အပိုင်း(၈၂)
အဲ့ဒီလိုကိုး... အမေဖြစ်သူ၏ ကိုယ်ဝန်ပျက်ကျမှုနှင့် ကလေးလွယ်နိုင်စွမ်း ဆုံးရှုံးသွားမှုက ယဲအန့်နင်ကို သူ(မ)၏ တသီးတသန့်နေတတ်သည့် တိတ်ဆိတ်သော ညီမငယ်လေးကို ပိုလို့ပင် မုန်းတီးသွားစေ၏။ ရွယ်ကျင်းဟုန်၏ ရှုထောင့်အရတွင်လည်း သူသည် ထိုအချိန်တုန်းက စိတ်ထောင်းကိုယ်ကြေဖြစ်နေခဲ့လောက်မည်ပင်။
သူ့ဇနီးမှာ သူ၏တစ်ဦးတည်းသော သမီးငယ်နှင့် ဆက်နွှယ်၍ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများကို ခံစားခဲ့ရသည်။
သူ့အနေနှင့် စီးပွားရေးလမ်းကြောင်းကို အာရုံထားဖို့လိုရုံသာမက ဇနီးဖြစ်သူကိုပါ ဂရုစိုက်ရသည့်အပြင် သမီးဖြစ်သူ၏ စိတ်ကျန်းမာရေးအခြေအနေကိုပါ အလေးထားခဲ့ရသည်။
ရွယ်ယွိ လေအေးများကို ရှူရှိုက်လိုက်သည်။ အိမ်တွင် ရွယ်ယန်၏ယခင်ဘဝက မည်မျှခက်ခဲခဲ့ကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်၏။
သူ၏တစ်ဦးတည်းသော သွေးသားအရင်းအချာက သူ အကြောက်နေခဲ့ရဆုံးအချိန်တွင် ဇနီးဖြစ်သူကို ပို၍ဦးစားပေးနေခဲ့သည်...
“ယဲအန့်နင် ပြန်လာတဲ့အခါကျရင် သူ့ကို မေးလိုက်ရအောင်”
မည်သို့ပင်ဆိုနေပါစေ၊ ဤဘဝတွင်တော့ သူတို့ ရွယ်ယန်အား အကြွင်းမဲ့ ယုံကြည်၏။
ချီလင်းဟန်၏မျက်လုံးများသည် မည်းမှောင်သွား၏။ ဒါကြောင့်မလို့ သူ နောက်ပိုင်း အိမ်မှာ မနေတော့တာလား? နောက်ဆုံး သူ နေမကောင်းဖြစ်လာတဲ့အချိန်ကျမှ သူ့ကိုရှာပြီး အကူအညီတောင်းဖို့ သုတေသနဌာနက လူတွေကို လိုအပ်ခဲ့တာပေါ့...
လေထုမှာ တစ်ခဏ အေးစက်သွားခဲ့ပြီး ကြမ်းပြင်ပေါ် လဲလျောင်းနေသည့် ထီကျစ်သည် ညင်သာစွာ အော်လိုက်ပြီး ရွယ်ယန်၏အင်္ကျီကို ပါးစပ်ဖြင့် ကိုက်ဆွဲကာ သူ(မ)အား စာကြည့်ခန်းထဲမှ ဆွဲထုတ်လာ၏။
ကြောင်အမ်းနေသည့် ကလေးမလေးသည် ရှန်နျန်၏ရင်ခွင်ထဲ ကပ်နေဆဲဖြစ်ပြီး ရုတ်တရက် အဆွဲခေါ်ခံလိုက်ရသည့်အခါ အနည်းငယ် ခေါင်းရှုပ်သွား၏။
“ထီကျစ် နင် ဘာလုပ်မလို့လဲ၊ နင် ဒီလိုလုပ်နေရင် ငါ စိတ်ဆိုးတော့မှာနော်!”
ကလေးမလေးသည် နည်းနည်းလေးမှ ကြောက်ဖို့မကောင်းသည့် အမူအရာဖြင့် ခြိမ်းခြောက်လိုက်သည်။
ထီကျစ်က တစ်ဖက်သို့ လှည့်ပြီး ကလေးမလေးကို ပွတ်သီးပွတ်သပ်လုပ်လိုက်သည့်အခါ ကလေးမလေးသည် ချက်ချင်း ခွင့်လွှတ်ပေးတော့သည်။
“အို့၊ ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ထီကျစ်က မရည်ရွယ်ပါဘူး ဟုတ်တယ်မလား၊ အားယန် ထီကျစ်နဲ့ တူတူဆော့ပေးမယ်!”
