Chapter 447 : သည်းမခံနိုင်ခြင်းကျင်းယွင်ကျောင်း၏ အပြုံးမှာ အတော်လေး သိသာနေသည်ဖြစ်ရာ ဝူစစ်စစ်၏ စိတ်ထဲ၌ အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။ သို့သော် မျက်စိတစ်မှိတ်စာ အတွင်းမှာပင် ထိုစိတ်မသက်မသာ ဖြစ်မှုများကို လျှော့ချပြီး စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။
သူမသည် ကျင်းယွင်ကျောင်း၏ စကားလုံးများကို မယုံကြည်ပေ။
အခု သူက ငါ့ကို ကြောက်အောင်လုပ်ဖို့ လှည့်ကွက်တွေသုံးနေတာပဲ ဖြစ်ရမယ်။
ငါက ကျင်းယွင်ကျောင်းရဲ့အကြောင်းကို မသိဘဲ နေမလား။ ကျောင်းတုန်းကဆိုရင် သူက စားစရာတောင် လုံလုံလောက်လောက် ရှိတာ မဟုတ်ဘူး။
ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား နေရာတကာ ဂရုတစိုက်ဟန် ပြုမူတတ်သော်လည်း ကျင်းယွင်ကျောင်း ကောင်းကောင်းမွန်မွန် စားသောက်နေသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ချောင်ဟုန်ယဲ့သည် မုန့်ဖိုးများကို သိမ်းထား၍ နေ့တိုင်း သရေစာများ ဝယ်စားနေသော်လည်း ကျင်းယွင်ကျောင်းကမူ အမြဲတမ်း ဆာလောင်နေပြီး ဗိုက်ထဲမှ အသံမျိုးစုံ မြည်နေတတ်သည်။ ထိုအခါ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းက ဝိတ်ချရန် ကြိုးစားနေသည်၊ သို့မဟုတ် မိသားစုနှင့် ရန်ဖြစ်လာသည်ဟု အမြဲပြောတတ်သော်လည်း ဝူစစ်စစ်ကမူ သူမ၏ စကားကို လုံးဝ မယုံကြည်ပေ။
သူမသည် ချောင်ဟုန်ယဲ့အား မကြိုက်ရုံသာမက လိမ္မာသော ကျောင်းသူတစ်ယောက် ဖြစ်သည့် ကျင်းယွင်ကျောင်းကိုလည်း မုန်းတီး၏။ ထိုမိန်းကလေးသည် သိသိသာသာပင် ဆင်းရဲချို့တဲ့သော်လည်း ဆရာ၊ ဆရာမများစွာ၏ အချစ်ခံရသဖြင့် စက်ဆုပ်စရာ ကောင်းလှသည်။
"ကျင်ယွင်ကျောင်း၊ ငါ့ မိဘတွေ အလုပ်လုပ်တဲ့နေရာကို နင်က စိတ်ဝင်စားနေတာလား။ ပြီးတော့ နင် အရမ်း ချမ်းသာနေတယ်ဆိုရင်လည်း လျော်ကြေးကို နင်တစ်ယောက်တည်း ပေးလိုက်လေ။ ငါနဲ့ငါ့ မိဘတွေကို လာခြိမ်းခြောက်မနေနဲ့။ ငါ နင့်ရဲ့အကြံအစည်တွေကို လက်မခံနိုင်ဘူး"
ကျင်းယွင်ကျောင်းက သူမအား စိုက်ကြည်နေသည်ကို မြင်သောအခါ ဝူစစ်စစ်က စကားလုံးများဖြင့် ပြန်လည် ထိုးစစ်ဆင်လိုက်သည်။