ထဲမှာတော့ အညိုရောင်တွေအတွက် နေရာလွတ်ကြီးတစ်ခုသက်သက်ရှိနေတာကို အရှေ့မျက်နှာချင်းဆိုင် ခုံပေါ်မှာ မစားပဲ ချထားတဲ့ ခရိုးဆန့် ပေါင်မုန့်ကြမ်းက သက်သေတည်နေတယ်။
စားပွဲဝိုင်း တစ်ဝိုင်း၊ ထိုင်ခုံ နှစ်ခုံ။ မိုခါး ကော်ဖီ နှစ်ခွက်။
ပေါင်မုန့်ကြမ်းလည်း နှစ်လုံးရှိခဲ့ပေမယ့် တစ်လုံးကတော့ ဒုံမင်းစားလို့ ကုန်သွားရှာပြီ။ သူ့မျက်နှာချင်းဆိုင်ဘက်ခြမ်းက ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်ကြမ်းကတော့ လက်ရာမယွင်းပေမယ့်ပေါ့။သူစောင့်တယ်။ စောင့်နေတုန်းဖြစ်ပြီး စောင့်နေဦးမှာပဲ။
သူတောင်မသိလိုက်ခင် ရောက်ချလာပြီး အရှေ့က မှာထားတဲ့ မုန့်ကို မြိန်ရေရှက်ရေလာစားပေးမယ့် အညိုရောင်ဆံနွယ်ရှည်တွေနှင့်ကောင်လေးကို သူနှင့်အတူတူ သူ့ဂစ်တာကပါမျှော်ခဲ့သေးတယ်။
မတော်ရင် ဒီဆိုင်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ လက်တင်လူမျိုး အဘိုးကြီးတောင် သူ့နှင့်အတူတူ ဝိုင်းမျှော်နေခဲ့သေးသလားပဲ။