ကလေးမလေး၏ တီတီတာတာအသံလေးက ရွယ်ယွိနှင့် အခြားသူများအား အတွေးနွံထဲမှ ထွက်လာစေ၏။ ရွယ်ယွိ နားထင်ကို ပွတ်လိုက်သည်။
“အခု ငါတို့လုပ်နိုင်တာ ဘာမှ မရှိသေးဘူး၊ သေချာ ပိုပြီး ဂရုစိုက်ဖို့ပဲ လိုတယ်”
ရှန်နျန်၏ မှင်သေနေသည့် အကြည့်တို့မှာလည်း တဖြည်းဖြည်း ကြည်လင်လာ၏။
“စိတ်မပူပါနဲ့၊ ဒီတစ်ခါ ငါတို့ အန်တီယဲကို မျက်စိဒေါက်ထောက် ကြည့်နေမှာ၊ သူ့ကို ဘာမှ မဖြစ်စေရဘူး!”
ရွယ်ယန် ယဲဝမ်ကို တွန်းခဲ့တာမဟုတ်သလို၊ လုယွင့်လင်လည်း ဤနေရာတွင် ထပ်၍ ပေါ်လာတော့မည်မဟုတ်သည်ကို သူတို့ ကျိန်းသေကြသော်လည်း အခြားမတော်တဆများကို မဖြစ်လာနိုင်ဘူးလို့တော့ တပ်အပ်မပြောနိုင်ချေ။
သူတို့အားလုံး မတ်တတ်ထရပ်ပြီး ထီကျစ်နှင့် ရွယ်ယန်၏နောက်သို့ လိုက်ကာ အောက်ထပ်သို့ ဆင်းလာကြသော်လည်း သူတို့ အောက်ထပ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ကားသံကို ကြားလိုက်ရသည်။
အသံကို ကြားသည်နှင့် ရွယ်ယန်သည် သူ(မ)ကို ထီကျစ်ဆွဲနေစရာပင် မလိုတော့ဘဲ သူ(မ)ကိုယ်တိုင် အပြင်ကို ချက်ချင်း ပြေးထွက်သွား၏။
ရွယ်ယွိနှင့် အခြားသူများမှာ ကြောင်အမ်းနေမိရင်းမှ သူ(မ)အနောက်သို့ ခြေလှမ်းကျဲကြီးများဖြင့် အလျင်အမြန် လိုက်သွားကြသည်။
အပြင်ဘက်တွင် လျို့ဟွားက ကားထဲမှထွက်လာပြီး မလှမ်းမကမ်းတွင် ယဲအန့်နင်နှင့် ယဲဝမ်တို့က တစ်ခြားကားတစ်စီးမှ ထွက်လာ၏။
ရွယ်ယန်သည် အပြင်သို့ ရောက်လျှင်ရောက်ချင်း အမေဖြစ်သူထံ ပြေးဝင်လေသည်။
“မေမေ့!”
လျို့ဟွားခမျာ ကလေးမလေး၏ ပွေ့ဖက်ခြင်းကို ခံထားရပြီး သူ(မ)ခေါင်းလေးအား ယုယစွာ ပွတ်သပ်ပေးလိုက်သည်။
ရွယ်ယန်သည် နာခံစွာဖြင့်ပင် သူ(မ)အမေကို လွှတ်ပေးလိုက်သော်လည်း လျို့ဟွား၏ အင်္ကျီစကိုတော့ သူ(မ)၏လက်သေးသေးလေးဖြင့် ဆွဲထားဆဲပင်။ သူ(မ)က ခေါင်းမော့ကြည့်ကာ မေးလာ၏။
“မေမေ ဘာလို့ ကျယ်ကျဲက ကားထဲရောက်နေတာလဲ”
လျို့ဟွားသည် ပြုံးကာ ပြန်ဖြေပေးလာ၏။
“ဘာလို့လဲဆိုတော့ သမီးရဲ့အန်တီယဲမှာ ကလေးလေးရှိနေလို့လေ၊ အင်း အားယန် မောင်လေးတစ်ယောက် ရလာတော့မှာ”
ရွယ်ယန်၏မျက်လုံးများ ဝင်းလက်သွား၏။
“ဒါဆို အားယန်က ကျယ်ကျဲဖြစ်ပြီပေါ့နော်”
လျို့ဟွား ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့!”
