အခန်း (၁၁)

128 20 2
                                    

နောက်တစ်နေ့မနက် လင်းကြက်တွန်ချိန်ရောက်တော့ ထုံးစံအတိုင်းရှင်ဘုရင့်စားဖိုဆောင်ထဲဝယ် ကြော်လှော်ချက်ပြုတ်သံများဖြင့်အလုပ်ရှုပ်လို့နေသည်။ ဝတီတစ်ယောက်မှာလည်း စားဖိုဆောင်အလုပ်များကိုကူလုပ်ပေးရင်း ညကသခင်မပြောတဲ့စကားများကိုသာကြားယောင်မိတော့သည်။ ဒေဝဘုရင်ရဲ့နောက်ထပ်ပစ်မှတ်တိုင်းပြည်က မိမိတိုင်းပြည်ပင်မဟုတ်ပါလား။ ထို့ကြောင့် ဝတီတစ်ယောက် ဒီသတင်းကို ဖခမည်းတော်ပြည့်ရှင်မင်းကြီးထံသို့ပေးပို့ရန်လိုအပ်ပါသည်။ သို့မှသာ ဒေဝဘုရင်ရဲ့ရန်ကနေကာကွယ်နိုင်မည်မဟုတ်ပါလား။ ထို့ကြောင့် ဝတီလည်း စားဖိုဆောင်ကနေအပြင်သို့ခဏထွက်ခွာမည့်နည်းလမ်းကိုစဥ်းစားနေ​လေသည်။

"ဟေ့ ဒီနေ့အပြင်ထွက်ပြီး စျေးဝယ်ဖို့အလှည့်ကျတာကဘယ်သူတွေလည်း"

စားဖိုဆောင်အကူတာဝန်ခံဖြစ်သော မယ်​ရွှေမိထိုသို့ဆိုလိုက်တော့ ဝတီရဲ့မျက်နှာကဝင်းလတ်သွားလေသည်။ ဟန်ကျလိုက်တာ။ ငါက အပြင်ကိုထွက်ချင်နေတာလေ။ အခန့်သင့်လိုက်လေခြင်း။ သို့သော် အပြင်ထွက်ရမည့်အလှည့်မှာမိမိမဟုတ်ပေ။ ထို့ကြောင့် ဝတီလည်းဖြတ်ထိုးဥာဏ်သုံးရလေသည်။

"မမရွှေမိ အကျွန်ုပ်လည်းလိုက်လို့ရမလား။ အကျွန်ုပ်ကအသစ်ဆိုတော့ နားမလည်သေးလို့လေ။ နောက်တစ်ခါအကျွန်ုပ်အလှည့်ရောက်လာရင် လုပ်တတ်ကိုင်တတ်အောင်လို့ပါ"

ဝတီ့ရဲ့စကားကို မယ်ရွှေမိက ခေါင်းငြိမ့်ကာထောက်ခံလိုက်​လေသည်။

"ကောင်းပီလေ အသစ်ကလေးရဲ့။ လိုက်သွားချင်လိုက်သွားပေါ့ ​စျေးဘယ်လိုဝယ်ရတာလည်းဆိုတာကို သိသွားတာပေါ့။ ဒါဆို မယ်ဘုတ်နဲ့အတူလိုက်သွားနော်"

မယ်ရွှေမိစကားအဆုံး၌ ဝတီရဲ့မျက်နှာ​လေးကပြုံးယောင်သန်းသွားလေ၏။ ဒါဆိုရင် ဖခမည်းတော်ထံ ဒေဝဘုရင်ရဲ့သတင်းကို တနည်းနည်းနဲ့သတင်းပေးလို့ရပြီပေါ့။

သို့ဖြင့် ဝတီ၊မယ်ဘုတ်နဲ့ မယ်စာဥတို့သုံးယောက်သား စျေးဝယ်ရန်အတွက်ရှင်ဘုရင့်နန်းတော်မှ မြင်းလှည်းဖြင့်ထွက်ခွာလာခဲ့ကြသည်။ စျေးကြီးထဲသို့ရောက်သောအခါ မယ်ဘုတ်နဲ့ မယ်စာဥတို့က ဦးဆောင်ပြီး အသီးအရွက်တန်း၊ အသားငါးတန်း၊ ဟင်းခတ်အမွှေးအကြိုင်တန်းစသည်စျေးဆိုင်တန်းများသို့သွားကြကာ လိုအပ်တာများဝယ်ယူကြလေသည်။

ဒေဝီသခင်မWhere stories live. Discover now