Chapter 440 : မင်း လုပ်ချင်သလိုလုပ်ထိုအခါ ကျင်းယွင်ကျောင်းသည် ဆွံ့အသွားပြီး ရယ်ရခက်၊ ငိုရခက်ဖြစ်သွားကာ လီရှောက်ယွင်၏ဘေးတွင် ရပ်နေသည့် တုလင်းကမူ ပို၍ပင် ရှက်ရွံ့သွား၏။
မင်းတို့ လီမိသားစု ဘိုးဘေးတွေက အစားအသောက်မက်တာ သေချာလို့လားကွာ။ မင်းဟာမင်း ဟွားနင်ခရိုင်ကို ပြန်ပြေးလာချင်လို့ ဆင်ခြေရှာဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား။
ပြီးတော့ သူက သေလောက်အောင် ကြောက်စရာကောင်းတယ်၊ ဘာညာနဲ့ ပြောလိုက်သေးတယ်။ ဒါပေမယ့် အခု သူ့ပုံစံက ဘယ်လိုပဲကြည့်ကြည့် ကြောက်နေတဲ့ပုံ မပေါက်ဘူး မဟုတ်လား။
မုံ့လင်းသည် ထိုနောက်မှ ရောက်လာသူနှင့် ကျင်းယွင်ကျောင်းတို့ စကားတွတ်ထိုးနေသည်ကို မြင်သောအခါ သူ၏ မျက်နှာအမူအယာက မည်းမှောင်သွားပြီး ...
"ကျင်းယွင်ကျောင်း၊ ကိုယ် မင်းကို သတိပေးမထားဘူးလား။ မင်းက ကိုယ့်ရဲ့မိန်းကလေးပဲ။ တခြားယောက်ျားတွေနဲ့ ပရော်ပရည် လုပ်ခွင့် မရှိဘူး"
ကျင်းယွင်ကျောင်းက ဤနည်းလမ်းဖြင့် သူ၏ အာရုံစိုက်မှုကို ဆွဲဆောင်ချင်နေသည်လား။ သို့သော် သူသည် ဤကဲ့သို့သော လှည့်ကွက်များစွာကို မြင်ဖူးပြီးသား ဖြစ်၏။
ဒါပေမယ့် သူက လျစ်လျူရှုလွန်းတယ်။ သည်နေရာမှာ လူတွေ အများကြီးရှိနေတာ မမြင်ဘူးလား။ သည်အချိန်မှာ သည်လို မြင်ကွင်းမျိုး ဖန်တီးဖို့ အခြား ယောက်ျားတစ်ယောက်ကို ရှာထားတာက ငါ့ကို အတော်လေး အရှက်ရစေတယ်လေ။
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းလှည့်ကြည့်၍ မုံ့လင်းအား လှောင်ရယ်လိုက်သည်။
သည်လူက တကယ်ပဲ ကိုယ့်ကိုကိုယ် အလွန်အကြူး အထင်ကြီးပြီး စိတ်ကြီးဝင်နေတာပဲ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မိန်းကလေးတွေက သူ့ကိုဝိုင်းကြိုက်နေတယ်လို့ တွေးနေတဲ့၊ တီဗီဇာတ်လမ်းတွေထဲက ဦးနှောက် ပျက်နေတဲ့ အမျိုးသား ဇာတ်လိုက်လိုပဲ၊ သူ့အနားမှာ ပေါ်လာတဲ့ မိန်းကလေးတိုင်းက သူ့ကို နည်းမျိုးစုံနဲ့ ဆွဲဆောင်ဖို့ကြိုးစားနေတယ်လို့ပဲ ထင်နေတယ်။