ကလေးမလေးသည် ကြွေးကြော်အော်ဟစ်လိုက်သည်။
“အိုး! အားယန် ကျယ်ကျဲဖြစ်တော့မယ် ရေး!”
သူ(မ)က ယဲအန့်နင်နှင့် ယဲဝမ်တို့ဆီ အပြေးရောက်သွားပြန်၏။
ယခုလေးတင်မှ ထွက်လာသော ရွယ်ယွိနှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန် နှလုံးသားမှာ တင်းကျပ်သွားရပြီး သတိလက်လွတ်ဖြင့် အသက်အောင့်ထားမိကြသည်မှာ စီရင်ချက်ကို စောင့်ဆိုင်းနေသည့်အလားပင်။
ကားထဲမှ ထွက်လာကာစဖြစ်သည့် ယဲအန့်နင်သည် နှုတ်ခမ်းထက်တွင် အပြုံးများ ရှိနေဆဲဖြစ်ပြီး အမေဖြစ်သူအား ကားထဲမှ ထွက်ရန် တွဲကူပေးနေစဉ် သူ(မ)အနောက်မှနေ ကလေးမလေး၏ အသံကို ကြားလိုက်ရသည်။
ယဲအန့်နင်မှာ အေးခဲသွားရရင်း အမူအရာတို့မှာ ရုတ်ခြည်း တောင့်တင်းသွားရသည်။
သူ(မ)အနောက်တွင်တော့ ကလေးမလေးက ခုန်ဆွခုန်ဆွ လုပ်နေပြီး၊ အဝေးတွင်သာ ရပ်ကာ သူ(မ)ကို လှမ်းကြည့်နေ၏။
“ကျယ်ကျဲ မေမေပြောတာ အန်တီယဲမှာ ကလေးလေးရှိနေတယ်ဆို၊ ဒါဆို အားယန်လည်း ကျယ်ကျဲဖြစ်လို့ရပြီပေါ့နော်!”
ယဲဝမ်က ကားထဲကနေ ပြုံးလိုက်သည်။
“ဒါပေါ့၊ အားယန်ကရော ပျော်ရဲ့လား?”
ယဲအန့်နင်သည် လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်ပြီး နောက်တွင် ဖြည်းညင်းစွာ လက်ချောင်းအားကို ပြန်ဖြေလျှော့လိုက်သည်။ သူ(မ)မှာ အပြစ်ရှိစိတ်တို့နှင့်အတူ နာကျင်မှုတို့အား ဖိနှိပ်ရင်း အပြုံးဖြင့် တစ်ဖက်သို့လှည့်ကာ ရွယ်ယန်ဆီ လက်များကို ဖွင့်ကားပေးလိုက်သည်။
“အားယန် လာပြီးကြည့်,ကြည့်ချင်လား”
သူ(မ)၏သဘောထားက ရွယ်ယွိနှင့် အခြားသူများကို သက်မချစေနိုင်သွား၏၊ သူတို့ ဒါကို မျှော်လင့်ထားခဲ့ပြီးသားဆိုပေမယ့်။
ယဲဝမ်သည် တံခါးကို ဖွင့်ကာ ရွယ်ကျင်းဟုန်၏ အကူအညီဖြင့် ထွက်လိုက်သည်။
ရွယ်ယန်သည် မျက်တောင်လေး ပေကလက်ပေကလက်ဖြင့် ယဲအန့်နင်ဆီ ဂရုတစိုက် လျှောက်သွားလိုက်သည်။
ရွယ်ကျင်းဟုန်က သူ့သမီးငယ်လေးကို ကြည့်ကာ ပြုံးလာ၏။
“အသေးလေး ဘာလို့ ဒီနေ့အစောကြီးနိုးနေတာလဲ”
ကလေးမလေးက နှုတ်ခမ်းကို စူထော်လာ၏။
“အားယန်က ကျယ်ကျဲနဲ့ အိပ်တာလေ ဒါပေမယ့် မနက်မိုးလင်းတော့ ကျယ်ကျဲက မရှိတော့ဘူး!”
