Chapter 428 : ခက်ခက်ခဲခဲ လိုက်စေချင်တာလားအကယ်၍ ဟုန်ဝမ်သာ ကျင်းယွင်ကျောင်းကို မဖိတ်ခေါ်ခဲ့ပါက သူမတို့သည်လည်း ဤကဲ့သို့သောစော်ကားမှုကို သည်းခံနေရမည် မဟုတ်ပေ။
သည်ဟုန်ဝမ်ကတော့ တကယ့်ကိုပဲ...
ဟုန်ဝမ်က ကျင်းယွင်ကျောင်းအား ပညာပေးချင်သည်ကို သူမတို့ လုံးဝ မကန့်ကွက်ပေ၊ သို့သော် သူမသည် ကျင်းယွင်ကျောင်း၏ အရည်အချင်းကိုလည်း စုံစမ်းထားသင့်၏။
ကြည့်ပါဦး၊ တကယ့်ကို နတ်ဘုရားတစ်ပါး သတ်ဖြတ်နေသလိုပဲ။ လူတွေ အများကြီးကတောင် သူ့ကို မရိုက်နိုင်တဲ့အပြင် ဟုန်ဝမ့်ကိုပါ တစ်ပြန် သင်ခန်းစာ ပေးသွားသေးတယ်။
အရင်က ဟုန်ဝမ့်ကို အတော်လေး ထက်မြက်တဲ့သူလို့ ထင်ထားခဲ့တာ၊ အခုတော့ သူက လုံးဝကို ငတုံးသာသာပဲ။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ဟုန်ဝမ့်အား ဓါတ်ပုံ ရိုက်ပြီးနောက် ဟုန်ဝမ် ကိုယ့်အင်္ကျီကိုယ် ဆွဲချွတ်နေသည်ကို အေးစက်စက် စောင့်ကြည့်နေလိုက်၏။ ထို့နောက် ရှောင်ဟိုင်ချင်းအား ခေါ်၍ တံခါးဖွင့်ကာ ထွက်သွားတော့သည်။
ကျင်းယွင်ကျောင်းသည် ထိုသူများက ရဲခေါ်လိုက်မည်ကို လုံးဝ မစိုးရိမ်ပေ။ လက်တွေ့၌ သူတို့ကိုယ်တိုင်သည်လည်း လူကောင်းများ မဟုတ်ကြ။
စားပွဲပေါ်ရှိ စိတ်ကြွဆေးများကိုသာ ရဲများ တွေ့သွားပါက သူတို့ မြစ်ဝါမြစ်ထဲ ခုန်ဆင်းလျှင်တောင် အပြစ်မှ လွတ်မည် မဟုတ်တော့ရာ ကျင်းယွင်ကျောင်း၏ ရိုက်နှက်မှုကို ငြိမ်ခံနေရုံသာ တတ်နိုင်၏။
"ဒီအရူးမက တကယ် သူ့ကိုယ်သူ အရောက်ပို့နေတာပဲ၊ ငါ ဒီလို အရူးမျိုး တစ်ခါမှ မမြင်ဖူးဘူး"
ရှောင်ဟိုင်ချင်းက အပြင်သို့ရောက်သည်နှင့် ရွှင်မြူးစွာ ပြောလိုက်သည်။
နောက်ဆုံး၌ အငြိုးတရားများကို အနည်းငယ် ဖြေလျှော့ခွင့် ရလိုက်ပြီ ဖြစ်သည်။ သို့သော် ဟုန်မိသားစု အဆုံးသတ်တော့မည်ကိုလည်း မြင်နေရသည် ဖြစ်ရာ ယခုအချိန်သည် စိတ်ဝင်စားစရာအနည်းအကျဥ်းကို စုစည်းမိခြင်းသာ ဖြစ်၏။