Why so serious?

79 10 4
                                    

ညဥ့်အတော်နက်တဲ့အထိ ကျွန်တော် အိပ်မပျော်တာကြောင့် အိပ်ရာပေါ်တွင် ဟိုဘက်လှိမ့် ဒီဘက်လှိမ့် ဂနာမငြိမ်ဖြစ်နေသည်။ မနက်အိပ်ရာထ သူ ဒက်ဒီပါးကိုနမ်းတာကစလို့ ညအိပ်ရာဝင်ခါနီး ဒက်ဒီ သူ့ကို​ဆေးလူးပေးတဲ့အထိ မတွေးချင်ပဲတွေးမိနေတဲ့ သူ နှင့် ဒက်ဒီ ရဲ့အကြောင်းတွေက ကျွန်တော့်ကို အိပ်မပျော်အောင် နှိပ်စက်နေသည်။

အိပ်မရတဲ့အဆုံး အခန်းပြင်ကို ထွက်လာလိုက်သည်။ ဒက်ဒီအခန်းရှေ့ အရောက် တံခါးကို အသာလေးတွန်းပြီးကြည့်လိုက်သည်။ ဒက်ဒီတစ်ယောက်တည်း အိပ်ပျော်နေတာမြင်ရမှ ကျွန်တော်ရင်အေးသွားရသည်။ ကျွန်တော် အိပ်ခန်းဆီအပြန်မှာ သူ့အခန်းနှင့်ကျွန်တော့်အခန်းက ကပ်လျက်မလို့ သိလိုစိတ်နဲ့သူ့အခန်းတံခါးကို တွန်းကြည့်လိုက်တော့ တံခါးလော့မချထားတာကြောင့် အထဲကို ဝင်ခဲ့လိုက်သည်။

တစ်ခါမှ သူ့အခန်းကို ဝင်မလာဖူးတာကြောင့် စပ်စုဖို့သက်သက်ဝင်လာပေမဲ့ ရုတ်တရက် သူ့နှုတ်ခမ်းဖျားက ညည်းညူသံယဲ့ယဲ့ထွက်လာတဲ့အခါ ခြေလှမ်းတို့က သူအိပ်ပျော်နေတဲ့ ကုတင်ဆီကိုသာ လမ်းကြောင်းပြောင်းသွားသည်။

တစ်ကိုယ်လုံးတုန်နေပြီး မျက်နှာတစ်ခုလုံးနီရဲကာ အေးနေတဲ့အချိန်တောင် ချွေးစေးတွေထွက်နေတဲ့သူ့ကြောင့် ကျွန်တော်လန့်သွားကာ အနားသို့ခပ်သုတ်သုတ်သွားပြီး သူ့ပါးကိုလက်ဖဝါးလေးနဲ့စမ်းကြည့်လိုက်သည်။ သူ့ တစ်ကိုယ်လုံး မီးကင်ထားသလို ခြစ်ခြစ်တောက်ပူနေသည်။ မနက်က လေစိမ်းတိုက်တုန်းက သူ့အပေါ်ကုတ်ကို ကျွန်တော့်ကိုယ်ပေါ်ခြုံပေးခဲ့တာကြောင့် အအေးမိသွားပုံရသည်။ နေမကောင်းဖြစ်နေတာတောင် အသိမပေးပဲ တစ်ယောက်တည်း ကျိတ်မှိတ်ခံစားနေသည့်သူကို ကျွန်တော်စိတ်ပျက်စွာကြည့်လိုက်သည်။ ရုပ်ခံလေးရှိတော့ ဒီလောက်အဖျားတက်နေတဲ့အချိန်တောင် လူမမာရုပ်နဲ့သူက ကြည့်ကောင်းနေဆဲ။

အစကဒက်ဒီကို သွားနှိုးလိုက်မည်စိတ်ကူးပြီးမှ ဒက်ဒီအိပ်ရေးပျက်မှာ စိုးရိမ်သည်ကတစ်ကြောင်း၊ သူနှင့်ဒက်ဒီကို ညလုံးပေါက်အတူတူ ရှိမနေစေချင်သည်ကတစ်ကြောင်း ၊ ထိုအကြောင်းပြချက်များကြောင့် ဒက်ဒီကိုအသိမပေးပဲ အခန်း​​ပြန်အိပ်ဖို့စိတ်ကူးမရှိတဲ့ ကျွန်တော်ကပဲ သူ့ကိုပြုစုဖို့ဆုံးဖြတ်ချက်ချလိုက်သည်။

Missing Someone Where stories live. Discover now