ယဲအန့်နင်သည် ကလေးမလေးကို ကောက်ချီလိုက်သည်။
“ကျဲ တောင်းပန်တယ်နော်၊ နောက်တစ်ခါဆို ကျယ်ကျဲ ဒီလို ခိုးမထွက်သွားတော့ဘူး ဟုတ်ပြီလား”
ရွယ်ယန်သည် လေးလံစွာ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့!”
လျို့ဟွားက လျှောက်လာပြီး ယဲဝမ်ကို ပြောလိုက်၏။
“ရှင် အခုအချိန်မှာ ကောင်းကောင်းအနားယူဖို့လိုတယ်၊ အန့်နင်ကို ကျွန်မတို့ဆီမှာပဲ ထားထားလိုက်ပါလား၊ ရှင်က ရှင့်ကိုယ်ရှင်ပဲ ကောင်းကောင်းဂရုစိုက်နေပေါ့၊ ပြီးတော့ ကျွန်မတို့နေကြတာကလည်း နီးနီးလေးပဲဆိုတော့ အန့်နင်ကို ကျွန်မတို့ ရှင့်အစား စောင့်ရှောက်ပေးလို့ရပါတယ်”
ယဲဝမ်က ယဲအန့်နင်ကို ချီတုံချတုံဖြင့် ကြည့်လိုက်သော်လည်း ယဲအန့်နင်က တစ်ခဏ စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
“အမေ၊ ဒါက အရင်ကနဲ့ ဘာမှမကွာပါဘူး၊ သမီး အားယန်နဲ့ ညကျမှ အတူတူသွားအိပ်မှာပဲဟာ”
ယဲဝမ်မှာ မနေနိုင်အောင် ရယ်မိပြီး သူ(မ)သမီး၏နဖူးကို တောက်လိုက်သည်။
“အမေ့စိတ်ထင် သမီးက ညီမလေးနဲ့ ကစားဖို့ ဒီအခွင့်အရေးကိုပဲ ချောင်းနေတယ်ထင်တာ!”
ယဲအန့်နင်သည် နှာခေါင်းကို ပွတ်ပြီး အနည်းငယ် ရှက်အမ်းအမ်းဖြင့် ပြုံးလိုက်သည်။
ဒါကပဲ အားယန်နဲ့ အချိန်တွေအများကြီးဖြုန်းဖို့ သူ(မ)အလိုချင်ဆုံးသောအရာပင်။
ပြီးတော့ သူ(မ) အိမ်မှာ နေရင်လည်း သူ(မ)အမေက သူ(မ)ကို စောင့်ရှောက်ဖို့ ဂရုစိုက်နေရအုံးမှာ၊ သူ(မ) အဲ့လောက်ထိ ဂရုစိုက်မှုတွေ မလိုအပ်ဘူးဆိုရင်တောင်မှပဲ...
ရွယ်ကျင်းဟုန်သည် လက်ကိုမြှောက်ကာ အလေးပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ် လျို့ကျဲ!”
လျို့ဟွားက သဘောထားကြီးစွာ လက်ခါပြလိုက်သည်။
“စိတ်ထဲထားမနေပါနဲ့!”
ရွယ်ယန်သည် ဟိုဘက်ကြည့်လိုက်၊ သည်ဘက်ကြည့်လိုက်နှင့် နောက်ဆုံးတွင် အော်ဟစ်ကြွေးကြော်လာ၏။
“အို့! ကျယ်ကျဲက အားယန်နဲ့ တူတူနေတော့မှာတဲ့!”
ကလေးမလေး၏ နူးညံ့ပြီး ချစ်စဖွယ်ကောင်းသည့် အသံဆာဆာလေးက လူတိုင်း၏ ပျော်ရွှင်ဖွယ်စိတ်အခြေအနေတို့အား ပိုလို့ပင် လန်းဆန်းသွားစေ၏။
ယဲအန့်နင်မှ လွဲ၍ပင်!
