Unicode
ရင်နင့်.......
အပိုင်း(၈)Mayလ9ရက်နေ့၊ 2006ခုနှစ်။
သည်နေ့က အေးချမ်း၏(၁၁)မြောက်မွေးနေ့ပဲဖြစ်သည်။ သည်နှစ်တော့ အေးချမ်းအဖေ့ဆီက အရိုက်မခံရပါ။ အကြောင်းကာ အဖေက ဦးလေးနှင့်အတူ ပဲခူးဘက်ကို အလည်အပတ်သွားနေသဖြင့် မနေ့ကတည်းက အိမ်မှာမရှိပေ။ မနက်ဖြန်ညနေလောက်မှ ပြန်လာမည်ဟုသိရသည်။
ခရီးထွက်ခဲလှသည့်အဖေ ခရီးထွက်သွားတော့ အေးချမ်းအလွန်ပျော်ရသည်။ အဖေမရှိသည့်ခဏတာအချိန်လေးမှာပင် အိမ်ဟာဘယ်လောက်နေပျော်လိုက်လေခြင်းလဲ။ အမေကလည်း အပြင်ပဲထွက်နေတတ်တော့ သူအိမ်မှာသာသာယာယာပဲ နေနေရသည်။
သုတကတော့ မရှိပါ။ လအစကတည်းက အင်္ဂလိပ်စာသင်တန်းတက်ဖို့ဆိုလား အဒေါ်ရှိသည့်အင်းစိန်ဘက်ကို ခဏသွားနေနေပါရဲ့။
ကျောင်းပိတ်ချိန်လေးမို့ သုတနှင့်အတူဆော့ရမည်အောက်မေ့ပါသည်။ ခရီးကပြန်လာပြီး မကြာလိုက်ပါ။ သုတကအဒေါ်အိမ်ကို သွားနေရတော့ အေးချမ်းမှာ ဆော့ဖို့နေနေသာသာ မျက်နှာပင် မတွေ့ရတော့ပေ။ ထို့ကြောင့် ကျောင်းဖွင့်ချိန်ကိုသာ စောင့်မျှော်နေမိ၏။ ကျောင်းဖွင့်မှသာ သုတနှင့်အချိန်ပြည့်တွေ့နေရသည်ကို။
မည်သို့ပင်ဖြစ်စေ သူ့မွေးနေ့တွင်တော့ သုတကသူအရောက်လာမည်ဟု ကတိပေးထားသည်။
"မေလ(၉)ရက်နေ့မှာ အဒေါ့်ကိုရအောင်ပြောပြီး ကိုကိုသေချာပေါက်လာခဲ့မှာမို့ စိတ်မပူနဲ့နော်" တဲ့။
သုတဉာဏ်ကကတိပေးလျှင် မဖြစ်မနေတည်အောင်လုပ်တတ်သူဖြစ်၍ သူရောက်လာမည်ဆိုတာ အေးချမ်းယုံကြည်သည်။
ထို့ကြောင့် သုတဉာဏ်နှင့်တွေ့ရတော့မည်ဖြစ်၍ အေးချမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေရ၏။ သို့သော် တက်ကြွမှုအပြည့်နှင့် မနက်စောစောထလာသည့်အေးချမ်းကို ဆီးကြိုနေသည့်စကားက...
"ဒီနေ့ အန်တီမာလာတို့အိမ်သွားပြီး အိမ်သန့်ရှင်းရေးကူလုပ်လိုက်.. နင့်ကိုမုန့်ဖိုးပေးလိမ့်မယ်"
အန်တီမာလာက နှစ်လမ်းကျော်တွင်နေပြီး ပိုက်ဆံရှိသည့်အိမ်ဖြစ်သည်။ အမေနှလုံး၊ သုံးလုံးထိုးနေကြ ဒိုင်ကိုင်သည့်သူဆိုလား အေးချမ်းသေချာတော့ နားမလည်ပါ။ အိမ်သန့်ရှင်းရေးလုပ်ပါက အေးချမ်းကို ခေါ်ခိုင်းပြီး မုန့်တွေအပြင် မုန့်ဖိုးတွေပါပေးတတ်တော့ အန်တီ့မာလာအိမ်မှာ သွားကူလုပ်ရမှာကို အေးချမ်းပျော်ပါသည်။
YOU ARE READING
ရင်နင့်...
General Fiction"ကိုကိုလို့ မင်းခေါ်လိုက်တာနဲ့ မင်းကငါ့ညီလေးဖြစ်သွားပြီ ငါမင်းကိုတစ်သက်လုံး ကာကွယ်စောင့်ရှောက်ပေးမယ်" သုတဉာဏ် "မင်းညီအနေနဲ့ ချစ်ပေးတာမျိုးမဟုတ်ဘဲ မင်းကောင်လေးတစ်ယောက်လိုချစ်ပေးမဲ့ မေတ္တာမျို...