Chapter 441 : အတန်းဖော်ဘောလုံးက မကြီးဘဲ သားရေ အရုပ်လေး တစ်ခုသာဖြစ်သော်လည်း ရုတ်တရက် အဖြစ်အပျက်ကြောင့် အဖွားအိုသည် အံ့သြထိတ်လန့်သွားပြီး လမ်းပေါ်သို့ လဲကျသွားသည်။ ထိုအခါ ဘေးရှိ သားသမီးများနှင့် မြေးများသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။
ဤကိစ္စသည် ကျင်းယွင်ကျောင်းနှင့် မဆိုင်သော်လည်း သူမသည် သမားတော်တစ်ယောက်ဖြစ်၍ တစ်ချက် ကြည့်ပေးရန်အတွက် ထိုနေရာသို့ လျှောက်သွားလိုက်သည်။
အဖွားအို၏ ထိခိုက်မှုက အကြီးအကျယ် မဟုတ်သော်လည်း ရုတ်တရက် လဲကျသွားမှုကြောင့် ခါးအနည်းငယ်နာသွားသည်။
"ကလေးမ၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ။ သက်ကြီးရွယ်အိုတွေကို မမြင်ဘူးလား။ လမ်းပေါ်မှာ ဒီလို အရုပ်တွေနဲ့ ဆော့စရာလား"
အဖွားအို၏ ဘေးတွင် ရပ်နေသော လူကြီးက သူမအား အမှတ်တမဲ့ ဆူပူ ကြိမ်းမောင်းလိုက်၏။
ထိုအခါ ကျင်းယွင်ကျောင်းသည် လန့်သွား၍ သူမကိုယ်သူမ လက်ညှိုးထိုးကာ ရယ်ရခက်၊ ငိုရခက်ဖြစ်သွားသည်။
"ရှင်က ကျွန်မကို ပြောနေတာလား"
"မင်း မဟုတ်ရင် အခြား ဘယ်သူ့ကို ပြောရမှာလဲ"
"ဦးလေး၊ ကျွန်မက ဒါနဲ့ ပစ်တဲ့သူ မဟုတ်ပါဘူး။ ကျွန်မလည်း အဖွားလိုပဲ ခံရတဲ့သူပါ။ ကျွန်မက ကံကောင်းလို့ ရှောင်လိုက်နိုင်တာပါ"
ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေး ပြန်ပြောလိုက်သည်။
သူမ၏ စကားကို ကြားသောအခါ တစ်ဖက်လူသည် ခေတ္တမျှ ကြောင်သွား၏။ အဖွားဆီသို့ အရင်ဆုံးပြေးလာသော ဤမိန်းကလေးသည် လက်သည်တရားခံ မဟုတ်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူတို့ မိသားစုသည် စျေးဝယ် ထွက်လာခြင်းဖြစ်သည်။ တရုတ် နှစ်သစ်ကူး ပွဲတော်ကာလ ဖြစ်၍ လူများရှုပ်ထွေးနေရာ သူတို့သည် အပြင်ထွက်ချိန်၌ ကလေးများ ပျောက်သွားမည်ကို စိုး၍ ဟိုဟိုဒီဒီ လျှောက်သွားနေသည့် ကလေးများအပေါ်တွင်သာ အာရုံစိုက်ထားမိပြီး အဖွားကိုမူ များများစားစား အာရုံ မစိုက်မိကြပေ။ ထို့ကြောင့် သူတို့သည် အဖွားအို မည်သို့ လဲကျသွားကြောင်း မသိခြင်း ဖြစ်သည်။