ပုံမှန်အားဖြင့် ကျွန်တော်ဆိုတဲ့ ဂယူဘင်းက မနက်ခင်းလေးနာရီဆိုသည့် အချိန်မျိုး နိုးလေ့ရှိသူမဟုတ်။ရစ်ခီ က နေထွက်တာကြည့်ချင်ရင် လိုက်ပို့ပေးမယ် ဆိုပြီး ပြောထားတာကြောင့်သာ ညက Alarm ပေးအိပ်ထားတာကြောင့် ဝီရိယရှိရှိနိုးနေခြင်းဖြစ်သည်။
အချိန်ဆွဲနေဖို့ အချိန်မရှိတာကြောင့် ရေချိုးသန့်စင်ပြီးတာနဲ့ ဗီရိုထဲက အသင့်တွေ့ရတဲ့ ဂျင်းဘောင်းဘီတစ်ထည်နဲ့ ရှပ်အဖြူလက်ရှည်ကို မြန်မြန်ကောက်စွပ်ပြီး အခန်းထဲက ထွက်လာလိုက်သည်။
ရစ်ခီကို ခေါ်ဖို့ သူ့အခန်းဆီရောက်လာတော့ အခန်းက ဖွင့်ထားပြီးသားဖြစ်နေပြီး သူ့အခန်းထဲမှာလည်း သူ ရှိမနေ။
ဘယ်ကို ပျောက်သွားတာလဲ ..
ဒါမှမဟုတ် ညတည်းက သူ့အခန်းပြန်မအိပ်ပဲ ဒက်ဒီနှင့်အတူ သွားအိပ်တာလား ..
ဒက်ဒီကို မလွန်ဆန်နိုင်လို့သာ ဒီတိုင်းနေရပေမဲ့ အခုချိန်ထိ ရစ်ခီ နှင့် ဒက်ဒီကို တွဲပြီးမြင်နေရဖို့ဆိုတာ ကျွန်တော့်အတွက်တော့ အကျင့်မဖြစ်သေးပေ။
ထင်သည့်အတိုင်း ဒက်ဒီအခန်းက မီးမှိန်မှိန်လေး လင်းနေသည်။ တံခါးက စေ့ရုံပဲစေ့ထားတာကြောင့် ရစ်ခီ အပြင်ကို ထွက်လာပြီးမှ အခန်းထဲ ပြန်၀င်နေတယ်ဆိုတာတော့ သိလိုက်သည်။
သူဘာတွေလုပ်နေတာလဲ သိချင်တာကြောင့် စေ့ထားတဲ့ တံခါးကို အသာလေးတွန်းဟ၍ ကြည့်လိုက်တဲ့အခါ ဒက်ဒီအိပ်ရာဘေးက ညအိပ်မီးအိမ်ထွန်းထားသည့် စားပွဲပေါ်မှာ ကံကော်ပန်းခက်တွေကို အလှပန်းအိုး ထိုးပေးနေတာတွေ့လိုက်ရသည်။ အခန်းတစ်ခုလုံး ပြောင်လက်နေပြီး ပစ္စည်းအားလုံးကလည်း ရှုပ်ပွမနေပဲ သူ့နေရာနဲ့သူ သေသေသပ်သပ် ရှိနေတာကြောင့် သူသန့်ရှင်းရေးလုပ်ပေးထားတယ်ဆိုတာ သိလိုက်ရသည်။
YOU ARE READING
Missing Someone
Fanfictionအသံတိတ်ငိုကြွေးခြင်းတို့သည် နှလုံးသား၏ နာကျင်မှုရပ်ဝန်းမှမြစ်ဖျားခံ၏။