သူ(မ)အမေ ကိုယ်ဝန်ရှိနေပြီဆိုသည့်အကြောင်းကို သိပြီးကတည်းက ယဲအန့်နင် ယခင်ဘဝက အဖြစ်အပျက်များကို ပြန်စဉ်းစားကြည့်မိသည်။ ရှန်နျန် ရှာတွေ့ထားသည့်ကိစ္စများကို သူ(မ)လည်း တွေးမိသည်ပင်။
သို့သော် သူ(မ) ပို၍တွေးမိလေ၊ ကိုယ်ကိုယ့်ကိုယ် ပို၍ ရွံရှာစက်ဆုပ်မိလာလေပင်။
ယခင်ဘဝတွင် ရွယ်ယန် ရွယ်ကျင်းဟုန်အိမ်ဆီ စရောက်လာကတည်းက ယဲဝမ်နှင့် ရွယ်ကျင်းဟုန်နှစ်ယောက်စလုံးသည် သူ(မ)အပေါ် ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာကို အပြည့်အဝပေးခဲ့သည်။ အစပိုင်းတွင် ယဲအန့်နင်မှာ ရွယ်ယန်အပေါ် အထင်လွဲမှုအချို့ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူ(မ)အား ညီမလေးတစ်ယောက်ကဲ့သို့ ကြည်ကြည်ဖြူဖြူဆက်ဆံပေးရန် စိတ်ကူးရှိခဲ့ပြီးသားပင်။
သို့သော် ကလေးမလေးသည် စိတ်ဒဏ်ရာရသွားခဲ့၍ တဖြည်းဖြည်းနှင့် ပိုပို၍ တိတ်ဆိတ်သွားပြီး အထီးကျန်ဝေဒနာ ရှိလာခဲ့သည်။
ယဲဝမ် ကိုယ်ဝန်ပျက်ကျပြီး အရေးပေါ်အခန်းထဲဝင်နေရချိန်မှာတော့ မည်သူကမျှ သူ(မ)၏ ထစ်ထစ်ငေါ့ငေါ့ရှင်းပြချက်များကို နားထောင်ချင်စိတ် မရှိခဲ့ပေ။ သူတို့အားလုံး ယဲဝမ်ကို ဆေးရုံအမြန်ဆုံးပို့ဖို့ကိုသာ စိတ်လောနေခဲ့ကြသည်။
ထိုမတော်တဆက နောက်ပိုင်းတွင် ရွယ်ယန်နှင့် သူတို့အကြား အကာအရံတံတိုင်းကြီး ဖြစ်လာခဲ့သည်။
ယဲဝမ်မှာ ထိုအချိန်က သူ(မ)ကို မည်သူတွန်းချခဲ့မှန်း မသိသည့်တိုင် ရွယ်ယန်အပေါ် အပြည့်အဝ ကာကွယ်ပေးခဲ့သေးသည်။
သို့သော် ဒါက မလုံလောက်ခဲ့... ဤမျှသေးငယ်တဲ့ ကလေးတစ်ယောက်က ကားမတော်တဆဖြစ်ပြီးနောက်တွင် ဆေးရုံကနေ တိတ်တဆိတ် ထွက်ကာ အိမ်သို့ တစ်ယောက်တည်း ပြန်သွားခဲ့သည်။
ယဲအန့်နင် လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားမိပြီး လက်ဖဝါးထဲသို့ သူ(မ)လက်သည်းများ နက်ရှိုင်းစွာ စိုက်ဝင်လာသည့်တိုင် နာကျင်မှုတစ်စုံတစ်ရာကိုမျှ မခံစားမိချေ။
ရွယ်ယန်သည် အစ်မဖြစ်သူ မသက်မသာဖြစ်နေသည်ကို မြင်သည့်အခါ စိုးရိမ်ပူပန်စွာဖြင့် ယဲအန့်နင်၏မျက်နှာကို ကိုင်ကာ တီးတိုးမေးလာ၏။
“ကျယ်ကျဲ နေမကောင်းလို့လား”
“မဟုတ်ပါဘူး၊ အားယန် အပြင်မှာ အေးနေလား၊ ကျယ်ကျဲက အားယန်ကို အိမ်ထဲပြန်ခေါ်ပေးရမလား”
ကလေးမလေးသည် ယဲအန့်နင်၏လည်ပင်းကို တင်းကျပ်စွာ ဖက်လိုက်သည်။
“ဟုတ်!”