Chapter 424 : နောက်ကွယ်မှ ကူညီနေခြင်းထိုကဲ့သို့ လူထုဆီမှ အာရုံစိုက်မှုများစုပုံလာသောအခါ ဟုန်ထျန်းသည် ဤကိစ္စအား အလေးအနက် မထား၍ မရတော့ပေ။ ထို့ကြောင့် သူသည် လူတစ်ယောက်ကို လွှတ်၍ အလျင်အမြန် စုံစမ်းစေသော်လည်း ထိုကဲ့သို့ ပြဿနာ ရှာသူများက ဟုန်မိသားစုဘက်မှ အရင် မှားခြင်း ဖြစ်သည်ဟု ပြောလိုက်ကြောင်း သိလိုက်ရ၏။
ထို့အပြင် သူတို့သည် ပြဿနာကို ကြီးကျယ်အောင် လုပ်နေခြင်းသာ ဖြစ်၍ ဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိရာ ဟုန်ထျန်းသည် သူတို့အား ဘာမှလုပ်၍ မရပေ။
ဟုန်ထျန်းသည် စီးပွားရေးလမ်းသွယ်တစ်ခုကို တည်ဆောက်လိုခြင်း ဖြစ်၍ တည်ဆောက်၍ မပြီးခင်မှာပင် ယခုကဲ့သို့ ကံဆိုးမှုများ ဖြစ်လာရာ ထိုဆိုင်ခန်း နေရာများကို မည်သူက ဝယ်ရဲတော့မည်နည်း။
ထို့ကြောင့် ဝယ်ယူရန်အတွက် စာရင်းပေးထားပြီးသား ဆိုင်ရှင်များသည် ပြဿနာရှာစ ပြုလာပြီး လူထု၏ တုံ့ပြန်မှုကလည်း ပြင်းထန်လွန်းသည် ဖြစ်ရာ သေချာပေါက်ပင် အထက်မှ တာဝန်ရှိသူများသည် ပြန်လည် စုံစမ်းစစ်ဆေးရန်အတွက် ဆောက်လုပ်ရေးနေရာသို့ လူများ စေလွှတ်လိုက်သည်။ သို့သော် ထိုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ လုပ်သည့်နေ့၌ပင် ထျန်းဟုန်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမားအချို့သည် ရုတ်တရက် အော်ဟစ်မှုများ ရှိလာ၍ တစ်ယောက်ချင်းသည်လည်း လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ထိတ်လန့်နေပုံရသည်။
သို့သော် ထိုသို့ဖြစ်ရသည်မှာ အခြားကြောင့် မဟုတ်ဘဲ ကျင်းယွင်ကျောင်းသည် အဖြူရောင်ဝတ်ရုံ ဝတ်၍ ကြောက်စရာကောင်းသည့် ပုံပေါက်အောင် မိတ်ကပ်လိမ်းခြယ်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင် ပတ်ဝန်းကျင်၌ လျှောက်ပတ်သွားနေ၍ ဖြစ်၏။
သူမ၏ ကိုယ်ခံပညာ စွမ်းရည်သည် နေ့စဥ်နှင့်အမျှ တိုးတက်နေသဖြင့် သူမကိုယ်သူမ ပျံလွှားငှက် တစ်ကောင်ကဲ့သို့ ပေါ့ပါးသည်ဟု ရည်ညွှန်းပါက ပုံကြီးချဲ့ခြင်း မဟုတ်ပေ။ သူမသည် အိမ်ခေါင်မိုးစွန်းများ၊ နံရံများအား ခုန်ပျံ ကျော်လွှားနိုင်ခြင်း မရှိသေးသော်လည်း သာမန်လူတစ်စု၏ အရှေ့တွင်မူ နတ်ဘုရားများ၊ သရဲများကဲ့သို့ ဟန်ဆောင်ရန် အလွန် လွယ်ကူသည်။