Chapter 451 : ကလေးပျောက်ခြင်းအစောပိုင်းက ရုတ်ရုတ်သဲသဲ ပဋိပက္ခ ဖြစ်သည်မှာ မိနစ် နှစ်ဆယ်ခန့် ကြာ၍ ထိုမိသားစုမှ ကလေးနှစ်ယောက်သည် ဆက်စောင့်မနေနိုင်တော့ရာ မိခင်ဖြစ်သူနှင့်အတူ အနီးနားရှိ မုန့်ဆိုင်သို့ ထွက်သွားကြ၏။
သို့ရာတွင် ဤအနီး ပတ်ဝန်းကျင်၌ လူများစွာ ရှိ၍ အလွန်ဆူညံနေရာ ကလေး ပျောက်သွားရန် လွယ်ကူသည်။ ထို့ကြောင့် ဇနီး ဖြစ်သူ၏ စကားကိုကြားသောအခါ ဦးလေးကြီး၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားတော့၏။
ကျင်းယွင်ကျောင်းသည်လည်း အစောပိုင်းက ထိုကလေးအား တွေ့ဖူးလိုက်သည်။ ပျောက်သွားသည့်ကလေးသည် လေး၊ ငါးနှစ် အရွယ် ဖြစ်၍ အကြီးဆုံးသားမှာလည်း သိပ်အသက်မကြီးသေးဘဲ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိသေး၏။ ယခုအချိန်၌ ထိုအကြီးဆုံးကလေးသည် မိခင်ဖြစ်သူ၏ လက်ကိုဆွဲထား၍ အနည်းငယ် ကြောက်ရွံ့နေပုံပေါ်ကာ အဆက်မပြတ် ငိုယိုနေသည်။
ထိုမိသားစု ပြဿနာ ဖြစ်နေသည်ကို မြင်သောအခါ ဝူစစ်စစ်သည် အခြေအနေကို အခွင့်ကောင်းယူ၍ ခေါင်းငုံ့ကာ ခပ်မြန်မြန် လှည့်ထွက်သွားတော့၏။
"ဘာတွေဖြစ်နေတာလဲ။ ရှောင်ကျယ့်က ဘယ်မှာလဲ။ မင်း ခုနတုန်းက ကလေးကို စောင့်ကြည့်နေတာ မဟုတ်ဘူးလား"
ဦးလေးကြီးက အမောတကော မေးလိုက်သည်။
ထိုအခါ အမျိုးသမီးကြီး၏ မျက်နှာက စိုးရိမ်မှုများအပြည့်ဖြင့် နီရဲလာပြီး ...
"ကျွန်မ, မသိဘူး၊ သူတို့နှစ်ယောက်က မုန့်စားချင်တယ်ဆိုလို့ ကျွန်မ ပိုက်ဆံသွားရှင်းတာ၊ ဒါပေမယ့် ဆိုင်ရှင်က ကျွန်မကို ခဏစောင့်ခိုင်းထားတယ်။ ပိုက်ဆံ ရှင်းပြီးသွားလို့ ပြန်လည်း လှည့်ကြည့်လိုက်ရော ကလေး မရှိတော့ဘူး။ ဒါကြောင့် ကျွန်မက သူ ရှင်တို့ဆီ ပြန်ပြေးသွားတယ် ထင်လိုက်တာ"
ထိုစကားကို ကြားသောအခါ မိသားစုတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွား၏။
"မြန်မြန် ရှာကြပါ။ အမလေး..ငါ့ မြေးလိမ္မာလေးရေ..."
အဖွားအိုသည် တစ်ကိုယ်လုံး တုန်လာ၍ အသံများပါ တုန်ယင်လာပြီး အစောပိုင်းက မြေးဖြစ်သူပျောက်သွားသည့်နေရာသို့ လျှောက်သွားခဲ့သည်။