Part-11

206 16 1
                                    

Unicode

ရင်နင့်.......
အပိုင်း(၁၁)

"ဒေါ်အေးအေးခိုင် စုမဲငွေတွေမပြီး လင်ငယ်နောက် လိုက်ပြေးသွားပြီ"

"ဦးထွန်းကြိုင်.. သူ့မယားရွှေတွေပါခိုးပြီး မယားငယ်နဲ့ ထွက်ပြေးသွားတယ်တဲ့တော်.."

"အေးရိပ်ငြိမ်း နင်ဘယ်လိုလုပ်မလဲ နင့်အမေက အိမ်မှာရှိသမျှငွေတွေအပြင် သူများစုမဲငွေတွေယူပြီး ထွန်းကြိုင်နောက် လိုက်ပြေးသွားတယ်"

ထိုညနေခင်းလေးဟာ တကယ်ကို ကမ္ဘာပျက်ခဲ့သည်လား။ အိမ်ရာဝန်းတစ်ခုလုံးလှုပ်လှုပ်ကြွကြွဖြစ်စေသော သတင်းက အမေသည်ဦးထွန်းကြိုင်နောက်သို့ လိုက်ပြေးသွားသည်ဟူသော သတင်းကြောင့်ပင်။

ဟုတ်သည်.. အမေကာ တကယ်ပဲဦးထွန်းကြိုင်နောက်လိုက်ပြေးသွားခဲ့သည်။ အိမ်တွင် အမေ့အဝတ်အစားတွေမရှိတော့ပါ။ အိမ်ကပိုက်ဆံတွေအကုန်အပြင် သူများပိုက်ဆံတွေပါယူပြေးသွားသည်ဟုဆိုသည်။

ဦးထွန်းကြိုင်ရော ဘာထူးလဲ။ သူ့ပိုက်ဆံတင်မဟုတ်ဘဲ သူ့မိန်းမ၏ရွှေတွေပါ ခိုးယူပြီး အမေနှင့်ပြေးသွားသည်တဲ့။

အသေးစိတ်တော့ အေးရိပ်သေချာမသိပါ။ (၁၂)နှစ်အရွယ်နှင့် အေးရိပ်တွေးနိုင်သည်က အမေကသူမကို အဖေနှင့်ပစ်ထားကာ တကယ်ထွက်ပြေးသွားပြီဆိုတာကိုပဲဖြစ်သည်။

အမေဘာကြောင့် သည်လိုလုပ်ရသည်လဲ။ အေးရိပ်နားမလည်ပါ။ တကယ်ကို နားမလည်ခဲ့ပါ။ လူကြီးဆိုတာ အမှား၊အမှန်ကို သိပြီမဟုတ်လား။ ကလေးတွေကိုတောင် အမှန်မသိရကောင်းလားဆိုပြီး ရိုက်နှက်ဆုံးမတတ်ကြသေးသည်ပဲ။

သို့သော် အမေရော၊ ဦးထွန်းကြိုင်ရော လူကြီးတွေဖြစ်နေကြပြီပဲ။ ဘာလို့ သည်လိုကိစ္စရပ်မျိုးကို မရှက်မကြောက် လုပ်နိုင်ရသည်လဲ။ (၁၂)နှစ်ဦးနှောက်နှင့် အေးရိပ်တကယ်ကို တွေးမမီတော့ပါ။

ပတ်ဝန်းကျင်တွင်တော့ စုပ်တသပ်သပ်နှင့် ဝေဖန်သံတွေဆူညံသွားခဲ့သည်။ ဦးထွန်းကြိုင်၏သားသမီးနှင့် အမျိုးတွေက အိမ်ရောက်လာပြီး အဖေ့ကိုအော်ကြီးဟစ်ကျယ် ရန်တွေ့သည်။ မူးရူးပြီး မယဉ်ကျေးတတ်သည့် အဖေကလည်း ပြန်ဆဲသည်။ အချင်းချင်း အော်ဟစ်ဆဲဆိုနေပြီး ရန်ဖြစ်နေကြ၍ ရပ်ကွက်လူကြီးက လာဖြေရှင်းပေးရ၏။

ရင်နင့်... (Normal Version) Where stories live. Discover now