Chapter 444 : မြှောက်ပင့်ခြင်းနှင့် သိက္ခာချခြင်းကျင်းယွင်ကျောင်းသည်လည်း ဝူစစ်စစ်၏ လူနေမှုပတ်ဝန်းကျင်ကို ပြန်တွေးကြည့်လိုက်၏။ သူမသည် အဖွားဖြစ်သူနှင့် ကြီးပြင်းလာခြင်း ဖြစ်သည်။ သူမ၏ အဖွားသည် ဤအနီးအနားပတ်ဝန်းကျင် ဆယ်မိုင်အတွင်းနှင့် ရွာပေါင်း ရှစ်ရွာခန့်၌ သြဇာလွှမ်းမိုးမှု အရှိဆုံး အဖွားအိုဟု ဆိုနိုင်သည်။
ကျောင်းရှိ ဆရာ၊ ဆရာမများသည်လည်း ဝူစစ်စစ်အား ရန်မစရဲကြပေ။ ထိုသို့မဟုတ်ပါက ထိုအဖွားအိုက သေချာပေါက် ပြဿနာ လာရှာ၍ အခြားလူများ၏ မိသားစုများကို အော်ဟစ် ကျိန်ဆဲပြီး စိတ်မသက်မသာ ဖြစ်အောင် လုပ်လိမ့်မည်သာ။
ကျင်းယွင်ကျောင်းသည် ယခင် ဘဝက ထိုအဖွားအိုအား တွေ့ဖူး၏။ သူမ၌ စူးရှသော မျက်ဝန်းများရှိကာ စကားပြောသည့် အချိန်တွင်လည်း တစ်ဖက်လူအား ခွန်းတုံ့ပြန်ခွင့် လုံးဝမပေးဘဲ အသံကျယ်ကျယ်ဖြင့် ပတ်ဝန်းကျင်အား စိုးမိုးထားတတ်သည်။ ဝူစစ်စစ်သည် ထို အကျင့်စရိုက်များအား အမွေရခဲ့၏။
ထို့ကြောင့် ယခင်က ဝူစစ်စစ် မည်မျှပင် ပြဿနာရှာစေကာမူ မည်သူကမှ သူမအား အပြစ်မပေးရဲပေ။ လက်တွေ့၌ ဤ မြို့ငယ်လေးရှိ လူများသည် အလွန် ရိုးသားကြ၏။
ဝူစစ်စစ်သည် သူမ၏ ပုံပန်းသွင်ပြင်ကို မည်မျှပင် ချစ်စရာကောင်းအောင် ပြောင်းလဲလိုက်စေကာမူ သူမ၏ ရင်ထဲရှိ ယုတ်မာသည့် စိတ်ထားကမူ ယခင်အတိုင်းပင် ကျန်ရှိနေ၏။
ဤမြို့လေး၌ အဘိုးအဘွားများနှင့် အတူနေ၍ ကြီးပြင်းလာသည့် ကလေး အတော်များများရှိသော်လည်း သူမ ကဲ့သို့ ရိုင်းစိုင်း မောက်မာသူမှာမူ မရှိသလောက် နည်းသည်။
ဝူစစ်စစ်သည် အဖွားအိုအား စိုက်ကြည့်၍ အံကြိတ်လိုက်၏။
"ရှင်က ကျွန်မကို ငတုံးလို့ တွေးနေတာလား။ ရှင်ပြောချင်တဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးလို့ ထင်နေတာလား။ ရှင်က ကျွန်မကို သိက္ခာ ချချင်လို့ ကျင်းယွင်ကျောင်းကို မြှောက်ပင့်နေတာ အသိသာကြီး"
"ငါကတော့ မင်းကို သိပ်ဂရုမစိုက်ပါဘူး။ လူကြီးသူမ တစ်ယောက်ကို စကားနဲ့ ဒေါသထွက်အောင် ရန်စနေတဲ့ မင်းကရော မှန်နေလို့လား။ မင်း ငါတို့ အမေကို ဒေါသထွက်အောင် လုပ်မိရင် တာဝန်ယူနိုင်လို့လား"