Chapter 449 : တကယ် အလုပ်ထုတ်ခံလိုက်ရတာလားဝူစစ်စစ်သည် စိတ်ထဲ၌ ကြိတ်၍ အူလှိုက်သည်းလှိုက် ရယ်မောနေ၏။ ဤသည်မှာ လူတစ်ယောက်က အလွန် အလေးအနက် ရှိရှိ ရူးသွပ်စွာဖြင့် ဟန်ဆောင်နေသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အပြုအမူများနှင့် အမူအယာများသည် အလွန်ပင် စစ်မှန်နေပုံရ၍ ဖြစ်နိုင်ပါက သူမသည်ပင် ကျင်းယွင်ကျောင်း ဘော့စ်ပိုင်နှင့် အမှန်တကယ် ဖုန်းပြောနေသည်ဟု ယုံကြည်သွားနိုင်၏။
သို့သော် ဝူစစ်စစ်ပင် မဆိုထားနှင့်၊ ဘေး၌ ရပ်နေသည့် မိသားစုသည်ပင် ကျင်းယွင်ကျောင်းက ထိုမိန်းကလေး၏ မိဘများ၏ အလုပ်အကိုင်အား အမှန်တကယ်ပင် ဝင်ရောက် အဆုံးအဖြတ် ပေးနိုင်သည်ဟု မယုံကြည်ပေ။
"နင်က ငါ သရုပ်ဆောင်နေတယ်လို့ ထင်နေတာလား။ ဒါဆိုရင် ဆယ်မိနစ်လောက် ကြာရင် အိမ်ကို ဖုန်းဆက်ပြီး မေးကြည့်လိုက်လေ"
ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်သည်။
တကယ်တမ်း၌ ဆယ်မိနစ်ပင် ကြာမည် မဟုတ်ပေ။
ကုမ္ပဏီသည် သူမ၏ မိဘများကို ထုတ်ပယ်၍ သင့်လျော်သော လစာ ပမာဏကို လျော်ကြေးပေးလိုက်မည် ဖြစ်၏။ သို့သော် ထိုစုံတွဲသည် ပြစ်မှု ကျူးလွန်ထားခြင်း ဖြစ်သည်။ သူတို့သည် ကုမ္ပဏီက ဝန်ထမ်းများ၏ ဆွေမျိုးသားချင်းများ ကောင်းစားရေး ဝါဒကို တားမြစ်ထားကြောင်း သိပြီးသား ဖြစ်သော်လည်း အလွန် စည်းကမ်းမဲ့လှသည့်အပြင် အလုပ်သင်လေးများအား သူတို့အတွက် လက်ဆောင်ပေးရန် စောင်းပါးရိပ်ခြည် ပြောထားသည်ဟုလည်း ဆိုသည်။
ခေါင်းဆောင်တစ်ယောက်၏ အမြင်မှ နေ၍ ထိုအလုပ်သင်လေးများသည် ကုမ္ပဏီ၏ အနာဂတ်ကို ရည်ညွှန်းနေသည်ဟု ပြောပါက ပုံကြီးချဲ့ခြင်း မဟုတ်ပေ။ သူမကဲ့သို့သော အလုပ်သင် လေ့ကျင့်ပေးသည့် လက်ထောက်တစ်ယောက်က ထိုအလုပ်သင်လေးများအား အနိုင်ကျင့်ရန် မည်မျှ အရည်အချင်း ပြည့်မှီနေသနည်း။
အကယ်၍ ဤကိစ္စသည်သာ ထုံးစံတစ်ခု ဖြစ်လာပါက အနာဂတ်တွင် ကုမ္ပဏီ၏ စည်းမျဥ်းများသည် အမှန်တကယ်ပင် ပျက်စီးသွားနိုင်သည်။ အလုပ်သင်များစွာ၏ စိတ်ထဲတွင် သူတို့သာ ဤကုမ္ပဏီ၌ ရေရှည်နေချင်ပါက လက်ဆောင်များများပေးလေလေ၊ အထက်လူကြီးများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်လေလေဟု ထင်သွားမည်ကို ကျင်းယွင်ကျောင်း စိုးရွံ့မိ၏။