"ဘယ်သူ့ကို ခွေးလို့ပြောတာလဲ" လျူကောင်းမင် အံကြိတ်လိုက်သည်။ သို့သော် ကုပိုင်နှင့် ဖန်းဝေ့ရွှမ်းက သူ့ကို အဖြေမပေးကြပေ။ သူ ဒေါသတကြီးဖြစ်နေသော်လည်း သူတို့က ပြိုင်ပွဲအတွင်း ရှိနေကြဆဲဖြစ်သောကြောင့် သည်းခံလိုက်ရ၏။ကုပိုင် သူ့ပါဝင်ပစ္စည်းများကို သေသေသပ်သပ်ဖြစ်အောင် ပြင်ဆင်ပြီးနောက်တွင် တင်ဆက်ရမည့်ဟင်းလျာအကြောင်း စိတ်ထဲ၌ စတင်တွေးမိနေပြီဖြစ်သည်။ သူ မီးချက်ချင်းမမွှေးဘဲ တစ်စုံတစ်ခုကိုရှာနေသကဲ့သို့ အောက်သို့ငုံ့ကြည့်လိုက်သည်။
[ရှောင်ပိုင် ဘာကိုရှာနေတာလဲ]
[ သူ စားလို့ရတဲ့တစ်ခုခု ရှာနေတာများလား ထောက်ပံ့ပေးထားတဲ့စာရင်းထဲမှာ မပါတဲ့အပင်တွေ သူတို့မှာရှိတာလား သူ ရှာတွေ့ခဲ့ရင်တောင် ပြိုင်ပွဲမှာ အသုံးပြုလ်ို့မရဘူး]
[ရှောင်ပိုင်ကိုယုံကြည်ပြီးတော့ တိတ်တိတ်လေး စောင့်ကြည့်ကြပါ သူ ငါတို့အတွက် surprise ကြီးကြီးလေး ပြင်ဆင်နေတာဖြစ်လိမ့်မယ်]
ပရိသတ်များက ကုပိုင်ပြုလုပ်ခဲ့သည့် အံ့အားသင့်စရာကောင်းသည့်အရာများကို ပြိုင်ပွဲအကျော့တိုင်းတွင်မြင်တွေ့ခဲ့ကြရပြီး ယခုအကျော့အတွက်လည်း သူတို့စောင့်မျှော်နေမိ၏။
နှစ်မိနစ်လောက်ကြာတော့ ကုပိုင် မှန်ကန်သည့်ပစ္စည်းကို ရှာတွေ့သွားသည်။ သူ မြေဆီလွှာကို တူးယူပြီး မြေဆီလွှာစိုစွတ်သွားပြီးဟု ထင်ရသည်အထိ ရေအနည်းငယ်ထည့်သည်။ ပြီးနောက် ၎င်းကို platform ပေါ် တင်လိုက်သည်။
သူ့လုပ်ဆောင်ချက်များက တိုက်ရိုက်ထုတ်လွှင့်မှုရှိ ပရိသတ်များကို အံ့အားသင့်စေရုံသာမက ဖန်းဝေ့ရွှမ်းနှင့်လျူကောင်းမင်အပါအဝင် သူ့ပတ်ဝန်းကျင်ရှိ ပြိုင်ပွဲဝင်များကိုပါ အံ့အားသင့်စေခဲ့လေသည်။
"မင်း ခေါင်းကိုလှည့်ပြီး မင်းရဲ့ဟင်းကိုပဲ အာရုံစိုက်" ကုပိုင် ဖန်းဝေ့ရွှမ်းကို ထပ်ပြီးသတိပေးလိုက်၏။
ဖန်းဝေ့ရွှမ်း သိချင်စိတ်ကိုထိန်း၍ သူ့ဟင်းလျာကိုသာ အာရုံစိုက်လိုက်သည်။ ကံမကောင်းစွာဖြင့်၊ လူတိုင်းက ဖန်းဝေ့ရွှမ်းကဲ့သို့ သူတို့ကိုယ်သူတို့ မချုပ်တည်းနိုင်ကြပါချေ။