Chapter 453 : အပြောင်းအလဲမြန်ခြင်းထိုမြင်ကွင်းသည် သိပ္ပံရုပ်ရှင်ကားထဲမှ အလွန် မြင်ရခဲသည့် ဇာတ်ကွက်တစ်ခုနှင့်ပင် တူနေသည်။ ဗင်ကား မောင်းသူသည်လည်း မှင်သက်ဆွံ့အ နေ၍ ဘေးရှိ ခရီးသည်ခုံပေါ်သို့ ရောက်လာသည့် လူအပို မိန်းကလေးက သူ့အား ချက်ချင်းပင် လည်ဖြတ်ပစ်တော့မည်အလား အေးတိအေးစက် ကြည့်နေ၏။
ထို့နောက် ဗင်ကားသည် ရုတ်တရက် လမ်းဘေးသို့ ထိုးရပ်သွားတော့သည်။
ကားမောင်းသူသည် အသက်သုံးဆယ်ခန့် ရှိ၍ နောက်ခုံတွင်မူ ကလေးချီထားသည့် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။ တစ်ဖက်လူသည် အလွန်တုန်လှုပ် ခြောက်ခြားနေပုံရသော်လည်း ရွေးခြယ်စရာ မရှိ၍ ကားထဲမှ ထွက်ကာ ညှိနှိုင်းချင်နေသည်။
ထိုအခါ ကျင်းယွင်ကျောင်းသည် ကားထဲမှ ခုန်ထွက်၍ ကားမှန်ကို ထပ်မံ ရိုက်ခွဲလိုက်ပြီး လူအများ၏ အာရုံကို ဆွဲဆောင်လိုက်၏။ ထိုအချိန်ကျမှ အမျိုးသား ဖြစ်သူသည် ကားထဲမှ ထွက်လာပြီး အပြစ်ကင်းစင်သည့် မျက်နှာထားဖြင့် ပြောလာ၏။
"မိန်းကလေး...မင်း ငါတို့နဲ့ ဘာကိစ္စရှိလို့လဲ။ ဘာကြောင့် ဒီလို အန္တရာယ်ရှိတဲ့ ကိစ္စမျိုးတွေ လုပ်နေရတာလဲ။ ဘာကြောင့်လဲ"
တစ်ဖက်လူ၏ သဘောထားသည် အဆိုးကြီး မဟုတ်သော်လည်း အနည်းငယ် ထိတ်လန့်နေပုံရသည်။
ထိုအခါ ကျင်းယွင်ကျောင်းက အမျိုးသမီး၏ လက်ထဲရှိ ကလေးအား စိုက်ကြည့်လိုက်ပြီး အေးတိအေးစက် ပြောလိုက်၏။
"ကျွန်မကို ကလေးပြန်ပေး"
စကားကို ကြားသောအခါ တစ်ဖက်လူသည် ရင်တစ်ချက် ဆောင့်ခုန်သွား၍ မလုံမလဲဖြစ်ကာ ထိတ်လန့်သွားသည်။
သူတို့သည် ဤကဲ့သို့သော ကိစ္စမျိုးကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်ပေ။ ယခုကဲ့သို့ အားလပ်ရက်များသည် သူတို့အတွက် လှုပ်ရှား၍ အကောင်းဆုံးအချိန် ဖြစ်၏။ ခိုးလာသည့် ကလေးအား အနည်းငယ် အဝတ်အစား ပြောင်းပေးရုံနှင့်ပင် ဖွက်လာနိုင်ပြီး ဘယ်သောအခါမှ အမှားအယွင်း မရှိဖူးပေ။ သို့ရာတွင် ဤတစ်ကြိမ်၌ မိန်းကလေးငယ်လေး တစ်ယောက်ထံမှ လိုက်အဖမ်းခံနေရသည်လား။