10 - Wish You Were Here

544 115 14
                                    

ကျန်းဟောင့်က ဒီနေ့လည်း ဂင်မ်ထယ်ရယ်တို့၏ ကာစီနိုထံသို့ သွားဖြစ်ခဲ့သည်။

တခြားတော့ မဟုတ်ပါချေ၊ ကျဲက သူ့ကို အားနေတုန်း ထယ်ရယ်နှင့် ပိုပြီးတော့ ရင်းနှီးမှုရယူဖို့ရာအတွက် ကာစီနိုကို ရသလောက် သွားဖို့ မှာထားလေသည့်အတွက် သွားကို သွားရမည့် တာဝန်တစ်ခု ရှိသလိုပင် ကျန်းဟောင့်က ဂျီအွန်းနှင့် နောက်တစ်ကြိမ် ပြန်ပြီးတော့ တွေ့ချင်ခဲ့လေ၏။

ဂျီအွန်း သူ့ကို ပြောထားခဲ့ပါသည့် ဖယ်ရိုမုန်းနှင့် စိတ်အခြေအနေက သက်ဆိုင်မှု ရှိနေပါကြောင်း စကားများက ကျန်းဟောင့်၏ စိတ်ထဲ၌ အတော်လေးကို စွဲထင်ကျန်ရစ်လို့ နေသည်။ ကျန်းဟောင့်အနေဖြင့် ဤပြောင်းလဲလာသည့် အခြေအနေများကြားထဲ၌ သူ့ကိုယ်သူ ဆန်းစစ်စရာ လိုနေသည့် အတွေးများက တစ်ခုနှစ်ခု မကခဲ့။

သို့သည့်တိုင် ကျန်းဟောင့်က ကာစီနိုထံသို့ ရောက်သွားလေသည့်အချိန်၌ ဂင်မ်ထယ်ရယ်က ရှိမနေခဲ့။ ထယ်ရယ်က လက်ရှိတွင် အစည်းအဝေးတစ်ခုအတွက် R နိုင်ငံကို အလည်သွားနေပါကြောင်း သူ့ကို ဝန်ထမ်းတစ်ယောက်က ပြောလာခဲ့ပါသည့်အခါ သူလည်း စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖို့ ပြင်လိုက်ပါသည့်တိုင် ကာစီနို၏ တံခါးဝအရောက်၌မူ အထဲသို့ ဝင်လာဖို့ ပြင်လာနေသည့် ဂျီအွန်းနှင့် မျက်နှာချင်းဆိုင် သွားဆုံလေ၏။

"အာ အစ်ကို"

ကျန်းဟောင့်ဘက်ကပဲ အံ့အားသင့်သွားသည့် လေသံဖြင့် စပြီး နှုတ်ဆက်မိလိုက်ပါသည့်အခါ ဂျီအွန်း၏ ပြုံးရယ်သွားသည့် မျက်လုံးများက မျက်မှန်ဖန်သားများကိုတောင် ထွင်းဖောက်ပြီးတောင်မှ မြင်ရနိုင်ပါ၏။

"ထယ်ရယ်နဲ့ တွေ့ဖို့ လာတာလား ညီ"

"ဟုတ်တယ် ဒါပေမဲ့ သူ ခရီးထွက်နေမှန်း ကျွန်တော် မသိလိုက်လို့လေ"

"သူ မရှိလည်း ကိုယ် ရှိနေတာပဲဟာ"

လွန်ကဲနေသည့် လောကွတ်များကို ကျန်းဟောင့်က ပြုံးရင်းဖြင့်သာ တုံ့ပြန်မိလိုက်သည်။ သူတို့နှစ်ယောက် စပြီး တွေ့ပါသည့် အချိန်ကတည်းက ဂျီအွန်းဟာ အတော်လေးကို လူမှုဆက်ဆံရေးအပိုင်း၌ ပျူငှာမှုတို့ လွန်ကဲနေသည်ဟုတောင် ဆိုလို့ ရနိုင်ပါ၏။ သို့သည့်တိုင် ဤသည်မှာ သူတို့၏ မိသားစုနှစ်ခုက နောက်ပိုင်း၌ စီးပွားရေးအရ ရင်းနှီးကြရမည့်လူများ ဖြစ်နေသဖြင့်လည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

Killing Me SoftlyWhere stories live. Discover now