"ဒေဝဘုရင်က အလင်္ကါရူပတိုင်းပြည်ကိုသိမ်းပိုက်ပြီးရင် အကျွန်ုပ်ကိုမိဖုရားခေါင်အဖြစ်တော်ကောက်တော့မယ် မဏိရူပဝတီ"
ကြားလိုက်ရသောစကားသံကြောင့် ဝတီရဲ့ရင်ထဲဆစ်ခနဲနာကျင်သွားလေသည်။ပြီး ဒေါသလည်းထွက်သွားရ၏။ ဘာရယ်...။ အလင်္ကါရူပတိုင်းပြည်ကိုသိမ်းပိုက်ပြီးရင် ဒေဝဘုရင်က သခင်မကို မိဖုရားခေါင်အဖြစ်မြှောက်တော့မယ်ဟုတ်လား။ ဟင်အင်း....မဖြစ်စေရဘူး။ ဒီဘုရင်ယုတ် ငါ့တိုင်းပြည်ရော ငါချစ်မြတ်နိုးရတဲ့သူကိုပါ မရစေရဘူး။ ဝတီလည်း မိမိ၏တိုင်းပြည်အတွက်သာမက ချစ်ရသူအတွက်ပါစိတ်ပူသွားလေသည်။ ထို့ကြောင့် အံကိုတင်းတင်းကြိတ်ကာသခင်မကိုစကားဆိုလိုက်လေ၏။
"ဒီလိုမျိုးမဖြစ်စေရပါဘူး သခင်မ။ အကျွန်ုပ်သခင်မကို ကာကွယ်ပေးပါမယ်"
ထိုစကားသံကြောင့် ဒေဝီတစ်ယောက် ဝတီ့ရဲ့မျက်နှာလေးကို အားကိုးတကြီးနဲ့ကြည့်လိုက်လေသည်။ သခင်မရဲ့အကြည့်များကို ဝတီနားလည်ပါ၏။ ထို့ကြောင့် မိမိသည်လည်း သခင်မရဲ့မျက်နှာတော်လေးကို ရွှန်းရွှန်းစားစားပင်ပြန်ကြည့်ပေးလိုက်၏။ ပြီး သခင်မရဲ့နှုတ်ခမ်းပါးလေးမှ ချိုသာသိမ်မွေ့သောစကားသံလေးများထွက်ကျလာတော့သည်။
"အသင်က အကျွန်ုပ်ကိုဘယ်လိုကာကွယ်ပေးမှာလည်း မဏိရူပဝတီ"
ထိုအခါ ဝတီလည်း ဒေဝီသခင်မရဲ့မျက်နှာတော်လေးကို ကြင်နာစွာပြုံးပြီးကြည့်လိုက်ကာစကားဆိုလိုက်လေသည်။
"အကျွန်ုပ်နဲ့အတူ အလင်္ကါရူပတိုင်းပြည်ကိုလိုက်ခဲ့ပေးပါ သခင်မ"
ဝတီ့ရဲ့စကားအဆုံး၌ သခင်မရဲ့နန်းဆန်ကာသိမ်မွေ့လှပသော မျက်နှာတော်လေးမှာ အနည်းငယ်စဥ်းစားဟန်ပင်ပြု၏။ ယခုလောလောဆယ် ရွှေနန်းတော်တွင် ဒေဝဘုရင်မရှိပါ။ ဒီပရတနာတိုင်းပြည်တွင်ပုန်ကန်ထကြွနေသော နယ်စားကိုနှိမ်နင်းရန်စစ်ချီပြုနေလေသည်။ ဒါသည်မိမိအတွက်အခွင့်အရေးပေဘဲလား။ ဒေဝဘုရင်ပြန်လာလျှင် အလင်္ကါရူပတိုင်းပြည်ကိုအနှေးနဲ့အမြန်စစ်ချီမှုကိုပြုနိုင်၏။ ထိုအခါ ထုံးစံအတိုင်း မိမိ၏အမြင်အာရုံအစွမ်းသေချာပေါက်လိုသည်။ မိမိသည် ဤမိန်းကလေးနှင့်အတူ အလင်္ကါရူပတိုင်းပြည်ကိုလိုက်ပါသွားပါက ဒေဝဘုရင်သည် မိမိကိုမိုးမြေအဆုံးထိလိုက်ရှာမည်မှာ ဧကန်ပင်ဖြစ်သည်။ ထိုခဏ ဒေဝဘုရင်သည် မိမိ မရှိတော့သည့်အတွက်ကြောင့် အလင်္ကါရူပတိုင်းပြည်ကိုစစ်ချီသမှုမပြုနိုင်သေးပါ။ မိမိကိုသာလျှင် မတွေ့တွေ့အောင်ရှာမည်ဖြစ်သည်။ မိမိသည်လည်း ဤရွှေလှောင်အိမ်ထဲကနေ ထွက်ပြေးချင်နေပြီမဟုတ်ပါလား။ ထွက်ပြေးချင်ရုံသာမက ဒေဝဘုရင်ရဲ့မိဖုရားခေါင်အဖြစ်နဲ့လည်းမနေလိုပါ။ အကယ်၍ ထွက်ပြေးမည်ဆိုလျှင် မိမိကိုငယ်စဥ်ကတည်းက အလုပ်အကျွေးပြုခဲ့ကြသော အထိန်းတော်သုံးယောက်ကိုလည်းချန်ထား၍မဖြစ်ပါ။ မိမိနှင့်တစ်ပါးတည်းအတူခေါ်သွားရမည်ဖြစ်သည်။ နို့မို့ ဒေဝဘုရင်ရဲ့လက်ချက်ဖြင့် အထိန်းတော်များ အသက်ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် ဒေဝီလည်းဆုံးဖြတ်ချက်တစ်ခုကိုချလိုက်လေ၏။ ပြီး ဝတီ့ကိုစကားဆိုလိုက်လေသည်။
YOU ARE READING
ဒေဝီသခင်မ
Narrativa Storicaလူတစ်ယောက်ရဲ့ အတိတ်နဲ့လာမယ့်တစ်နှစ်တာအတွင်းဖြစ်ပေါ်လာမယ့် အနာဂတ် သို့မဟုတ် ယခုလက်ရှိပစ္စုပ္ပန်ကာလကိုကြိုတင်သိမြင်နိုင်စွမ်းရှိသော၊ စစ်ပွဲများ၏ အနိုင်အရှုံးကိုကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိသော နတ်ဆရာမလေး နန်းဒေဝီနွယ်။ ရဲစွမ်းသတ္တိသာမက လက်ရုံးရည်၊နှ...